စာချွန်တော်

by | May 17, 2017 | General, Lawpost | 0 comments



၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၉၆ အရ စာချွန်တော်အမိန့်များ ထုတ်ပိုင်ခွင့် အာဏာကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အပ်နှင်းထားပါသည်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့သာ စာချွန်တော်အမိန့်ထုတ်ဆင့်ပေးနိုင်ရန်အတွက် လျှောက်ထားနိုင်ပါသည်။


၂၀၁၄ ခုနှစ်၊ စာချွန်တော်အမိန့်လျှောက်ထားမှုဆိုင်ရာဥပဒေ ပုဒ်မ ၂ (ခ) အရ စာချွန်တော်အမိန့် ဆိုသည်မှာ ရှေ့တော်သွင်းစာချွန်တော်အမိန့်၊ အာဏာပေးစာချွန်တော်အမိန့်၊ တားမြစ်စေစာချွန်တော်အမိန့်၊ အာဏာပိုင်မေးစာချွန်တော်အမိန့်နှင့် အမှုခေါ်စာချွန်တော်အမိန့်တို့ကိုဆိုပါသည်။


ရှေ့တော်သွင်းစာချွန်တော်အမိန့် ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတရားရုံး တစ်ရုံးရုံး သို့မဟုတ် အခွင့်အာဏာရှိသော အဖွဲ့အစည်းတစ်ခုခုက ဖြစ်စေ၊ ထိန်းသိမ်းချုပ်နှောင်ထားသူကို စာချွန်တော်ရုံးသို့ ခေါ်ဆောင်စေပြီး ဥပဒေနှင့်အညီ ချုပ်နှောင်ထားခြင်း ရှိ မရှိ စိစစ် ကြားနာ၍ ဥပေဒနှင့် ညီညွတ်ခြင်း ရှိ မရှိ ရေးသားထုတ်ပြန်သည့် အမိန့်စာကိုဆိုသည်။


အာဏာပေးစာချွန်တော်အမိန့် ဆိုသည်မှာ တရားဝင်အခွင့်အာဏာရှိသူ တစ်ဦးဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုက ဖြစ်စေ၊ အစိုးရဌာနတစ်ခုခုက ဖြစ်စေ အပ်နှင်းထားသော လုပ်ပိုင်ခွင့်နှင့်အညီ လိုက်နာဆောင်ရွက်ရန် ပျက်ကွက်မှုအား ဥပေဒနှင့်အညီ လိုက်နာဆောင်ရွက်စေရန် ရေးသားထုတ်ပြန်သည့် အမိန့်စာကိုဆိုသည်။


အာဏာပေးစာချွန်တော်အမိန့်သည် ပြည်သူ့တာဝန်ဝတ္တရားနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ မည်သည့်လူပုဂ္ဂိုလ် (သို့မဟုတ်) ဌာနအဖွဲ့အစည်း (သို့မဟုတ်) လက်အောက်ခံတရားရုံးတို့ကိုမဆို ယင်းတို့၏ ဆောင်ရွက်ရန်လိုအပ်သော ဌာနဆိုင်ရာ သီးခြားကိစ္စရပ်တချို့အား လုပ်ဆောင်စေရေးအတွက် တိုက်ရိုက်အာဏာပေးညွှန်ကြားသည့် ပုံသဏ္ဍန်တစ်ရပ်ဖြစ်ကြောင်း ဥပဒေပညာရှင် Prem ၏ “Law of Habeas Corpus, Certiorari, Mandamus and Emergency Legislation” ဥပဒေကျမ်း စာမျက်နှာ ၃၅၄ တွင် ဖွင့်ဆိုထားပါသည်။


ထို့ပြင် နမ္မတူအလုပ်သမားများသမဂ္ဂနှင့် မြန်မာ့စက်မှုလုပ်ငန်းဆိုင်ရာ အနုညာတခုံရုံး ပါ၂ ဦး အမှုတွင် အာဏာပေးစာချွန်တော်အမိန့်သည် အာဏာပိုင်အဖွဲ့အစည်းက ဥပဒေနှင့်အညီ ထမ်းဆောင်ရန်ပျက်ကွက်သည့်  ၎င်း၏ ပြည်သူ့တာဝန်ဝတ္တရားဆိုင်ရာ ပျက်ကွက်မှုကို ဖြည့်ဆည်းဆောင်ရွက်စေရေးအတွက် တရားလွှတ်တော်ချုပ်က တိုက်ရိုက်ညွှန်ကြားနိုင်သည့် စာချွန်တော်အမိန့်တစ်ရပ်ဖြစ်ကြောင်း လမ်းညွှန်ထုံးဖွဲ့ထားပါသည်။


တားမြစ်စေစာချွန်တော်အမိန့် ဆိုသည်မှာ တရားရုံးတစ်ရုံးရုံး သို့မဟုတ် တရားစီရင်မှု သဘောသက်ဝင်သည့် ကိစ္စရပ်တစ်ခုခု၏ စီရင်ဆောင်ရွက်မှုတွင် စီရင်ခွင့်အာဏာ ကျော်လွန်၍ဖြစ်စေ၊ တရားမျှတမှုကို ဆန့်ကျင်၍ ဆောင်ရွက်ခြင်းမပြုရန် ရေးသားထုတ်ပြန်သည့် အမိန့်စာကိုဆိုသည်။


စီမံခန့်ခွဲမှုကိစ္စဆိုင်ရာ အကြောင်းကြားစာသည် တားမြစ်စေ စာချွန်တော်အမိန့် ထုတ်ဆင့်ပေးနိုင်သည့် ကိစ္စရမ်မျိုးမဟုတ်ဟု ၂၀၁၅ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ- ၈၇ တွင် ဖော်ပြထားပါသည်။


အာဏာပိုင်မေးစာချွန်တော်အမိန့် ဆိုသည်မှာ အစိုးရဌာနတစ်ခုခု သို့မဟုတ် အခွင့်အာဏာ အပ်နှင်းထားသည့် အဖွဲ့အစည်းတစ်ခုခုသည် တစ်ဦးတစ်ယောက် သို့မဟုတ် အများအပေါ်တွင် ထုတ်ပြန်ထားသည့် ဥပေဒ၊ နည်းဥပေဒ၊ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထား ခြင်း ရှိ မရှိ စိစစ် ကြားနာ၍ ဥပေဒနှင့်ညီညွတ် ခြင်း ရှိမရှိ ရေးသားထုတ်ပြန်သည့် အမိန့်စာကိုဆိုသည်။


အမှုခေါ်စာချွန်တော်အမိန့် ဆိုသည်မှာ တရားရုံးတစ်ရုံးရုံး သို့မဟုတ် တရားစီရင်မှု သဘောသက်ဝင်သည့် ကိစ္စရပ်တစ်ခုခု၏ ဆုံးဖြတ်ဆောင်ရွက်ချက်သည် ဥပေဒနှင့် ညီညွတ်မျှတမှုမရှိကြောင်း စိစစ်တွေ့ရှိရပါက ထိုဆုံးဖြတ်ဆောင်ရွက်ချက်ကို ဥပေဒနှင့်ညီညွတ်စေရန် ရေးသားထုတ်ပြန်သည့် အမိန့်စာကိုဆိုသည်။


အမှုခေါ်စာချွန်တော်အမိန့်လျှောက်တောင်းရာ၌ လျှောက်ထားသူသည် မိမိပယ်ဖျက်စေလိုသော သက်ဆိုင်ရာ အာဏာပိုင်၏ အမိန့်သည် မိမိ၏အခွင့်အရေးကို ထိခိုက်ကြောင်း သို့တည်းမဟုတ် မိမိအား အကျိုးမဲ့စေကြောင်းကို ထင်ရှားစွာ ပြရမည်ဖြစ်ပါသည်။


အကြောင်းခြင်းရာနှင့် သက်ဆိုင်သော ဆုံးဖြတ်ချက်မျိုးကို အမှုခေါ်စာချွန်တော်ဖြင့်ဝင်ရောက် စွက်ဖက်မည်မဟုတ်။ ၁၉၅၂ ခုနှစ်၊ မြန်မာနိုင်ငံ စီရင်ထုံးများ (တရားလွှတ်တော်ချုပ်) စာ-၁၉၄ ကိုရည်ညွှန်းပါသည်။


ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် မိမိလက်အောက် တရားရုံးတစ်ရုံးရုံးက ချမှတ်သည့် စီရင်ချက် သို့မဟုတ် အမိန့်တစ်ရပ်ရပ်သည် မိမိအား အပ်နှင်ထားခြင်းမရှိသည့် စီရင်ပိုင်ခွင့်အာဏာကို ကျင့်သုံးဆောင်ရွက်ထားကြောင်း တွေ့ရှိလျှင်ဖြစ်စေ၊ မိမိအား အပ်နှင်းထားသည့် စီရင်ပိုင်ခွင့်အာဏာကို ကျင့်သုံးရန်ပျက်ကွက်ကြောင်း တွေ့ရှိရလျှင်ဖြစ်စေ၊ အပေါ်ယံကြောကြည့်ရုံမျှဖြင့် မှားယွင်းသည့် အမိန့်တစ်ရပ်ဖြစ်ကြောင်း ထင်ရှားမြင်သာလျှင်ဖြစ်စေ ယင်းအမိန့်ကို အမှုခေါ်စာချွန်တော်အမိန့် ထုတ်ဆင့်ပယ်ဖျက်ခွင့်ရှိသည်။


လက်အောက်ခံတရားရုံးများ၏ ဆုံးဖြတ်ချက်အပေါ် အယူခံမှုတင်သွင်းခြင်း သို့မဟုတ် ပြင်ဆင်မှုလျှောက်ထား၍ အမြင့်ဆုံး တရားရုံးဖြစ်သော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဆုံးဖြတ်ပြီးဖြစ်ပါက အမြင့်ဆုံးတရားရုံး၏ ဆုံးဖြတ်ချက်အပေါ် အဆင့်တူ အမြင့်ဆုံး တရားရုံးက ကြီးကြပ်ကွပ်ကဲမှုအာဏာ သို့မဟုတ် ကြီးကြပ်မှုအာဏာကို သုံးစွဲ၍ စာချွန်တော်အမိန့်ဖြင့် ဝင်ရောက်စွက်ဖက်နိုင်မည် မဟုတ်ပေ။ (၂၀၁၅ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ- ၁၉၀)


စာချွန်တော်အား
ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ စာချွန်တော်အမိန့်လျှောက်ထားမှုဆိုင်ရာ
နည်းဥပဒေများ နှင့်အညီ တင်သွင်းလျှောက်ထားရပါမည်။
(၁) ထိခိုက်နစ်နာသူက ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ လျှောက်ထားရပါမည်။
(၂) လျှောက်ထားသူအမည်၊ လျှောက်ထားခံရသူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်း သို့မဟုတ် အစိုးရဌာန၏ အမည်ပါရမည်။
(၃) လျှောက်ထားလွှာပါကြောင်းအရာနှင့် ဆီလျော်သည့် စာချွန်တော်အမျိုးအစား ကိုဖော်ပြရမည်။
(၄)
လျှောက်ထားသူက ဥပဒေနှင့်အညီ မိမိရထိုက်ခွင့်ရှိသည့် သက်သာခွင့် သို့မဟုတ်
မိမိရဲ့ထိခိုက်နစ်နာ ဆုံးရှုံးမှုတို့ကို တိကျပြည့်စုံစွာ
ရေးသားဖော်ပြရပါမည်။
(၅) လျှောက်ထားလွှာနှင့်အတူ ကျမ်းကျိန်လွှာပါရမည်။



၂၀၁၄ ခုနှစ်၊ စာချွန်တော်အမိန့်လျှောက်ထားမှုဆိုင်ရာဥပဒေ ပုဒ်မ ၁၆ အရ အမှုခေါ်စာချွန်တော်အမိန့်နှင့် တားမြစ်စေ စာချွန်တော်အမိန့်တို့နှင့်စပ်လျဉ်း၍ လျှောက်ထားလွှာ တင်သွင်းရန် အကြောင်းပေါ်ပေါက်သည့်နေ့မှ နှစ်နှစ်အတွင်း လျှောက်ထားလွှာ တင်သွင်းခြင်း မပြုလျှင် စာချွန်တော်အမိန့် ထုတ်ပြန်ခြင်းမပြုရဟု ပြဌာန်းထားသည်ကို တွေ့ရပါသည်။




ကျမ်းကိုးစာရင်း
၁။ ၂၀၁၄ ခုနှစ်၊ စာချွန်တော်အမိန့်လျှောက်ထားမှုဆိုင်ရာဥပဒေ၊
၂။ ၁၉၆၂ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊
၃။ ၂၀၁၅ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊
၄။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ စာချွန်တော်အကြောင်း သိကောင်းစရာ    လက်ကမ်းစာစောင်