၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေအရ အလုပ်တွင်ထိခိုက်ဒဏ်ရာရရှိမှုဖြစ်ပေါ်ခဲ့လျှင် ဒဏ်ရာရရှိသူ အာမခံအလုပ်သမားတစ်ဦးသည် လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ပြီး ထည့်ဝင်ကြေး ကာလအပိုင်းအခြား ကန့်သတ်ချက်မရှိဘဲ အလုပ်တွင် ထိခိုက်ဒဏ်ရာရမှု အကျိုးခံစားခွင့်ကို ဥပဒေ ပုဒ်မ ၅၅၊ ၅၈၊ ၆၂ နှင့် နည်းဥပဒေ အပိုဒ် ၁၈၁၊ ၁၉၂၊ ၁၉၆ တို့နှင့်အညီ ရရှိခံစားနိုင်မည်ဖြစ်ပါသည်။

အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးခဲ့ပါက နာရေးစရိတ်နှင့် ကျန်ရစ်သူအကျိုးခံစားခွင့်ကို မှတ်ပုံတင်ကာလနှင့် ထည့်ဝင်ကြေးကာလ လပေါင်း ၆၀ နှင့် အောက်ရှိပါက ပျမ်းမျှလုပ်ခ တစ်လစာ၏ အဆ ၃၀ ကို ကျန်ရစ်သူ အကျိုးခံစားခွင့်အဖြစ် ရရှိပါသည်။ ဆက်လက်၍ ထည့်ဝင်ကြေးကာလ လပေါင်း ၆၀ အထက် ၁၂၀ နှင့်အောက်ပေးသွင်းပြီးဖြစ်ပါက ပျမ်းမျှလုပ်ခတစ်လစာ၏ အဆ ၅၀၊ လပေါင်း ၁၂၀ အထက်မှ လပေါင်း ၂၄၀ နှင့်အောက် ပေးသွင်းပြီးဖြစ်ပါက ပျမ်းမျှလုပ်ခတစ်လစာ၏ အဆ ၆၀ ၊ လပေါင်း ၂၄၀ အထက် ထည့်ဝင်ကြေး ပေးသွင်းပြီးဖြစ်ပါက ပျမ်းမျှလုပ်ခတစ်လစာ၏ အဆ ၈၀ အကျိုးခံစားခွင့် ခွင့်ရရှိမည်ဖြစ်ပါသည်။

အလုပ်တွင် ထိခိုက်ဒဏ်ရာရရှိမှုဖြစ်ပေါ်ခဲ့ပါက အလုပ်သမားသည် လူမှုဖူလုံရေးဥပဒေအရ အာမခံကြေး ရရှိနိုင်မှု ရှိ / မရှိ ကို ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေပုဒ်မ ၂ (စ) တွင် အလုပ်တွင်ထိခိုက်မှု ဟူသည့် စကားရပ်အဓိပ္ပာယ် ဖွင့်ဆိုချက်ပေါ်မူတည်ကာ အာမခံကြေးများရရှိသည်ကို တွေ့ရှိရပါသည်။

အလုပ်တွင်ထိခိုက်မှု ဆိုသည်မှာ အလုပ်သမားသည် အလုပ်ခွင်အတွင်းနှင့် အလုပ်ခွင်ပြင်ပတွင် အလုပ်ကို အကြောင်းပြု၍ ဖြစ်စေ၊ အလုပ်တာဝန်နှင့် ဆက်စပ်၍ ဖြစ်စေ၊ အလုပ်ရှင်၏အကျိုးငှာ အခြားလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖြစ်စေ၊ အလုပ်တာဝန် ထမ်းဆောင်ရန်အလုပ်ခွင်သို့ အသွား သို့မဟုတ် အလုပ်ခွင်မှအပြန် လမ်းခရီးတွင် ဖြစ်စေ ဖြစ်ပေါ်သော မတော်တဆ ထိခိုက်ဒဏ်ရာ ရရှိမှု၊ သေဆုံးမှု သို့မဟုတ် အလုပ်နှင့်ဆိုင်သည့် ရောဂါရရှိမှုကိုဆိုသည်။ ယင်းစကားရပ်တွင် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် စပ်လျဉ်းသည့်အမိန့်နှင့် ညွှန်ကြားချက်များ၊ စည်းမျဉ်း စည်းကမ်းများကို လိုက်နာရန် တမင် ပျက်ကွက်ခြင်းကြောင့့်် ရရှိသည့် ထိခိုက်မှု သော်လည်းကောင်း၊ စီမံထားရှိသည့် ဘေးအန္တရာယ် အကာအကွယ်၊ အတားအဆီး ပစ္စည်းကိရိယာများကို ဖယ်ရှားခြင်း သို့မဟုတ် အသုံးမပြုခြင်းကြောင့် ရရှိသည့် ထိခိုက်မှုသော်လည်းကောင်း၊ အရက်သေစာ သောက်စားမှု သို့မဟုတ် မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ရရှိသည့် ထိခိုက်မှုသော်လည်းကောင်း မပါဝင် ဟုဖော်ပြထားသည်ကို တွေ့ရပါသည်။

အလုပ်တွင်ထိခိုက်မှု ဟုတ်/မဟုတ်ဆိုသည်မှာ
(က) သေဆုံးသူသည် သေဆုံးအချိန်၌ အာမခံထားသူ သို့တည်းမဟုတ် အာမခံထားရမည့်သူ ဟုတ်/မဟုတ်
(ခ) လုပ်ငန်းခွင်တွင် ထိခိုက်မိခြင်းဖြစ်ပါက အလုပ်ကိုအကြောင်းပြု၍ ထိခိုက်ခြင်း ဟုတ်/မဟုတ် အလုပ်ကို အကြောင်းပြု၍ ထိခိုက်ခြင်းကြောင့် သေဆုံးခြင်း ဟုတ်/မဟုတ်
(ဂ) လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် စပ်လျဉ်းသည့် အမိန့်နှင့် ညွှန်ကြားချက်များ၊ စည်းမျဉ်း စည်းကမ်းများကို လိုက်နာရန် တမင်ပျက်ကွက်ခြင်းကြောင့် ရရှိသည့်ထိခိုက်မှု ဟုတ်/မဟုတ်
(ဃ) လုပ်ငန်းခွင်တွင် ထိခိုက်မှုဖြစ်ပါက စီမံထားရှိသည့် ဘေးအန္တရာယ် အကာကွယ်အတားအဆီး ပစ္စည်းကိရိယာများ ဖယ်ရှာခြင်း (သို့မဟုတ်) အသုံးမပြုခြင်းကြောင့် ရရှိသည့် ထိခိုက်မှု ဟုတ် / မဟုတ်
(င) လုပ်ငန်းခွင်ပြင်ပတွင် ဆိုင်ကယ် (သို့မဟုတ်) ကားဖြင့် လည်းကောင်း၊ အခြားသော အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့လျှင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာခြင်း ရှိ / မရှိ၊ အရက်သေစာ သောက်စားထားခြင်း ရှိ / မရှိ၊ မူးယစ်ဆေးဝါးသုံးစွဲထားခြင်း ရှိ / မရှိ
(စ) လုပ်ငန်းခွင်ပြင်ပတွင် ကားဖြင့်ထိခိုက်မှုဖြစ်ပါက မိမိကားလမ်းကြောင်း မှန်ကန်မှု ရှိ / မရှိ၊ ထိခိုက်မှုဖြစ်ပွားရာ နယ်မြေသည် အလုပ်ရှင်မှ တာဝန်ပေးချက်အရ သွားရောက်ခြင်း ဟုတ် / မဟုတ်
(ဆ) ရုံးတက် / ရုံးဆင်းပြုလုပ်ရာမှ လမ်းခရီးတွင် ကား / ဆိုင်ကယ်ဖြင့် လည်းကောင်း၊ အခြားသော အကြောင်းအမျိုးမျိုးကြောင့် ထိခိုက် / သေဆုံးခဲ့လျှင်လည်းကောင်း ပုံမှန်အသုံးပြုလျက်ရှိသော လမ်းကြောင်း ဟုတ် / မဟုတ်
(ဇ) အသုံးပြုသော ယာဉ်သည် အလုပ်ရှင်က ခွင့်ပြုချက်အရ အသုံးပြုသည့်ယာဉ် ဟုတ် / မဟုတ်
(ဈ) အသိသက်သေ (၂) ဦးကို စစ်ဆေးမေးမြန်းရာတွင် ဒဏ်ရာရရှိသူနှင့် လုပ်ငန်းခွင် တစ်ခုတည်းတွင် တာဝန်ထမ်းဆောင်နေခြင်း ရှိ/မရှိ
(ည) လုပ်ငန်းခွင်၏ တာဝန်ချိန်၊ အဆိုင်းခွဲထားပါက တာဝန်ချိန်အဆိုင်းများကို အထောက်အထားများဖြင့် တင်ပြထားမှု ရှိ / မရှိ
(ဋ္ဋ) ထိခိုက်မှုဖြစ်ပွားရာအချိန်သည် သတ်မှတ်တာဝန်ချိန် ဟုတ် / မဟုတ် စသည့်အချက်များပေါ်တွင် မူတည်သည်ကို တွေ့ရပါသည်။

ထို့ကြောင့် အလုပ်ခွင်တွင် ထိခိုက်ဒဏ်ရာရရှိမှုဖြစ်ပေါ်ခြင်းသည် အထက်ဖော်ပြအချက်များတွင် ပါဝင်ခြင်း ရှိမရှိဆိုသည့်အချက်သည် အဓိကျသည်ကို တွေ့ရပါသည်။

ရုံးဝန်ထမ်းများအား ဖယ်ရီကားဖြင့် ပို့ဆောင်ရာ ကားပျက်ခဲ့သောကြောင့် ဆိုင်ကယ်ဖြင့် ဝန်ထမ်းအား ပြန်လိုက်ပို့ရာတွင် အပြန်လမ်းတွင် ဆိုင်ကယ်မတော်တဆ ထိခိုက်မှုဖြင့် ပြင်းထန်စွာ ဒဏ်ရာရရှိပြီး သေဆုံးခဲ့ရာ မှုခင်းဆရာဝန်၏ စစ်ဆေးချက်အရ အရက်သေစာ သောက်စားထားကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေ ပုဒ်မ ၂ (စ) နှင့် ကိုက်ညီမှုမရှိသဖြင့် ငြင်းပယ်ခဲ့ရခြင်းနှင့် အလုပ်ဆင်းပြီး လုပ်ငန်းခွင်မှ အပြန်လမ်းတွင် ဆိုင်ကယ်တိမ်းမှောက်၍ ဒဏ်ရာရရှိပြီး ခေါင်းတွင်သွေးခဲရောဂါဖြင့် သေဆုံးခဲ့သည်ကို စစ်ဆေးရာ တွေ့ရှိချက်များအရ ဆိုင်ကယ်ဦးထုပ် ဆောင်းထားခြင်းမရှိသည်ကို တွေ့ရသောကြောင့် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေ ပုဒ်မ ၂ (စ) နှင့် ကိုက်ညီမှု မရှိသဖြင့် ငြင်းပယ်ခဲ့ရသည်ကိုလည်း တွေ့ရပါသည်။

၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေအရ မှတ်ပုံမတင်မနေရ မှတ်ပုံတင်ရမည့် လုပ်ငန်းဌာနများတွင် အလုပ်ရှင်မှ အလုပ်သမားများအား မှတ်ပုံတင်ရန် ပျက်ကွက်ပါက ထိုသို့ ပျက်ကွက်သည့် အလုပ်သမားနှင့် မှီခိုသူမိသားစုများအား ဥပဒေပါ အကျိုးခံစားခွင့်များကို ဆုံးရှုံးနစ်နာမှုမရှိစေရန် ဥပဒေပုဒ်မ ၆၉ နှင့် နည်းဥပဒေ ၂၀၀ တို့တွင် အောက်ပါအတိုင်း ဖော်ပြထားပါသည်။

(က) ဥပဒေပုဒ်မ ၁၆ နှင့် ပုဒ်မ ၄၈ တို့အရ မှတ်ပုံတင်ခဲ့သော အလုပ်ရှင်ကသော်လည်းကောင်း၊ မှတ်ပုံတင်ရန် တာဝန်ရှိသော အလုပ်ရှင်ကသော်လည်းကောင်း ထည့်ဝင်ကြေးငွေများ ပေးသွင်းခြင်းမပြုစေကာမူ သို့မဟုတ် အလုပ်သမား၏ လုပ်ခထဲမှ ထည့်ဝင်ကြေးငွေကို နုတ်ယူပေးသွင်းခြင်း မပြုစေကာမူအာမခံထားသူသည် လည်းကောင်း၊ အာမခံထားသူ သေဆုံးပြီးနောက် ထိုသူက အမည်စာရင်းပေးသွင်းခြင်းခံရသူ သို့မဟုတ် ထို့သို့ အမည် စာရင်းပေးသွင်းခြင်း မရှိခဲ့လျှင် ထိုသူအား မှီခိုသူသည်လည်းကောင်း ဤဥပဒေပါ အကျိုးခံစားခွင့်များကို ရထိုက်ခွင့်ရှိစေရမည်။

(ခ) ထည့်ဝင်ကြေးငွေ ပေးသွင်းရန် ပျက်ကွက်သည့် အလုပ်ရှင်သည် ပုဒ်မ ၁၇ နှင့် ပုဒ်မ ၅၀ တို့အရ ပေးသွင်းရမည့် ထည့်ဝင်ကြေးငွေများနှင့် ပုဒ်မ ၈၈ အရ သတ်မှတ်ထားသော ပျက်ကွက်ကြေးကိုပါ ပေးသွင်းရမည့်အပြင် အာမခံထားသူအား ပေးရမည့် အကျိုးခံစားခွင့်များနှင့် ကုန်ကျစရိတ် အားလုံးကိုလည်း ကျခံရမည်။

သို့ဖြစ်ပါ၍ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေအရ လုပ်ငန်းခွင် အတွင်း / အပြင်များတွင် လုပ်ငန်းခွင်ဖြင့် ဆက်စပ်၍ အလုပ်တွင် ထိခိုက်မှုကြောင့် အမြဲမသန်းမစွမ်းဖြစ်သူများအတွက် ဥပဒေပုဒ်မ ၅၈ အရ လည်းကောင်း၊ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးသူများအတွက် ဥပဒေပုဒ်မ ၆၂ (က) အရ လည်းကောင်း၊ ဥပဒေပုဒ်မ ၆၉၊ နည်းဥပဒေ ၂၀၀ တို့နှင့်အညီ အလုပ်ရှင်များမှ လူမှုဖူလုံရေးအဖွဲ့ကိုယ်စား အာမခံထားသူနှင့် ကျန်ရစ်သူမိသားစုအား အကျိုးခံစားခွင့်များကို ကျခံထုတ်ပေးရပါသည်။

ထို့ကြောင့် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေသည် အလုပ်သမားများ၏ ကျန်းမာရေးနှင့် လူမှုရေး လိုအပ်ချက်များကို ဖြည့်စည်းနိုင်ရေးအတွက် အလုပ်ရှင်၊ အလုပ်သမားနှင့် နိုင်ငံတော်က စုပေါင်းအာမခံပြီး နိုင်ငံတော်၏ အဓိက ကုန်ထုတ်စွမ်းအားစုဖြစ်သော အလုပ်သမားများ၏ လူမှုဘဝလုံခြုံရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများကို ပိုမိုခံစားရရှိစေမည်ဖြစ်ပါသည်။