ငှားရမ်းခြင်းနှင့် ခွင့်ပြုခြင်း

ငှားရမ်းခြင်းနှင့် ခွင့်ပြုခြင်း

ငှားရမ်းခြင်းဆိုသည်မှာ အဖိုးစားနားရရှိသည့် အတွက် မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းတစ်ရပ်၏ အကျိုးခံစားခွင့်ကို ခံစားစေရန် လွှဲပြောင်းပေးခြင်းဖြစ်သည်။
( ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေ ပုဒ်မ ၁၀၅ )

ခွင့်ပြုခြင်းဆိုသည်မှာ တစ်ဦးတစ်ယောက်၏ မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းကို အခြားသူတစ်ဦးအား အကျိုးခံစားစေရန်ခွင့်ပြုရာ ထိုခွင့်ပြုချက်၌ အဆိုပါ မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းတွင် အကျိုးခံစားခွင့် မပါရှိလျှင် အခြားသူ၏ အကျိုးခံစားခြင်းသည် ဥပဒေနှင့် ဆန့်ကျင်မည်ဖြစ်လျှင် ထိုခွင့်ပြုချက်မျိုးကို License ဟုခေါ်သည်။ တစ်နည်းအားဖြင့်ဆိုလျှင် ပစ္စည်းကို အကျိုးခံစားရန် တစ်ဦးတည်း သီးခြားလက်ရှိ မရလျှင် License မျှသာဖြစ်သည်။

တစ်စုံတစ်ယောက်သည် အငှားယူသူလော သို့မဟုတ် ခွင့်ပြုချက်ရသူလော ဟူသော ပြဿနာတွင် ပစ္စည်းရှင်က ပစ္စည်းရယူသူအား တစ်ဦးတည်း သီးခြား လက်ရှိထားပိုင်ခွင့် ပေးလျှင် ထိုသူသည် ခွင့်ပြုချက်ရသူ ဖြစ်သည်။

အငှားယူသူသည် မိမိငှားထားသည့် ပစ္စည်းပေါ်တွင် အများကို ဆန့်ကျင်၍ရရှိသည့် အခွင့်အရေးရရှိသည့်အတွက် ၎င်းပစ္စည်းကို ကျူးကျော်လာသူအပေါ်တွင် အရေးယူနိုင်သော်လည်း ခွင့်ပြုချက် ရရှိသူသည် မိမိအားခွင့်ပြုထာားသည့် ပစ္စည်းပေါ်တွင် ကျူးကျော်လာသူကို အရေးယူပိုင်ခွင့် မရှိချေ။

အငှားယူသူ၏ အခွင့်အရေးသည် လွှဲပြောင်းနိုင်ခြင်း အမွေဆက်ခံခြင်း ရှိသော်လည်း ခွင့်ပြုချက်ရရှိသူ၏ အခွင့်အရေးမှာ လွှဲပြောင်းခွင့် အမွေဆက်ခံနိုင်ခွင့် မရှိချေ။

ငှားရမ်းခြင်းတွင် အငှားကို နှစ်ဦးသဘောတူနှင့် ပစ္စည်းလွှဲပြောင်းရေး ဥပဒေ ပုဒ်မ ၁၁၁ ပါ ပြဌာန်းချက်များ အရသာ ပြီးဆုံးခြင်းသို့ ရောက်ရှိနိုင်သည်။
ခွင့်ပြုချက်ရရှိသူကိုမူ ခွင့်ပြုသူက ခွင့်ပြုချက်ကို မိမိသဘောအလျောက် အချိန်မရွေး ပြီးဆုံးခြင်းသို့ ရောက်ရှိနိုင်သည်။

ငှားရမ်းခြင်းတွင် အငှားချထားသူနှင့် အငှားယူသူတစ်ဦးဦး သေဆုံးစေကာမူ ငှားရမ်းခြင်းကို မထိခိုက်သော်လည်း ခွင့်ပြုခြင်းတွင်မူ တစ်ဦးဦး သေဆုံးလျှင် ခွင့်ပြုချက် ပြီးဆုံးခြင်းသို့ ရောက်သည်။

အငှားချထားသည့်ကိစ္စတွင် အငှားချထားသည့် ပစ္စည်း၏ အကျိုးခံစားခွင့်ကို ငှားရမ်းသူအား အငှားချထားသူက လွှဲပြောင်းပေးသော်လည်း ခွင့်ပြုချက်ဖြင့် နေထိုင်သူမှာ ပစ္စည်းကို လက်ရှိဖြစ်စေကာမူ ပစ္စည်း၏ အကျိုးခံစားခွင့် အားလုံးကို ရရှိသူမဟုတ်ပေ။

ပစ္စည်းအပေါ် နေထိုင်ခွင့်ပြုသည့် စာချုပ်တွင် သုံးနှုန်းထားသည့် ငှားရမ်းသူ၊ နေထိုင်ခွင့်ပြုသူ ဆိုသည့် စကားရပ်များသည် ငှားရမ်းသူ ဟုတ်မဟုတ် ဆိုသည့် ကိစ္စကို ဆုံးဖြတ်ရာ၌ အရေးကြီးသည့် အချက်မဟုတ်ပေ။ စာချုပ်၌ နှစ်ဦးနှစ်ဖက် ထားရှိခဲ့သော ပဋိညာဉ်၏ အဓိကအချက် အလက်တို့ကို သုံးသပ်ကြည့်ရှုကာ ငှားရမ်းသူဖြစ်သလား၊ နေထိုင်ရန် ခွင့်ပြုထားသူ ဖြစ်သလားဆိုသည့် ပြဿနာကို ဆုံးဖြတ်ရသည်။

ငှားရမ်းသူ ဟုတ်မဟုတ် နေထိုင်ခွင့် ပြုထားသူ ဟုတ်မဟုတ် ဆိုသော ပြဿနာကို ဆုံးဖြတ်ရာ၌ နေထိုင်အသုံးပြုသူသည် ပစ္စည်းကို မိမိတစ်ဦးတည်း နေထိုင်အသုံးပြုခွင့် ရ မ ရ ဆိုသည့် အကြောင်းခြင်းရာမှာ လွန်စွာ အရေးကြီးသောအချက် ဖြစ်ပေသည်။
အငှားချထားသည့် ပစ္စည်းကို မိမိတစ်ဦးတည်း နေထိုင်အသုံးပြုခွင့် ရသူမှာ ငှားရမ်းသူဖြစ်ပြီး နေထိုင်ရန် ခွင့်ပြုထားသူမှာ ငှားရမ်းသူကဲ့သို့ ပစ္စည်းကို မိမိတစ်ဦးတည်း နေထိုင် အသုံးပြုခွင့် မရှိပေ။

အခန်း၏ တစ်စိတ်တစ်ဒေသကို တစ်လလျှင် ကော်မရှင်ကျပ် ၁၀၀ နှုန်းဖြင့် အသုံးပြုရန် ခွင့်ပြုခဲ့ပြီး ထိုတစ်စိတ်တစ်ဒေသ အပေါ်၌ အယူခံ တရားလိုက ဗီရိုများ အခိုင်အမာပြုလုပ်ကာ မိမိတစ်ဦးတည်း အသုံးပြုခဲ့လျှင် အယူခံတရားလိုသည် ငှားရမ်းသူဖြစ်သည်ဟု ယူဆရန်အကြောင်း ပေါ်ပေါက်နေပေသည်။
ဂူဘာချန်ဆင်နှင့် ဖာနန်ဒို ၁၉၅၁ မြန်မာပြည် စီရင်ထုံး ၂၅၅ ( လွှတ်တော်ချုပ် )

သို့ရာတွင် အခန်းထဲ၌ နေထိုင်သူ၏ မိသားစုနေထိုင်ခွင့် မရှိသည့်အပြင် ထမင်းဟင်းလျာ ချက်မစားရဟု ပိတ်ပင်ထားသည် သာမက သတ်မှတ်ထားသည့် အချိန်ကျော်လွန်က ဝင်ခွင့်မရသည့် နေထိုင်သူသည် အခန်း၏ အကျိုးခံစားခွင့် အားလုံးကို ရရှိသူမဟုတ်သည့် အလျောက် အိမ်ငှားမဖြစ်နိုင်ပေ။ နေထိုင်ခွင့်ပြုထားသူသာ ဖြစ်ပေသည်။
အဆောင်ရှိအခန်း၌ နေထိုင်ခွင့် ပြုသည့်အတွက် ပေးရငွေမှာ၊ ငှားရမ်းခမဟုတ်ဘဲ အဆောင်တည်းခိုခသာဖြစ်သည်ဟု ကောက်ယူရမည်ဖြစ်သည်။
မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေးအက်ဥပဒေသည်၊ သာမန်အိမ်ငှားနှင့် ကြီးကြပ်ရေးဝန်က ဥပဒေအရ အိမ်ငှားအဖြစ် အသိအမှတ်ပြုထားသူများနှင့်သာ အကျုံးဝင်ပေသည်။
ခွင့်ပြုချက်အရ နေထိုင်သူများနှင့် သက်ဆိုင်ခြင်းမရှိပေ။
(မစ္စတာအာ(ရ်)ကရစ်(ရှ်)နန်း နှင့် ဝိုင်၊အမ်၊စီ၊အေ  ၁၉၇၁ ခုနှစ် မြန်မာနိုင်ငံစီရင်ထုံး စာမျက်နှာ ၃၄)

ကိုးကားချက်များ
၁။ ဒေါ်ကြင်သန်း၊ ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေပါ ခြားနားချက်များ
(၁၉၈၃) ဥပဒေဂျာနယ်
၂။ ဦးသက်ဖေ၊ ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေ၏ သိကောင်းစရာများ

တရားဝင် ပဋိညာဉ်မြောက်ရန် လိုအပ်ချက်များ

တရားဝင် ပဋိညာဉ်မြောက်ရန် လိုအပ်ချက်များ

 

 
 
တရားဝင်ပဋိညာဉ်မြောက်ရန် လိုအပ်ချက်များနှင့် ပတ်သက်ပြီး ပဋိညာဉ် အက်ဥပဒေ ပုဒ်မ (၁၀)တွင် အောက်ပါအတိုင်း ပြဌာန်းထားပါသည်။

ပဋိညာဉ်ပြုနိုင်သူတို့က ဥပဒေနှင့်ညီညွတ်သော အဖိုးစားနားနှင့် ရည်ရွယ်ချက်အရ မိမိတို့ အလိုအလျောက် ပြုလုပ်ကြသည့် သဘောတူညီ ချက်များသည် ဤဥပဒေအရ ပျက်ပြယ်ကြောင်း အတိအလင်း  ပြဌာန်းထားခြင်းမရှိလျှင် ပဋိညာဉ်ဖြစ်သည်။
ပဋိညာဉ် တစ်ရပ်ရပ်ကို စာဖြင့်ရေးသား၍  သော်လည်းကောင်း၊ အသိသက်သေများ ရှေ့တွင်သော် လည်းကောင်း  ပြုလုပ်ရမည်ဟု  ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် အတည်ဖြစ်နေသော ဥပဒေတစ်စုံ တစ်ရာကိုဖြစ်စေ၊ စာချုပ်စာတမ်းများ မှတ်ပုံတင်ခြင်းနှင့်ဆိုင်သည့် ဥပဒေတစ်စုံတစ်ရာကိုဖြစ်စေ ဤဥပဒေပါ မည်သည့်ပြဌာန်းချက်ကမျှထိခိုက်ခြင်း မရှိစေရ။

ပဋိညာဉ်ဆိုသည်မှာ သဘောတူညီချက်အပေါ် အခြေခံ၍ ပေါက်ဖွားလာကြောင်းး တွေ့ရှိရပါသည်။ သို့ရာတွင် ပဋိညာဉ်တိုင်းသည် သဘောတူညီချက်များ ဖြစ်ကြသော်လည်း သဘောတူညီချက်တိုင်းသည် ပဋိညာဉ်ဖြစ်မလာချေ။ ဥပဒေအရ အတည်ပြုနိုင်သော သဘောတူညီချက်များသာလျှင် ပဋိညာဉ်ဖြစ်လာသည်။

တရားဝင်ပဋိညာဉ်မြောက်ရန် လိုအပ်ချက်များမှာ


(၁) ကမ်းလှမ်းချက်နှင့် လက်ခံချက်

ပဋိညာဉ်တစ်ခု၏ အခြေခံသည် ကမ်းလှမ်းချက်နှင့် လက်ခံချက်တို့ ဖြစ်ကြသည်။ တစ်စုံတစ်ယောက်က ကမ်းလှမ်းသည်ကို တစ်ဖက်မှ ကမ်းလှမ်းခံရသူက လက်ခံလိုက်ပါက ကတိဖြစ်လာသည်။


(၂) အဖိုးစားနား

အဖိုးစားနားပါရှိသော ကတိမှသာလျှင် သဘောတူညီချက်ဖြစ်လာသည်။ ထို့ကြောင့် သဘောတူညီချက် ဖြစ်စေရန် အဖိုးစားနားသည် မရှိမဖြစ်လိုအပ်သည်။ အဖိုးစားနား မပါသော သဘောတူညီချက်သည် ပျက်ပြယ်သည်။



(၃) ပဋိညာဉ်ပြုပိုင်ခွင့်အရည်အချင်း

ကမ်းလှမ်းချက်၊ လက်ခံချက်နှင့် အဖိုးစားနားတို့ ပါရှိသောကြောင့် သဘောတူညီချက် ဟူ၍ ဖြစ်လာပြီး နောက်ပိုင်းတွင် ပုဒ်မ (၁၀) အရ တရားဝင် ပဋိညာဉ် မြောက်ရေးအတွက် ပထမဆုံး လိုအပ်ချက်မှာ ပဋိညာဉ်ပြုပိုင်ခွင့် အရည်အချင်းရှိသူတို့က ယင်းသဘောတူညီချက် ကို ပြုလုပ်ခြင်းပင် ဖြစ်ပါသည်။

(က) မိမိနှင့်သက်ဆိုင်သော ဥပဒေအရ အရွယ်ရောက်ပြီးသူ ဖြစ်ရမည်။ (ပုဒ်မ ၁၁)

မြန်မာနိုင်ငံတွင် အမြဲနေထိုင်သူများအတွက် “အရွယ်ရောက်ခြင်း အက်ဥပဒေ” ပုဒ်မ (၃) အရ အသက် (၁၈) နှစ်ပြည့်လျှင် အရွယ်ရောက်သည်။ သို့သော် တရားရုံးက ခန့်ထားသော အုပ်ထိန်းသူရှိပါက အသက် (၂၁) နှစ်ပြည့်မှ အရွယ်ရောက်သည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် သာမန်အားဖြင့် အသက် (၁၈) နှစ် ပြည့်သူသာလျှင် အရွယ်ရောက်သူဖြစ်ပြီး ပဋိညာဉ်ပြုပိုင်ခွင့် အရည်အချင်းရှိသည်။

(ခ) စိတ်ပေါ့သွပ်သူ မဖြစ်စေရ။

ပုဒ်မ (၁၂) အရ ပဋိညာဉ်ပြုသော အချိန်တွင် ၎င်းပဋိညာဉ်ကို နားလည်နိုင်စွမ်းရှိသည့်အပြင် ပဋိညာဉ်သည် မိမိအပေါ်မည်သို့ အကျိုးသက်ရောက်မည်ကို စဉ်းစားဆင်ခြင် နိုင်စွမ်းရှိလျှင် ထိုသူသည် ပဋိညာဉ်ပြုလုပ်ရန် စိတ်ပေါ့သွပ်ခြင်း မရှိသူဖြစ်သည်။ 

ထို့ကြောင့် အရူးတစ်ယောက်သည် သာမန်အားဖြင့် တရားဝင်ပဋိညာဉ် ပြုလုပ်နိုင်စွမ်းမရှိ။ သို့ရာတွင် ရူးနေသော်လည်း တစ်ခါတစ်ရံ စိတ်တည်ငြိမ်နေတတ်သူဖြစ်လျှင် စိတ်တည်ငြိမ် နေချိန်တွင် ပဋိညာဉ် ပြုလုပ်နိုင်သည်။

(ဂ) မိမိနှင့် သက်ဆိုင်သော ဥပဒေအရ ပဋိညာဉ် ပြုပိုင်ခွင့် အရည်အချင်း ပျက်ယွင်းသူ မဖြစ်စေရ။
ပဋိညာဉ် အက်ဥပဒေအပြင် အခြားဥပဒေ တစ်စုံတစ်ရာက ပဋိညာဉ်ပြုပိုင်ခွင့် မရှိဟု တားမြစ်ထားသူသည် ပဋိညာဉ်ပြုပိုင်ခွင့် အရည်အချင်း ပျက်ယွင်းသူပင် ဖြစ်ပါသည်။


(၄) ဥပဒေနှင့်ညီသော အဖိုးစားနား၊ ဥပဒေနှင့်ညီသော ရည်ရွယ်ချက်။

သဘောတူညီချက် တစ်ခုသည် အဖိုးစားနားမပါရှိပါက ပျက်ပြယ်သည်။ သဘောတူညီချက် တစ်ရပ်တွင် အဖိုးစားနားပါရှိရန် လိုအပ်သည် သာမက ယင်းအဖိုးစားနားသည် ဥပဒေနှင့်ညီညွတ်ရန် လိုပေသည်။

ပုဒ်မ(၂၃)အရ သဘောတူညီချက်တစ်ခုတွင် ပါရှိသော အဖိုးစားနား သို့မဟုတ် ရည်ရွယ်ချက်သည် အောက်ပါအချက်များနျှင့် ကင်းလွတ်လျှင် ဥပဒေနှင့်ညီညွတ်သည်။

(က) တရားဥပဒေက တားမြစ်ထားသော အဖိုးစားနား၊

(ခ) တရားဥပဒေက တားမြစ်မထားသော်လည်း ယင်းအဖိုးစားနားကို ခွင့်ပြုမည်ဆိုပါက တရားဥပဒေ၏ ပြဌာန်းချက်၊ ရည်ရွယ်ချက်များကို ပျက်ပြားရာရောက်စေခြင်း၊


(ဂ) လိမ်လည်လှည့်ဖျားရာ ရောက်စေခြင်း၊

(ဃ) လူတစ်ဦးတစ်ယောက်၏ ကိုယ်ခန္ဓ္ဓာ သို့မဟုတ် ပစ္စည်းကို ထိခိုက်နစ်နာစေခြင်း၊

(င) လူ့ ကျင့်ဝတ်သိက္ခာပျက်ပြားစေခြင်း၊ သို့မဟုတ် အများပြည်သူ အကျိုးအတွက် ကျင့်သုံးသော မူနှင့် ဆန့်ကျင်ခြင်း။



(၅) လွတ်လပ်သော သဘောဆန္ဒ

တရားဝင် ပဋိညာဉ်မြောက်ရန် ပဋိညာဉ်ပြုသူတို့သည် လွတ်လပ်သော သဘောတူညီမှုရှိရ မည်ဖြစ်ပြီး အောက်ပါအချက်များကြာင့် မဟုတ်လျှင် လွတ်လပ်သော သဘောတူညီညွတ်ခြင်း မည်ပါသည်။

(၁) အနိုင်အထက်ပြုခြင်း

(၂) မတရားသြဇာသုံးခြင်း

(၃) လိမ်လည်ခြင်း

(၄) အလွဲပြောဆိုခြင်း

(၅) မှားယွင်းခြင်း



(၆) ပျက်ပြယ်သည်ဟု အတိအလင်း ကြေငြာထားသော သဘောတူညီချက် မဖြစ်စေရ။

ပျက်ပြယ်သော သဘောတူညီချက်ဆိုသည်မှာ တရားဥပဒေအရ အတည်မပြုနိုင်သော သဘော တူညီချက်ကိုဆိုလိုသည်။ လုံးဝအာနိသင်မရှိသော သဘောတူညီချက်မျိုးဖြစ်သည်။ ယင်းသဘောတူညီချက် အရ မည်သူ့တွင်မျှ ရပိုင်ခွင်းလည်းမရှိ တာဝန်လည်းမရှိပေ။ ပဋိညာဉ် အက်ဥပဒေတွင် ပျက်ပြယ်သည်ဟု အတိအလင်း ဖေါ်ပြထားသော သဘောတူညီချက် အများအပြားရှိသည်။

ဥပမာ-

– အဖိုးစားနား မပါသော သဘောတူညီချက်များ

– လက်ထပ်ထိပ်မြားခြင်းကို တားမြစ်သော သဘောတူညီချက်များ

– လောင်းကစားသောနည်းဖြင့် ပြုလုပ်သော သဘောတူညီချက်များစသည်တို့ ဖြစ်ကြသည်။


(၇) စာဖြင့်ရေးသားခြင်း၊ သက်သေများရှေ့တွင် ချုပ်ဆိုပြီး မှတ်ပုံတင်ခြင်း။

အခြားတည်ဆဲ ဥပဒေတစ်ခုခုတွင် တစ်စုံတစ်ရာသော ပဋိညာဉ်အမျိုးအစားအတွက် သီးခြားပြဌာန်းထားခြင်းရှိမှသာ လိုက်နာရမည့်လိုအပ်ချက် ဖြစ်ပါသည်။


ဥပမာ – မှတ်ပုံတင် အက်ဥပဒေအရ မရွှေ့မပြောင်းနိုင်သော ပစ္စည်းတန်ဖိုး ကျပ် (၁၀၀) ထက် ပိုလျှင် မှတ်ပုံတင်ရမည်ဟု ပြဌာန်းထားခြင်းမျိုးကို ဆိုလိုပေသည်။

ဦးခင်မောင်စိန်  (၁၉၈၀) ဥပဒေဂျာနယ် စာ – ၁၄၁ မှ ကောက်နုတ်ဖော်ပြထားခြင်း ဖြစ်ပါသည်။