ဗီဒီယိုဆင်ဆာအဖွဲ့၏ ခွင့်ပြုချက်မရှိသော ဆင်ဆာမဲ့အခွေများအား ကူးယူခြင်း၊ ဖြန့်ချိခြင်း၊ ငှားရမ်းခြင်း၊ ရောင်းချခြင်း သို့မဟုတ် ပြသခြင်း တို့ကိုပြုလုပ်ပါက

ဗီဒီယိုဆင်ဆာအဖွဲ့၏ ခွင့်ပြုချက်မရှိသော ဆင်ဆာမဲ့အခွေများအား ကူးယူခြင်း၊ ဖြန့်ချိခြင်း၊ ငှားရမ်းခြင်း၊ ရောင်းချခြင်း သို့မဟုတ် ပြသခြင်း တို့ကိုပြုလုပ်ပါက

ရုပ်မြင်သံကြားနှင့်ဗီဒီယိုဥပဒေကို ၁၉၉၆ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့တွင် ပြဌာန်းခဲ့ပြီး အဆိုပါဥပဒေကို ပြင်ဆင်သည့်ဥပဒေအား ၂၀၁၈ ခုနှစ် ၊ ဇွန်လ ၂၁ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၁ ဖြင့် ပြဌာန်းခဲ့ပါသည်။

ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေပုဒ်မ ၂ တွင်

ဤဥပဒေတွင် ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-

(က) ရုပ်မြင်သံကြားဖမ်းစက် ဆိုသည်မှာ ရုပ်မြင်သံကြားထုတ်လွှင့်ချက်ကို ဖမ်းယူနိုင်သောစက်ကိုဆိုသည်၊

(ခ) ဗီဒီယို ဆိုသည်မှာ ရုပ်မြင်သံကြားဆိုင်ရာ နည်းပညာတစ်ရပ်ရပ်ဖြင့်ရုပ်ငြိမ်ကိုဖြစ်စေ၊ ရုပ်ပုံလှုပ်ရှားခြင်းကို ဖြစ်စေ၊ ရုပ်ပုံနှင့်အသံ ကိုဖြစ်စေ ထွက်ပေါ်စေခြင်းကို ဆိုသည်၊

(ဂ) ဗီဒီယိုဖွင့်စက် ဆိုသည်မှာ ဗီဒီယိုထွက်ပေါ်စေရန် ဖွင့်နိုင်သောစက်ကို ဆိုသည်၊

(ဃ) ဗီဒီယိုတိပ်ခွေ ဆိုသည်မှာ ရုပ်ပုံနှင့်အသံကို ရိုက်ကူးထည့်သွင်းထားသောတိပ်ခွေ၊ လေဆာပြား သို့မဟုတ် အလားတူပစ္စည်းကိရိယာ ကိုဆိုသည်။ ယင်းစကားရပ်တွင် ဗီဒီယိုရိုက်ကူးချက်နှင့် ဗီဒီယိုကူးယူချက်များလည်း ပါဝင် သည်၊

(င) လက်ဝယ်ထားရှိခွင့်လိုင်စင် ဆိုသည်မှာ ရုပ်မြင်သံကြားဖမ်းစက်ကိုဖြစ်စေ၊ ဗီဒီယိုဖွင့်စက်ကိုဖြစ်စေ အသုံးပြုရန် ဤဥပဒေအရ ထုတ်ပေးသည့် လက်ဝယ်ထားရှိခွင့်လိုင်စင်ကို ဆိုသည်၊

(စ) ဗီဒီယိုလုပ်ငန်းလိုင်စင် ဆိုသည်မှာ ဤဥပဒေအရ ဗီဒီယိုလုပ်ငန်း အမျိုးအစားတစ်ခုခုအတွက် ထုတ်ပေးသည့် လိုင်စင်ကို ဆိုသည် ဟုပြဌာန်းထားပါသည်။

ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေပုဒ်မ ၉ တွင်

အောက်ဖော်ပြပါ ဗီဒီယိုလုပ်ငန်းတစ်ခုခုကို စီးပွားရေးအလို့ငှာ လုပ်ကိုင်လိုသူသည် လုပ်ငန်းအမျိုးအစား တစ်ခုခြင်းအတွက် လုပ်ငန်းလိုင်စင်ရရှိရန် သတ်မှတ်ချက်များနှင့်အညီ သက်ဆိုင်ရာ ပြည်နယ်၊ တိုင်း ဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေးကော်မတီသို့ လျှောက်ထားရမည်-

(က) ဗီဒီယိုထုတ်လုပ်ခြင်း၊
(ခ) ဗီဒီယိုရိုက်ကူးခြင်း၊
(ဂ) ဗီဒီယိုတည်းဖြတ်ခြင်း၊
(ဃ) ဗီဒီယိုတိပ်ခွေကူးယူခြင်း၊
(င) ဗီဒီယိုတိပ်ခွေဖြန့်ချိခြင်း၊
(စ) ဗီဒီယိုတိပ်ခွေငှားရမ်းခြင်း၊
(ဆ) ဗီဒီယိုပြသခြင်း။
ဟုပြဌာန်းထားပါသည်။

ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေပုဒ်မ ၂၅ တွင်

၂၅။ (က) ဗီဒီယိုဆင်ဆာအဖွဲ့က ထုတ်ပေးသည့် ဗီဒီယိုဆင်ဆာလက်မှတ်သည် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် သတ်မှတ်သည့် ကာလ အပိုင်းအခြားအတွက် အတည်ဖြစ်စေရမည်၊

(ခ) ဗီဒီယိုဆင်ဆာအဖွဲ့က ထုတ်ပေးသည့် ဗီဒီယိုဆင်ဆာလက်မှတ်ကို ဗီဒီယိုတိပ်ခွေတွင် ထည့်သွင်း ပြသရမည်။ ထို့ပြင် ဗီဒီယို ဆင်ဆာအဖွဲ့က ထုတ်ပေးသည့် ခွင့်ပြုအမှတ်စဉ်ပါရှိသော ဗီဒီယိုဆင်ဆာ လက်မှတ်အသေးကိုလည်း ဗီဒီယို တိပ်ခွေတွင် ကပ်ထားရမည် ဟုပြဌာန်းထားပါသည်။

ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေပုဒ်မ ၃၂ တွင်

မည်သူမဆို အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ၆ လ မှ အများဆုံး ၃ နှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် ကျပ်တစ်ဆယ်သိန်းထက် မပိုသော ငွေဒဏ်လည်း ချမှတ်နိုင်သည်။ ထို့ပြင် ပြစ်မှုနှင့် တိုက်ရိုက်သက်ဆိုင်သော ပစ္စည်းများကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်-

(က) ဗီဒီယိုလုပ်ငန်း လိုင်စင်မရှိဘဲ စီးပွားရေးအလို့ငှာ ဗီဒီယိုလုပ်ငန်းကို လုပ်ကိုင်ခြင်း

(ခ) ဤဥပဒေအရ ကင်းလွတ်ခွင့်ပြုထားသော ကိစ္စရပ်မှအပ ဗီဒီယိုဆင်ဆာလက်မှတ်နှင့် ခွင့်ပြုအမှတ်စဉ် ပါရှိသော ဗီဒီယိုဆင်ဆာလက်မှတ် အသေး မပါရှိသည့် ဗီဒီယိုတိပ်ခွေကို ကူးယူခြင်း၊ ဖြန့်ချိခြင်း၊ ငှားရမ်းခြင်း ရောင်းချခြင်း သို့မဟုတ် ပြသခြင်း၊

(ဂ)  ဗီဒီယိုဆင်ဆာအဖွဲ့က ဖြတ်တောက်ရန်၊ ပြုပြင်ရန် သို့မဟုတ် ဖျက်ရန် ညွှန်ကြားချက်ကို လိုက်နာခြင်း မပြုဘဲ ဗီဒီယိုတိပ်ခွေကို ကူးယူခြင်း၊ ဖြန့်ချိခြင်း၊ ငှားရမ်းခြင်း၊ ရောင်းချခြင်း သို့မဟုတ် ပြသခြင်း၊

(ဃ) ပြည်ပမှ တင်သွင်းလာသော သို့မဟုတ် ယူဆောင်လာသော ဗီဒီယိုတိပ်ခွေကို ဗီဒီယိုဆင်ဆာ လက်မှတ်မရှိဘဲ အများပြည်သူအား ပြသခြင်း၊

(င) မိသားစု ကြည့်ရှုရန်သာ ခွင့်ပြုသည့် ပြည်ပမှ တင်သွင်းလာသော သို့မဟုတ် ယူဆောင်လာသော ဗီဒီယိုတိပ်ခွေကို အများပြည်သူအား ပြသခြင်း။

ဟုပြဌာန်းထားပါသည်။

ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေကို ပြင်ဆင်သည့်ဥပဒေ ကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့တွင် (၂၀၁၈ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၁။)  ဖြင့်ပြဌာန်းခဲ့ပါသည်။ အဆိုပါ ပြင်ဆင်သည့် ဥပဒေတွင် ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေ ပုဒ်မ ၃၂ ၏ ခြေဆင်းတွင်ပါရှိသော ” ထောင်ဒဏ် ၃ နှစ်အထိ ဖြစ်စေ၊ ငွေဒဏ်ကျပ် ၁၀၀၀၀၀ အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် ”  ဆိုသည့်စကားရပ်ကို ” အနည်းဆုံး ၆ လ မှ အများဆုံး ၃ နှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် ကျပ်တစ်ဆယ်သိန်းထက် မပိုသော ငွေဒဏ်လည်း ချမှတ်နိုင်သည် ” ဆိုသည့် စကားရပ်ဖြင့်  အစားထိုးရ မည်ဟု ပြင်ဆင်ခဲ့ပြီး ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေ ပုဒ်မ ၃၂၊ ပုဒ်မခွဲ (ခ) နှင့် (ဂ) တို့တွင် ပါရှိသော ” ငှားရမ်းခြင်း” ဆိုသည့်စကားရပ်၏ နောက်တွင် “ရောင်းချခြင်း” ဆိုသည့် စကားရပ်ကို ဖြည့်စွက်ရမည်ဟု ပြင်ဆင်ပြဌာန်းခဲ့သည်ကို တွေ့ရှိရပါသည်။

ဗီဒီယိုဆင်ဆာလက်မှတ်နှင့် ခွင့်ပြုအမှတ်စဉ် ပါရှိသော ဗီဒီယိုဆင်ဆာလက်မှတ် အသေး မပါရှိသည့် ဗီဒီယိုတိပ်ခွေကို ကူးယူခြင်း၊ ဖြန့်ချိခြင်း၊ ငှားရမ်းခြင်း ရောင်းချခြင်း သို့မဟုတ် ပြသခြင်း တို့ကို ပြုလုပ်ပါက အနည်းဆုံး ၆ လ မှ အများဆုံး ၃ နှစ်အထိ ထောင်ဒဏ် ချမှတ်ရမည့်အပြင် ကျပ်တစ်ဆယ်သိန်းထက် မပိုသော ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြင်ဆင်ပြဌာန်းခဲ့မှုကို သိရှိနိုင်စေရန်အတွက် ရုပ်မြင်သံကြားနှင့်ဗီဒီယိုဥပဒေပါ ပြဌာန်းချက်အချို့ကို ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။

Legal Knowledge Quiz

Legal Knowledge Quiz

ဥပဒေ ဗဟုသုတ ဉာဏ်စမ်းများ

 

ဥပဒေနှင့်ပတ်သက်သည်များကို ဗဟုသုတအဖြစ် သိရှိနိုင်ရန်အတွက် ပြုလုပ်ထားခြင်းဖြစ်ပါသည်။

ဥပဒေ ဗဟုသုတ ဉာဏ်စမ်း ၁ မှ ၂၀ ထိ ပြုလုပ်ထားပါသည်။ သက်ဆိုင်ရာ ဥပဒေ ပုဒ်မများနှင့် စီရင်ထုံး အကိုးအကားများဖြင့် ပြန်လည်ရှင်းလင်း ဖော်ပြပေးထားပါသည်။

 

 

Legal Knowledge Quiz

ဥပဒေနှင့်ပတ်သက်သည်များကို ဗဟုသုတအဖြစ် သိရှိနိုင်ရန်အတွက် ပြုလုပ်ထားခြင်းဖြစ်ပါသည်။

 

ဓားယူဆောင်သွားလာပါက

ဓားယူဆောင်သွားလာပါက

 

လူများသည် သွားလာရာတွင် လက်နက်ကိုင်ဆောင်၍ သွားလာမည်ဆိုပါက အများပြည်သူကို ထိတ်လန့်မှုဖြစ်စေကာ အန္တာရာယ်ဖြစ်စေနိုင်ပါသည်။ သို့သော်လည်းအချို့သွားလူသူများသည် တမင်တကာ လက်နက်ကိုင်ဆောင် သွားလာခြင်းမျိုးမဟုတ်ဘဲ အခြားကိစ္စရပ်များကြောင့် သွားလာရာတွင် ဓားပါလာခြင်းနှင့် လက်နက်များအက်ဥပဒေကို မသိနားမလည်ခြင်းတို့ကြောင့် လက်နက်ယူဆောင်သွားလာမိသော်လည်း လက်နက်များအက်ဥပဒေအရ တရားရုံးတွင် ဖြေရှင်းရမည်ဖြစ်ကာ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက ပြစ်ဒဏ်ကျခံရမည်ဖြစ်ပါသည်။

လက်နက်များအက်ဥပဒေပုဒ်မ ၁၉ (င) တွင်
ပုဒ်မ ၁၃ ပါ ပြဌာန်းချက်ကို ဖောက်ဖျက်၍ လက်နက်စွဲကိုင်သွားလာပါက ထောင်ဒဏ် ၃ နှစ်ထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ခြင်း ခံရမည် ဖြစ်ပါသည်။

လက်နက်များအက်ဥပဒေပုဒ်မ ၁၃ တွင်
လိုင်စင်အရ ခွင့်ပြုထားသည့်နည်းလမ်းမှ တစ်ပါးမည်သူမျှ လက်နက်စွဲကိုင်၍ သွားလာခြင်း မပြုရ။
ပုဒ်မ (၁၃) ပါတားမြစ်ချက်ကိုဖောက်ဖျက်ပါက ပုဒ်မ ၁၉ (င) အရ စွဲဆိုအပြစ်ပေးခြင်း ခံရမည်။ အိမ်တွင်သုံး၊ လယ်ယာသုံး၊ စက်မှုသုံး ဖြစ်သော်လည်း လက်နက်စွဲကိုင်သွားလာလျှင် ပုဒ်မ ၁၉ (င) ကို ကျူးလွန်ရာရောက်သည်။ (တရားရုံးများ လက်စွဲအပိုဒ် ၈၁၈)

လက်နက်များအက်ဥပဒေပုဒ်မ (၄) တွင် လက်နက်ဆိုသည်မှာ
(၁) ဓားဦးချွန်၍ ဓားသွား ၃ လက်မထက် ပိုသော မောင်းချဓားများ၊
(၂) အိမ်တွင်းမှု၊ လယ်ယာ သို့မဟုတ် စက်မှုလုပ်ငန်းတွင် သုံးရန် မရည်ရွယ်သည့် လက်ကိုင်အရိုး ခိုင်မြဲစွာ တပ်ထားပြီး အရိုးအသွား ၅ လက်မထက် ပိုရှည်သော ဓားဦးချွန်များ
(၃) နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်သည့် အခြားဓား အမျိုးအစားများ၊
(၄) သေနတ်၊ လှံစွပ်၊ ဓားလွယ်၊ ဓားမြှောင်၊ လှံ ၊ လေးနှင့်မြှား၊ အမြောက်၊ လက်နက် အစိတ်အပိုင်းနှင့် လက်နက်ထုတ်လုပ်သော စက်ပစ္စည်းများ

ထို့ကြောင့် မိမိတို့သွားလာရာတွင် အရိုးအသွား ၅ လက်မထက်ပိုရှည်သော ဓားဦးချွန်များအား ယူဆောင်သွားလာမိပါက အများပြည်သူကို အန္တရာယ်ဖြစ်စေနိုင်၍ လက်နက်များအက်ဥဒေအရ တရားစွဲဆိုခြင်းခံရမည်ဖြစ်ပါသဖြင့် လက်နက်များအက်ဥပဒေကိုသတိပြုသင့်ပါသည်။

ကိုးကား
ဦးကျော်စိန်၊ ပြစ်မှုဆိုင်ရာ အထူးဥပဒေများ အသုံးချလက်စွဲ

စိတ်ပေါ့သွပ်သူ၏ပြုလုပ်မှု

စိတ်ပေါ့သွပ်သူ၏ပြုလုပ်မှု

ရာဇသတ်ကြီး ပုဒ်မ ၈၄ အရ စိတ်ပေါ့သွပ်သူ၏ ပြုလုပ်မှုသည် စိတ်ပေါ့သွပ်ခြင်းကြောင့် ပြုစဉ်အခါက မိမိ၏ ပြုလုပ်မှုသည် မည်သို့ သဘောရှိသည်ကိုသော်၎င်း၊ မတော်မမှန်သည်ကို သော်၎င်း၊ ဥပဒေနှင့်ဆန့်ကျင်သည်ကိုသော်၎င်း မသိနိုင်သော သူ၏ ပြုလုပ်မှုသည် ပြစ်မှု မမြောက်။

စိတ်ပေါ့သွပ်နေသဖြင့် မိမိစိတ်ကို မိမိမသိနိုင်သည့်အတွက် ကျူးလွန်သည့် ပြစ်မှုမှ ကင်းလွတ်ခွင့်ပြုခြင်းဖြစ်သည်။

ဤအမှုမျိုးတွင် အဓိက အကျဆုံးအချက်မှာ တရားခံသည် စွပ်စွဲသော ပြစ်မှုကျူးလွန်စဉ်က မိမိပြုလှုပ်မှုသည် မည်သို့ သဘော ရှိသည်ကိုသော်၎င်း၊ မတော်မမှန်သည်ကိုသော်၎င်း၊ ဥပဒေနှင့် ဆန့်ကျင်သည်ကိုသော်၎င်း မသိနိုင်လောက်အောင် စိတ်ပေါ့သွပ် ခြင်းက ၎င်း၏
အသိတရားများကို ပျက်ပြားစေခြင်း ရှိမရှိဖြစ်သည်။ ( ပထမနှင့် ဦးလှခိုင်၊ ၁၉၅၈၊ မတစ ၁၄၃ – ၁၄၈ လွှတ်တော်)

စိတ်ပေါ့သွပ်ခြင်း၏ စေ့ဆော်ချက်အားလုံးသည် ထိန်းချုပ်၍ မရနိုင်သည်မဟုတ်၊ စိတ်ပေါ့သွပ်သော ပြစ်မှု ကျူးလွန်သူ၌ မိမိပြုလုပ်မှုမှာ မည်သို့ သဘောရှိသည်ကိုသော်၎င်း၊ မတော်မမှန်သည်ကိုသော်၎င်း ဥပဒေနှင့် ဆန့်ကျင်သည်ကိုသော်၎င်း၊ မသိနိုင်လောက်အောင်
ဆိုးဝါးသည့် စိတ်ပေါ့သွပ်မှုမရှိလျှင်၊ ထိုသူအပေါ် ပြစ်ဒဏ်မှ လွတ်ကင်းစေခြင်းမရှိ (မောင်ဘိုးသာ၊ ပီ ဂျေ အယ်လ် ဘီ၊ ၂၄၉)။

ပြစ်မှုကို ကျူးလွန်စဉ်အချိန်၌ ရူးသွပ်နေမှသာ ဤပုဒ်မအရ ကင်းလွတ်ခွင့်ရမည်ဖြစ်သည်။

ပြစ်မှုကို မကျူးလွန်မီနှင့် ကျူးလွန်ပြီး နောက် ရူးသွပ်နေခြင်းသည် ကျူးလွန်စဉ်အချိန်က တရားခံ၏ စိတ်အခြေအနေကို ခန့်မှန်းနိုင်သည့်အထောက်အထားများ ဖြစ်သော်လည်း ထိုအထောက် အထားများကြောင့် တရားခံသည် ပြစ်မှုကျူးလွန်စဉ်အချိန်က ရူးသွပ်နေသည်ဟု တထစ်ချ ယူဆရန် မဟုတ်။

တစ်ချိန်က ရူးသွပ်ဖူးသည့်အကြောင်းကြောင့် ပြစ်မှုကျူးလွန်စဉ်ကလည်း ရူးသွပ်နေမည်ဟု မဆိုနိုင်ပေ။ အလားတူပင် ပြစ်မှုကျူးလွန်ပြီးနောက် ရူးသွပ်သွားသောကြောင့် ပြစ်မှုကျူးလွန်စဉ် ကကလည်း ရူးသွပ်နေခြင်းဖြစ်ရမည်ဟု တထစ်ချမဆိုသာ။ တရားရုံးအနေဖြင့် ပြစ်မှုကျူးလွန်စဉ် အချိန်က တရားခံ၏ စိတ်အချေအနေမှာ မည်သို့ရှိသည်ဟုသာ ဆုံးဖြစ်ရမည်ဖြစ်သည်။

ရူးသွပ်သူကို ရုံးတွင်စစ်ဆေးသည့်အခါ မည်သို့မည်ပုံဆောင်ရွက်ရမည်ဟု ရာဇဝတ်ကျင့်ထုံးဥပဒေ အခန်း ၃၄ တွင် ဖော်ပြထားပါသည်။

ရာဇဝတ်တရားသူကြီးသည် မိမိရှေ့၌ထွက်ဆိုသော ထွက်ဆိုချက်များအရ တရားခံသည်ပြစ်မှုကျူးလွန်သည့်အချိန်က စိတ်ပေါ့သွပ်သည့်အကြောင်းကြောင့် မိမိပြုလုပ်သည့်သဘောကို သိနိုင်စွမ်းမရှိကြောင်း၊ သို့မဟုတ် အမှားအယွင်း ပြုလုပ်နေသည်ကိုဖြစ်စေ။ ဥပဒေနှင့်ဆန့်ကျင်နေသည်ကိုဖြစ်စေ သိနိုင်စွမ်းမရှိကြောင်း ကျေနပ်လျှင် တရားခံကို အပြီးအပြတ်လွှတ်ရမည်ဟု ပြစ်မှုဆိုင်ရာကျင့်ထုံးပုဒ်မ ၄၆၉ ကို ၄၇၀ နှင့်တွဲ၍ ပြဌာန်းထားသည်။ ပြစ်မှုကျူးလွန်ချိန်၌ တရားခံသည် စိတ်ပေါ့သွပ်နေကြောင်း ဆေးဘက်ဆိုင်ရာ သက်သေခံချက်တင်ပြရန်မလို။ အမှုစစ်သည့်အချိန်၌ စိတ်ပေါ့သွပ်နေသည့်အကြာင်းကြောင့် အမှုကိုထုချေနိုင်စွမ်းရှိမရှိနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုပြုသည့်အခါ တရားခံကို ဆေးဘက်ဆိုင်ရာ အရာရှှိတစ်ဦးအား စစ်ဆေးခိုင်းရန်လိုသည်ဟု ဥပဒေက ဆိုသည်။ [ ၁၉၄၁ ရန်ကုန်၊ စာ ၅၄၄၊ အစိုးရနှင့်ကုလားညို ]

တရားရုံးသည် ရူးသွပ်သည်ဟု သင်္ကာမကင်းရန်ရှိသော၊ သို့မဟုတ် စွပ်စွဲခံရသောသူကို တရားခံအဖြစ်မိမိရှေ့သို့ ခေါ်ဆောင်လာသည့်အခါ တရားရုံးက စစ်ဆေးစီရင်ခြင်းမပြုလုပ်နိုင်မီပင်လျှင် ဆုံးဖြတ်ရမည်မှာ တရားခံသည် တရားရုံးသို့ လာရောက်သည့်အချိန်တွင် စိတ်ဖောက်ပြန်လာသဖြင့် အမှုကို ထုချေနိုင်စွမ်းရှိမရှိဖြစ်သည်။ တရားခံသည် စိတ်ဖောက်ပြန်မှု ရှိမရှိ အငြင်းထွက်တင်လာသည့်အခါ တရားခံသည် မိမိအမှုကို ထုချေရှင်းလင်းနိုင်စွမ်းမရှိခြင်းသည် စိတ်ဖောက်ပြန်သော အကြောင်းကြောင့် ဟုတ်မဟုတ်သက်သေခံချက်များ မှတ်တမ်းမတင်မီ စုံစမ်းစစ်ဆေးရန် တာဝန်ရှိသည်။

အမှုကိုစစ်ဆေးကြားနာနေစဉ် တရားခံစိတ်ပေါ့သွပ်သည့် လက္ခဏာများ တွေ့ရှိရသဖြင့် အမှုကို ရွှေ့ဆိုင်း၍ ဆရာဝန် ထောက်ခံချက်အရ တရားခံကို စိတ္တဇဆေးရုံ၌ ထိန်းသိမ်းထားသည်။ တစ်နှစ်ခန့်အကြာတွင် ရောဂါပျောက်ကင်းပြီဟု ဆေးရုံမှဆင်းခွင့်ရ၍ အမှုကို
ရပ်ဆိုင်း လိုက်သည့်နေရာမှ ဆက်လက်စစ်ဆေးရာ အမှုစစ်ရာဇဝတ်တရားသူကြီး လိုက်နာသော လုပ်ထုံးလုပ်နည်းမှာ တရားဥပဒေနှင့်မညီချေ။ တရားခံသည် အမှု၌ ထုချေနိုင်စွမ်းမရှိသူဖြစ်ကြောင်း ဆုံဖြတ်ချက်တစ်ရပ် ချမှတ်ပြီး နောက် အမှုကိုအစမှအသစ်ပြန်လည်စစ်ဆေးသင့်သည်။ (၁၉၅၉ မတစ (တရားလွှတ်တော်) စာ ၂၀၅၊ စောရင်ဖေနှင့်ပထစ)

တရားခံသည် စိတ်ပေါ့သွပ်နေကြောင်း တွေ့ရှိရသည့်အခါ တရားရုံးက မေးမြန်းရုံသာမဟုတ်၊ စိတ်ပေါ့သွပ်သည့် ကြောင်းခြင်းရာကို
ဆရာဝန်၊ သို့မဟုတ် ဆေးဘက်ဆိုင်ရာ အရာရှိအား စစ်မေးခြင်းဖြင့် စုံစမ်းစစ်ဆေးရမည်။ 

ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၇၀ တွင် ရူးသွပ်သည့်အကြောင်းကြောင့် အမှုမှ အပြီးအပြတ် လွှတ်သည့်စီရင်ချက်၌

မည်သည့်အခါမဆို တစ်စုံတစ်ယောက်သောသူသည် ပြစ်မှုကျူးလွန်ကြောင်း အဆိုရှိသည့်အချိန်တွင် စိတ်ပေါ့သွပ်ခြင်းကြောင့် ပြစ်မှုမြောက်ကြောင်း အဆိုရှိသည့် ပြုလုပ်မှု၏ သဘောကိုမသိနိုင်ကြောင်း၊ သို့မဟုတ် ၎င်းပြုလုပ်မှုသည် မတော်မမှန် သည်ကိုဖြစ်စေ၊
ဥပဒေနှင့် ဆန့်ကျင်ကြောင်းကိုဖြစ်စေ မသိနိုင်ကြောင်းကိုအခြေပြု၍ ၎င်းတရားခံကို အမှုအပြီးအပြတ် လွှတ်သည့်အခါ ၎င်းတရားခံ သည် ပြုလုပ်မှုကို ပြုလုပ်ကြောင်း၊ သို့မဟုတ် မပြုလုပ်ကြောင်း ဆုံးဖြတ်ချက်တွင် သီးခြား ဖော်ပြရမည်။

တရားသူကြီးသည် တရားခံကို ပဏမစုံမမ်းစစ်ဆေးချိန်၌ ပကတိစိတ်ကောင်းမွန်နေေ ကြာင်း  တွေ့ရှိရသော်လည်း ပြစ်မှုကျူးလွန်ချိန်က
စိတ်ပေါ့သွပ်နေကြောင်း  တွေ့ရှိရလျှင် ၎င်းသည်  ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၇၀ နှင့်အညီ ဆက်လက် ဆောင်ရွက်ရန်သာဖြစ်သည်။ ၎င်းသည် ဆေးဘက်ဆိုင်ရာကို စုံစမ်းစစ်ဆေးရန်၊ သို့မဟုတ် ရူးသွပ်ခြင်းနှင့် ပတ်သက်၍ ငြင်းချက်ကို စစ်ဆေးရန် အမိန့်ချမှတ်ရန် တာဝန်မရှိချေ။ ထို့သို့ပြုလုပ်ရန်မှာ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၆၄ ၊ ၄၆၅ အတွင်း ကျရောက်သည့်အမှုများနှင့်သာ သက်ဆိုင်သည်။ ဆိုလိုသည်မှာ စုံစမ်းစစ်ဆေး၊ သို့မဟုတ် စစ်ဆေးစီရင်ချိန်၌ တရားခံသည် ရူးသွပ်နေလျှင် ပြစ်မှုကို စစ်ဆေးစီရင်မှု မပြုလုပ်မီ ရူးသွပ်ခြင်းဆိုင်ရာ ငြင်းချက်ကို စစ်ဆေးစီရင်ရမည် ဖြစ်ပါသည်။

ပြစ်မှုကျူးလွန်စဉ်က မိမိသည် စိတ်ပေါ့သွပ်နေကြောင်း ထင်ရှားစွာ ပြသနိုင်ရန်မှာ အဓိကအားဖြင့် တရားခံတာဝန်ဖြစ်သည်။ သို့ရာတွင် အမှု၏အဖြစ်အပျက်အကြောင်းအရာတို့က ၎င်းသည် ထိုကဲ့သို့ စိတ်ပေါ့သွပ်နေကြောင်း ထင်ရှားစေလျှင် တရားခံကိုယ်တိုင်က
အမှုစစ်ဆေးစဉ်အခါက ထုချေခြင်းမပြုခဲ့စေကာမူ၊ သို့မဟုတ် ထုချေသော်လည်း မိမိ၏သက်သေများ အားဖြင့် မိမိစိတ်ပေါ့သွပ်နေခဲ့ကြောင်းကို ထင်ရှားပြသနိုင်ခြင်းမရှိခဲ့စေကာမူ စစ်ဆေးသော တရားသူကြီးက အခြားသက်သေ အထောက်အထားများကို ကိုးကား၍ တရားခံအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၈၄ ၏ သက်သာခွင့်ကို ပေးနိုင်သည်။ [ ၁၉၆၂ မတစ ( တရားရုံးချုပ် ) ၊ စာ ၃၃၇၊ မောင်ထွန်းစိန်နှင့် နိုင်ငံတော်အစိုးရ]

ကိုးကားချက်များ
၁။ ရာဇသတ်ကြီး
၂။ ရာဇဝတ်ကျင့်ထုံး ဥပဒေ
၃။ ဦးသက်ဖေ၊ ပြစ်မှုဆိုင်ရာဥပဒေ၏သိကောင်းစရာများ
၄။ ဦးမြ၊ လက်တွေ့ စွယ်စုံ ဥပဒေ
၅။ ဦးချစ်မောင်၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေဋီကာ

ခိုးရာပါပစ္စည်းကို ဝယ်ယူမိပါက

ခိုးရာပါပစ္စည်းကို ဝယ်ယူမိပါက

 

မိမိဝယ်ယူခဲ့သော ပစ္စည်းသည် ခိုးရာပါပစ္စည်းဖြစ်နေပါက ထိုပစ္စည်းကို မိမိဆုံးရှုံးနိုင်သည့် အပြင် ဝယ်ယူစဉ်က ခိုးရာပါပစ္စည်းဖြစ်ကြောင်း ယုံကြည်ရန် အကြောင်းရှိလျက်နှင့် ဝယ်ယူပါက ခိုးရာပါပစ္စည်းကို မရိုးမဖြောင့်သောသဘောနှင့် လက်ခံမှုဖြင့် ပြစ်ဒဏ်ကြခံရမည် ဖြစ်ပါသည်။

ရာဇသတ်ကြီး ပုဒ်မ ၄၁၀ တွင် ခိုးရာပါပစ္စည်းကို

ခိုးယူခြင်းဖြင့်သော်၎င်း၊ ချောက်လှန့်တောင်းယူခြင်းဖြင့်သော်၎င်း၊ လုယက်ခြင်းဖြင့်သော်၎င်း၊ လက်ပြောင်းသွားသော ပစ္စည်းသည်၊ ထို့ပြင်ရာဇဝတ်မကင်းသော အလွဲသုံးစားမှုပြုခြင်းခံရသော၊ သို့တည်းမဟုတ် ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံရေး ဖေါက်ဖျက်မှု ကျူးလွန်ခြင်းခံရသောပစ္စည်းသည်၊ ထိုသို့လက်ပြောင်းခြင်းကို၊ သို့တည်းမဟုတ် အလွဲသုံးစားပြုခြင်းကို၊ သို့တည်းမဟုတ် ယုံကြည်အပ်နှံရေးဖေါက်ဖျက်မှု ကျူးလွန်ခြင်း ကို ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း၌ဖြစ်စေ၊  အပ၌ဖြစ်စေ၊ ခံရသည်ဖြစ်လျှင်၊ ခိုးရာပါပစ္စည်းမည်၏။ သို့ရာတွင် ထိုပစ္စည်းသည် ဥပဒေအရလက်ရှိဖြစ်ထိုက်သူ၏ လက်သို့နောင်ပြန်လည်ရောက်ရှိသည့်အခါ၊ ခိုးရာပါ ပစ္စည်းအဖြစ်မှ ရပ်စဲ၏။

ရာဇသတ်ကြီး ပုဒ်မ ၄၁၁ တွင် ခိုးရာပါပစ္စည်းကို မရိုးမဖြောင့်သောသဘောနှင့် လက်ခံခြင်းကို

မည်သူမဆို၊ ခိုးရာပါပစ္စည်းဖြစ်ကြောင်း သိလျက်နှင့်၊ သို့တည်းမဟုတ် ထိုသို့ယုံကြည်ရန် အကြောင်း ရှိလျက်နှင့် ထိုပစ္စည်းကို မရိုးမဖြောင့်သော သဘောဖြင့် လက်ခံခြင်းသော်၎င်း၊ ဆက်လက်ထားရှိခြင်းသော်၎င်း ပြုလျှင်၊ သုံးနှစ်ထိထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

ခိုးရာပါပစ္စည်းကို ရိုးသားစွာလက်ဝယ်ရရှိပြီးနောက် ခိုးရာပါပစ္စည်းဖြစ်ကြောင်းသိလျက်နှင့် ဆက်လက်ထားရှိလျှင် မရိုးမဖြောင့်သောသဘောဖြင့် ဆက်လက်ထားရှိသည့် ပြစ်မှုကျူးလွန်သည် (ဘီအယ်လ်အာရ် အတွဲ ၅၊ စာ ၁၃၄) ။ 

မိမိထံတွင် တစ်စုံတစ်ယောက်မှ ပစ္စည်းတစ်ခုခုကိုလာရောင်းပါက ပစ္စည်း၏ အနေအထား၊ ပစ္စည်း၏ဈေးနှုန်း၊ လာရောက်ရောင်းချသူ၏ အခြေအနေကို အကဲခတ်ပြီးမှ ပစ္စည်းကို ဝယ်ယူရန်လိုအပ်ပါသည်။ မိမိသည် ခိုးရာပါပစ္စည်းကို ဝယ်ယူမိပါက ထိုပစ္စည်းကို ပိုင်ဆိုင်ခွင့်ရမည်မဟုတ်ဘဲ မူလပိုင်ရှင်၌သာလျှင် ပိုင်ဆိုင်ခွင့်ရှိပါသည်။

အရွယ်မရောက်သေးသူကို အုပ်ထိန်းသူ၏ သဘောတူညီချက်မရှိဘဲ ခေါ်ဆောင်သွားပါက လူခိုးမှုမြောက်ခြင်း

အရွယ်မရောက်သေးသူကို အုပ်ထိန်းသူ၏ သဘောတူညီချက်မရှိဘဲ ခေါ်ဆောင်သွားပါက လူခိုးမှုမြောက်ခြင်း

 

ရာဇသတ်ကြီး ပုဒ်မ ၃၆၁ တွင်
မည်သူမဆို၊ ဥပဒေနှင့်အညီ အုပ်ထိန်းသူ၏ထိန်းသိမ်းခြင်းမှ အသက်ဆယ့်လေးနှစ်အောက် ယောင်္ကျားကလေးကိုဖြစ်စေ၊ အသက်တစ်ဆယ့်ရှစ်နှစ်အောက် မိန်းကလေးကိုဖြစ်စေ၊ စိတ်ပေါ့သွပ်သူကိုဖြစ်စေ ထိုအုပ်ထိန်းသူကသဘောမတူဘဲ ဆောင်ယူလျှင်၊ သို့တည်းမဟုတ် ဖြားယောင်းခြင်းအားဖြင့် ထွက်သွားစေလျှင်၊ ထိုအရွယ်မရောက်သေးသူကို၊ သို့တည်းမဟုတ် ထိုစိတ်ပေါ့သွပ်သူကို ဥပဒေနှင့်အညီ အုပ်ထိန်းသူထံမှ ခိုးယူသည်မည်၏။

ရှင်းလင်းချက် ။ ။ ဤပုဒ်မ၌ “ဥပဒေနှင့်အညီ အုပ်ထိန်းသူ”ဆိုသော စကားများတွင်ဆိုခဲ့သော အရွယ် မရောက်သေးသူကို၊ သို့တည်းမဟုတ် အခြားသူကို ထိန်းသိမ်းစောင့်ရှောက်ရန်ဖြစ်စေ၊ အုပ်ထိန်းရန်ဖြစ်စေ ဥပဒေ နှင့်အညီ အပ်နှံခံရသူလည်းပါဝင်သည်။

ကင်းလွတ်ချက် ။ ။ မိမိသည် တရားမဝင်သောကလေး၏ အဘဖြစ်သည်ဟု သဘောရိုးဖြင့် ယုံကြည်သော သူ၏ ပြုလုပ်မှုသည်၊ သို့တည်းမဟုတ် ထိုကလေးကို ဥပဒေနှင့်အညီ မိမိအုပ်ထိန်းပိုင်ခွင့်ရှိသည်ဟု သဘောရိုးဖြင့် ယုံကြည်သောသူ၏ပြုလုပ်မှုသည် အကျင့်ဖောက်ပြားသောကိစ္စအလို့ငှာဖြစ်စေ၊ ဥပဒေနှင့်ဆန့်ကျင်သော ကိစ္စ အလို့ငှာဖြစ်စေပြုသော ပြုလုပ်မှုမဟုတ်လျှင်၊ ဤပုဒ်မနှင့်မသက်ဆိုင်စေရ။

ရာဇသတ်ကြီးကို ပြင်ဆင်သည့် ဥပဒေ ( ၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၆ ) အရ မိန်းကလေး၏ အသက်ကို အသက် ဆယ့်ခြောက်နှစ်အောက်မှ အသက်တစ်ဆယ့်ရှစ်နှစ်အောက် အဖြစ်ပြောင်းလဲ
သတ်မှတ်ထားပါသည်။

ဤပုဒ်မ၏ ရည်ရွယ်ချက်မှာ အရွယ်မရောက်သေးသူနှင့် စိတ်ပေါ့သွပ်သူများအား အကာအကွယ်ပေးရန် ဖြစ်သကဲ့သို့ ဥပဒေနှင့်အညီ အုပ်ထိန်းသူ၏ အခွင့်အရေးကိုလည်း မဆုံးရှုံးစေရန်ဖြစ်ပါသည်။

ဤပုဒ်မအရ အရွယ်မရောက်သေးသူမှာ ယောင်္ကျာလေးဖြစ်က အသက် ၁၄ နှစ်အောက် ဖြစ်ရမည်ဖြစ်ပြီး မိန်းကလေးဖြစ်က အသက် ၁၈ နှစ် အောက် ဖြစ်ရမည်ဖြစ်ပါသည်။

ဤပုဒ်မတွင် သတ်မှတ်ထားသည့် အသက်အောက်သို့ ရောက်နေကြောင်း အထောက်အထားတင်ပြလာပါက အရွယ်ရောက်ပြီးဖြစ်သည်ဟု သဘောရိုးဖြင့် ယုံကြည်ကာ ခိုးယူခြင်းဖြစ်ကြောင်း တရားခံအနေဖြင့် ထုချေခြင်းမပြုနိုင်ကြောင်း
( ပြည်ထောင်စု မြန်မာနိုင်ငံနှင့် မောင်မိုး (ခေါ်) မောင်သိန်း ၊ ၁၉၆၆ မြန်မာနိုင်ငံစီရင်ထုံး စာ – ၁၂၁၄ ) တွင် ဖော်ပြထားပါသည်။
အရွယ်မရောက်သေးသူက သဘောတူစေကာမူ အုပ်ထိန်းသူ၏ သဘောတူညီချက်မရှိလျှင် ပြစ်မှုမြောက်သည်။

လူခိုးမှုအတွက်ပြစ်ဒဏ်
ရာဇသတ်ကြီး ပုဒ်မ ၃၆၃ တွင်

မည်သူမဆို၊ တဦးတယောက်သောသူအား၊ ပြည်ထောင်စုမြန်မာနိုင်ငံမှအပသို့ဖြစ်စေ၊ ဥပဒေနှင့် အညီ အုပ်ထိန်းသူထံမှဖြစ်စေ ခိုးယူလျှင်၊ ထိုသူကို ခုနစ်နှစ်ထိ ထောင်ဒဏ်တမျိုးမျိုးချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။

အရွယ်မရောက်သေးသော မိန်းကလေးသည် တရားခံအိမ်သို့သွား၍ ၎င်းကို ခိုးပြေးရန် ပြောသည် တရားခံက သဘောမတူခဲ့လျှင် ၎င်း၏ မိဘများထံမှ ထွက်သွားရန် အကြံမရှိ၍ ၎င်းသည် အုပ်ထိန်းသူ၏ အုပ်ထိန်းမှုအောက်တွင် ရှိနေသဖြင့် ၎င်းအား ခေါ်သွားသည့်အတွက် တရားခံသည် လူခိုးမှုကျူးလွန်သည်
( ၁၉၀၇-၀၉ အထက်မြန်မာ အတွဲ ၁၊ ရာဇသတ် ၂၇)။

တရားခံသည် အရွယ်မရောက်သေးသည့် မိန်းကလေးနှင့်ချိန်းတွေ့ပြီး ထွက်ပြေးကြသည်။ မိန်းကလေးသည် အုပ်ထိန်းသူထံပြန်လာရန် ရည်ရွယ်ချက်မရှိသော်လည်း အုပ်ထိန်းသူ၏ ထိန်းသိမ်းမှုအောက်မှ ဆောင်ယူရာတွင် တရားခံ၏ ပယောဂကြောင့် ထင်ရှားနေသဖြင့် ဤပုဒ်မအရ ပြစ်မှုမြောက်သည်။
[ တေလှနှင့် အစိုးရ ၁၉၀၇ – ၀၉၊ အတွဲ ၁ အထက်မြန်မာပြည်စီရင်ထုံး ၁၀ (ပြစ်မှုဆိုင်ရာ) ]

တရားခံ၏ ပယောဂကြောင့် အရွယ်မရောက်သေးသူသည် အုပ်ထိန်းသူ၏ ထိန်းသိမ်းခြင်းမှ ထွက်ခွာစေခြင်း၊ ထွက်ခွာရန် ကူညီခြင်း ဖြစ်လျှင် လူခိုးမှုမြောက်မည်ဖြစ်ပါသည်။

ကိုးကားချက်များ
၁။ ဦးသက်ဖေ၊ ပြစ်မှုဆိုင်ရာဥပဒေ၏သိကောင်းစရာများ
၂။ ဦးမြ၊ လက်တွေ့ စွယ်စုံ ဥပဒေ