အရွယ်မရောက်သေးသူကို အုပ်ထိန်းသူ၏ သဘောတူညီချက်မရှိဘဲ ခေါ်ဆောင်သွားပါက လူခိုးမှုမြောက်ခြင်း

by | Mar 4, 2016 | Criminal, Lawpost | 0 comments

ရာဇသတ်ကြီး ပုဒ်မ ၃၆၁ တွင် မည်သူမဆို၊ ဥပဒေနှင့်အညီ အုပ်ထိန်းသူ၏ထိန်းသိမ်းခြင်းမှ အသက်ဆယ့်လေးနှစ်အောက်
ယောင်္ကျားကလေးကိုဖြစ်စေ၊ အသက်တစ်ဆယ့်ရှစ်နှစ်အောက် မိန်းကလေးကိုဖြစ်စေ၊ စိတ်ပေါ့သွပ်သူကိုဖြစ်စေ ထိုအုပ်ထိန်းသူကသဘောမတူဘဲ ဆောင်ယူလျှင်၊ သို့တည်းမဟုတ် ဖြားယောင်းခြင်းအားဖြင့် ထွက်သွားစေလျှင်၊ထိုအရွယ်မရောက်သေးသူကို၊ သို့တည်းမဟုတ် ထိုစိတ်ပေါ့သွပ်သူကို ဥပဒေနှင့်အညီ အုပ်ထိန်းသူထံမှ ခိုးယူသည်မည်၏။

ရှင်းလင်းချက်
။       ။ ဤပုဒ်မ၌ “ဥပဒေနှင့်အညီ အုပ်ထိန်းသူ”ဆိုသော စကားများတွင်ဆိုခဲ့သော အရွယ် မရောက်သေးသူကို၊ သို့တည်းမဟုတ် အခြားသူကို ထိန်းသိမ်းစောင့်ရှောက်ရန်ဖြစ်စေ၊ အုပ်ထိန်းရန်ဖြစ်စေ ဥပဒေ နှင့်အညီ အပ်နှံခံရသူလည်းပါဝင်သည်။

ကင်းလွတ်ချက်
။       ။ မိမိသည် တရားမဝင်သောကလေး၏ အဘဖြစ်သည်ဟု သဘောရိုးဖြင့် ယုံကြည်သော သူ၏ ပြုလုပ်မှုသည်၊ သို့တည်းမဟုတ် ထိုကလေးကို ဥပဒေနှင့်အညီ မိမိအုပ်ထိန်းပိုင်ခွင့်ရှိသည်ဟု သဘောရိုးဖြင့် ယုံကြည်သောသူ၏ပြုလုပ်မှုသည် အကျင့်ဖောက်ပြားသောကိစ္စအလို့ငှာဖြစ်စေ၊ ဥပဒေနှင့်ဆန့်ကျင်သော ကိစ္စ အလို့ငှာဖြစ်စေပြုသော ပြုလုပ်မှုမဟုတ်လျှင်၊ ဤပုဒ်မနှင့်မသက်ဆိုင်စေရ။

ရာဇသတ်ကြီးကို
ပြင်ဆင်သည့် ဥပဒေ ( ၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၆ ) အရ မိန်းကလေး၏ အသက်ကို အသက် ဆယ့်ခြောက်နှစ်အောက်မှ အသက်တစ်ဆယ့်ရှစ်နှစ်အောက် အဖြစ်ပြောင်းလဲ သတ်မှတ်ထားပါသည်။

ဤပုဒ်မ၏ ရည်ရွယ်ချက်မှာ အရွယ်မရောက်သေးသူနှင့် စိတ်ပေါ့သွပ်သူများအား အကာအကွယ်ပေးရန် ဖြစ်သကဲ့သို့ ဥပဒေနှင့်အညီ အုပ်ထိန်းသူ၏ အခွင့်အရေးကိုလည်း မဆုံးရှုံးစေရန်ဖြစ်ပါသည်။

ဤပုဒ်မအရ အရွယ်မရောက်သေးသူမှာ ယောင်္ကျာလေးဖြစ်က အသက် ၁၄ နှစ်အောက် ဖြစ်ရမည်ဖြစ်ပြီး မိန်းကလေးဖြစ်က အသက် ၁၈ နှစ် အောက် ဖြစ်ရမည်ဖြစ်ပါသည်။

ဤပုဒ်မတွင်
သတ်မှတ်ထားသည့် အသက်အောက်သို့ ရောက်နေကြောင်း အထောက်အထားတင်ပြလာပါက အရွယ်ရောက်ပြီးဖြစ်သည်ဟု သဘောရိုးဖြင့် ယုံကြည်ကာ ခိုးယူခြင်းဖြစ်ကြောင်း တရားခံအနေဖြင့် ထုချေခြင်းမပြုနိုင်ကြောင်း
( ပြည်ထောင်စု မြန်မာနိုင်ငံနှင့် မောင်မိုး (ခေါ်) မောင်သိန်း ၊ ၁၉၆၆ မြန်မာနိုင်ငံစီရင်ထုံး စာ – ၁၂၁၄ ) တွင် ဖော်ပြထားပါသည်။
အရွယ်မရောက်သေးသူက သဘောတူစေကာမူ အုပ်ထိန်းသူ၏ သဘောတူညီချက်မရှိလျှင် ပြစ်မှုမြောက်သည်။

လူခိုးမှုအတွက်ပြစ်ဒဏ်
ရာဇသတ်ကြီး ပုဒ်မ ၃၆၃ တွင်

မည်သူမဆို၊
တဦးတယောက်သောသူအား၊ ပြည်ထောင်စုမြန်မာနိုင်ငံမှအပသို့ဖြစ်စေ၊ ဥပဒေနှင့်အညီ  အုပ်ထိန်းသူထံမှဖြစ်စေ ခိုးယူလျှင်၊ ထိုသူကို ခုနစ်နှစ်ထိ ထာင်ဒဏ်တမျိုးမျိုးချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။

အရွယ်မရောက်သေးသော မိန်းကလေးသည် တရားခံအိမ်သို့သွား၍ ၎င်းကို ခိုးပြေးရန် ပြောသည် တရားခံက သဘောမတူခဲ့လျှင် ၎င်း၏ မိဘများထံမှ ထွက်သွားရန် အကြံမရှိ၍ ၎င်းသည် အုပ်ထိန်းသူ၏ အုပ်ထိန်းမှုအောက်တွင် ရှိနေသဖြင့် ၎င်းအား ခေါ်သွားသည့်အတွက် တရားခံသည် လူခိုးမှုကျူးလွန်သည်
( ၁၉၀၇-၀၉ အထက်မြန်မာ အတွဲ ၁၊ ရာဇသတ် ၂၇)။

တရားခံသည် အရွယ်မရောက်သေးသည့် မိန်းကလေးနှင့်ချိန်းတွေ့ပြီး ထွက်ပြေးကြသည်။
မိန်းကလေးသည် အုပ်ထိန်းသူထံပြန်လာရန် ရည်ရွယ်ချက်မရှိသော်လည်း အုပ်ထိန်းသူ၏ ထိန်းသိမ်းမှုအောက်မှ ဆောင်ယူရာတွင် တရားခံ၏ ပယောဂကြောင့် ထင်ရှားနေသဖြင့် ဤပုဒ်မအရ ပြစ်မှုမြောက်သည်။
[ တေလှနှင့် အစိုးရ ၁၉၀၇ – ၀၉၊ အတွဲ ၁ အထက်မြန်မာပြည်စီရင်ထုံး ၁၀ (ပြစ်မှုဆိုင်ရာ) ]

တရားခံ၏ ပယောဂကြောင့် အရွယ်မရောက်သေးသူသည် အုပ်ထိန်းသူ၏ ထိန်းသိမ်းခြင်းမှ ထွက်ခွာစေခြင်း၊ ထွက်ခွာရန် ကူညီခြင်း ဖြစ်လျှင် လူခိုးမှုမြောက်မည်ဖြစ်ပါသည်။

ကိုးကားချက်များ
၁။ ဦးသက်ဖေ၊ ပြစ်မှုဆိုင်ရာဥပဒေ၏သိကောင်းစရာများ
၂။ ဦးမြ၊ လက်တွေ့ စွယ်စုံ ဥပဒေ