ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေအရ ရပ်ကွက်သို့မဟုတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် နေထိုင်သူများ၏ တာဝန်များနှင့် အခွင့်အရေးများ

ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေအရ ရပ်ကွက်သို့မဟုတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် နေထိုင်သူများ၏ တာဝန်များနှင့် အခွင့်အရေးများ

ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုအတွင်းနေထိုင်သူများသည် မိမိတို့ရပ်ကွက်အတွင်းရှိ အုပ်ချုပ်ရေးမှူးများ၏ ကျင့်ဝတ်များ၊ လုပ်ငန်းအခြေခံမူများ၊ တာဝန်များနှင့် ရပ်ကွက်အတွင်းနေထိုင်သူများ၏ တာဝန်ဝတ္တရားများ၊ အခွင့်အရေးများကို  သိရှိနိုင်စေရန်အတွက် ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေပါ ပြဌာန်းချက်အချို့ကို ကောက်နုတ်ဖော်ပြထားခြင်း ဖြစ်ပါသည်။

ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေကို (၂၄.၂.၂၀၁၂) ရက်နေ့တွင် အခန်း (၁၅) ခန်း၊ ပုဒ်မ ၃၇ ခု ဖြင့်ပြဌာန်းခဲ့ပြီး (၂၈.၃.၂၀၁၂) ရက်နေ့၊ (၂၀.၁.၂၀၁၆) ရက်နေ့နှင့် (၂.၁၂.၂၀၁၆) ရက်နေ့တို့တွင် ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေများကို ပြဌာန်းခဲ့သည်ကို တွေ့ရပါသည်။

 

ရပ်ကွက်သို့မဟုတ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေပုဒ်မ ၁၁ တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် လိုက်နာစောင့်ထိန်းရမည့်ကျင့်ဝတ်များကို ပြဌာန်းထားပါသည်။

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် အောက်ပါကျင့်ဝတ်များနှင့်အညီ ကျင့်သုံးဆောင်ရွက်ရမည် –

(က) လုပ်ငန်းတာဝန်များကို ဥပဒေ နည်းဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့် ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခြင်း၊

(ခ) လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုခြင်း၊ အရှိန်အဝါကို အသုံးပြုခြင်း၊ မသမာမှုပြုခြင်းနှင့် မလျော်ဩဇာသုံးခြင်းတို့မှ ရှောင်ကြဉ်ခြင်း၊

(ဂ) ဥပဒေနှင့်အညီ ပေးအပ်သည့်လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ခြင်း။

 

ရပ်ကွက်သို့မဟုတ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေပုဒ်မ ၁၂ တွင် လုပ်ငန်းအခြေခံမူများကို ပြဌာန်းထားပါသည်။

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးသည် လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် အောက်ပါအခြေခံမူများနှင့်အညီ ဆောင်ရွက်ရမည် –

(က) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို လိုက်နာစောင့်ထိန်းခြင်း၊

(ခ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်း၊

(ဂ) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုနေ ပြည်သူများအေးချမ်းတည်ငြိမ်စွာ လုပ်ကိုင်နေထိုင်နိုင်စေခြင်း၊

(ဃ) ရပ်ရွာဒေသ ဓလေ့ထုံးတမ်းစဉ်လာနှင့် လူမျိုးနွယ်စုများ၏ ဓလေ့ထုံးတမ်းများကို အလေးထားခြင်း၊

(င) အများပြည်သူအကျိုးနှင့် ဒေသခံပြည်သူများ၏ အကျိုးကိုလတ်တလော ထိခိုက်စေသည့် ဘေးအန္တရာယ်များကျရောက်သဖြင့် အရေးပေါ်အခြေအနေပေါ်ပေါက်သည့်အခါ ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းတိုင်းသည် ယင်းတို့အတွက် အရေးကြီးပြီးတိုက်ရိုက်အကျိုးပြုသည့် လုပ်ငန်းဖြစ်စေရမည့်အပြင် ဒေသခံပြည်သူများအပေါ် ကြီးလေးသော ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် အလေး ထားဆောင်ရွက်ခြင်း၊

(စ) မိမိ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ တာဝန်ယူမှုနှင့်တာဝန်ခံမှုရှိခြင်း၊

(ဆ) ဤဥပဒေပါ လုပ်ငန်းတာဝန်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၏ အကြံဉာဏ်ရယူခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။

 

ရပ်ကွက်သို့မဟုတ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေပုဒ်မ ၁၃ တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည် အောက်ပါလုပ်ငန်းတာဝန်များကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်-

(က) လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး၊

(ခ) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း နေထိုင်သူများ၏ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းတာဝန်များဆောင်ရွက်ခြင်း၊

(ဂ) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း နေထိုင်သူများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ခြင်း၊

(ဃ) ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ လုပ်ငန်းများကို အကောင်အ ထည်ဖော်ဆောင်ရွက်ရာတွင် ပံ့ပိုးကူညီခြင်း၊

(င) မှုခင်းများနှင့်ဒုစရိုက်မှုများ ဖော်ထုတ်ခြင်း၊ သတင်းပေးတိုင်ကြားခြင်း၊ ဖမ်းဆီးအရေးယူခြင်းများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာအစိုးရဌာန အဖွဲ့အစည်းများအား သတင်းပို့ခြင်းနှင့်ကူညီခြင်း၊

(စ) ပြည်ထောင်စုအစိုးရ၊ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ၊ နေပြည်တော်ကောင်စီနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့တို့ကဖြစ်စေ၊ ယင်းတို့၏တာဝန်ပေးချက်အရ အစိုးရဌာန၊ အဖွဲ့အစည်းကဖြစ်စေ ဦးစီးကျင်းပသည့် အခမ်းအနားများနှင့် ပွဲများမှအပ အခြားအခမ်းအနားများ၊ အများပြည်သူသို့ ဖျော်ဖြေသည့် ပွဲများ၊ ပြပွဲများ၊ ပြိုင်ပွဲများ၊ ရိုးရာဓလေ့အရပွဲများ ကျင်းပခြင်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးထံ အသိပေးတင်ပြပြီး တာဝန်ယူ၊ တာဝန်ခံ ကျင်းပစေခြင်း၊

(ဆ) ၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၄၁ ဖြင့် ပယ်ဖျက်ထားပါသည်။

(ဇ) ရပ်ကွက် သို့မဟုတ် ကျေးရွာအတွင်း နေထိုင်သူ မဟုတ်သော မသင်္ကာဖွယ်သူစိမ်းတွေ့ရှိပါက သက် ဆိုင်ရာသို့ သတင်းပို့ခြင်းနှင့်ထူးခြားဖြစ်စဉ်များကို အချိန်နှင့်တစ်ပြေးညီ အစီရင်ခံခြင်း၊

(ဈ) အသံချဲ့စက် ဖွင့်ခွင့်တောင်းခံခြင်းကို စည်းကမ်းချက်သတ်မှတ်၍ ခွင့်ပြုခြင်း၊ ခွင့်ပြုချက်မရှိဘဲ အသံချဲ့ စက်ဖွင့်သူ သို့မဟုတ် စည်းကမ်းဖောက်ဖျက်သူအား အရေးယူခြင်း၊ အရေးယူရန် အကြောင်းကြားခြင်း၊

(ည) အများပြည်သူနှင့် သက်ဆိုင်သည့် ဖျော်ဖြေမှု၊ အပန်းဖြေအနားယူမှုလုပ်ငန်းများ တည်ထောင်ခွင့် တောင်းခံလာပါက သဘောထားမှတ်ချက်ဖြင့် သက်ဆိုင်ရာသို့ တင်ပြခြင်း၊ ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်လျှင်ဖြစ်စေ၊ စည်းကမ်းချက် မလိုက်နာလျှင်ဖြစ်စေ အရေးယူခြင်း၊ အရေးယူရန် အကြောင်းကြားခြင်း၊

(ဋ) အများပြည်သူဆိုင်ရာ နေရာတွင်လောင်းကစားခြင်းကို ဖမ်းဆီးခြင်း၊ အရေးယူနိုင်ရန် အကြောင်းကြားခြင်း၊

(ဌ) လောင်းကစားအိမ်သို့ ဝင်ရောက်ရှာဖွေခြင်း သို့မဟုတ် ရှာဖွေရန် ဝရမ်းထုတ်ပေးခြင်း၊

(ဍ) လက်ပူးလက်ကြပ်ဖမ်းဆီးရမိခြင်းမရှိသော သတင်းကျော်စောသည့် လူဆိုး။ သူခိုးများအား ဖမ်းဆီးခြင်း၊ အရေးယူရန်အကြောင်းကြားခြင်း၊

(ဎ) တရားဥပဒေစိုးမိုးရေး၊ မှုခင်းကျဆင်းရေးနှင့် လုံခြုံရေးတို့အတွက်စစ်ဆေးရန် လိုအပ်သော နေအိမ်ဥပစာနှင့် နေရာများကို လုံလောက်သော အကြောင်းပြချက်နှင့် အဖွဲ့ဖြင့် စနစ်တကျ ဝင်ရောက်စစ်ဆေးခြင်း၊

(ဏ) လမ်းများ၊ အများပြည်သူဆိုင်ရာနေရာများတွင် အများပြည်သူအား အနှောင့်အယှက်ဖြစ်စေရန်၊ အန္တရာယ်ဖြစ်စေရန် ထိခိုက်နစ်နာစေရန် ပြုလုပ်မှုအတွက် လည်းကောင်း၊ ခိုက်ရန်ဖြစ်ပွားမှုကိုလည်းကောင်း၊ ခွင့်ပြုချက်မရှိသော လက်နက်ခဲယမ်းများကိုင်ဆောင်မှုကိုလည်းကောင်း တားမြစ်ခြင်း၊ ယင်း သို့တားမြစ်သည်ကို လိုက်နာခြင်းမရှိပါက ဖမ်းဆီးခြင်း၊ ဖမ်းဆီးရန် အကြောင်းကြားခြင်း၊

(တ) နိုင်ငံခြားသား ဝင်ထွက်သွားလာမှုကို သက်ဆိုင်ရာသို့ သတင်းပေးပို့ခြင်း၊

(ထ) မိမိရှေ့တွင် ဖြစ်ပွားသောပြစ်မှုနှင့်စပ်လျဉ်း၍ ပြစ်မှုကျူးလွန်သူအား ကိုယ်တိုင်ဖမ်းဆီးခြင်း သို့မဟုတ် ဖမ်းဆီးစေခြင်း၊ ယင်းသို့ဖမ်းဆီးခံရသူကို အရေးယူရန်သက်ဆိုင်ရာသို့ အကြောင်းကြားခြင်း၊

(ဒ) ကူးစက်ရောဂါကြိုတင်ကာကွယ်ရေး၊ မီးဘေးကာကွယ်ရေးနှင့်မီးငြှိမ်းသတ်ရေး၊ အများပြည်သူတို့ အားနှောင့်ယှက်မှုမှ တားဆီးရေးတို့ကို ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ခြင်း၊

(ဓ) ဖွားသေမှတ်ပုံတင်စာရင်းနှင့် အိမ်ထောင်စုပြောင်းရွှေ့ထွက်ခွာခြင်း၊ ပြောင်းရွှေ့ရောက်ရှိခြင်းနှင့် လူဦးရေစာရင်းများကို အချိန်နှင့်တစ်ပြေးညီ ပြုစုခြင်း၊

(န) လူနှင့်တိရစ္ဆာန်များတွင် ကူးစက်ရောဂါဖြစ်ပွားပါက သက်ဆိုင်ရာသို့ သတင်းပို့ခြင်း၊ တိရစ္ဆာန်များ စနစ်တကျမွေးမြူရန် စည်းကမ်းသတ်မှတ်ခြင်း၊ သတ်ဖြတ်ခွင့်မရှိဘဲဖြစ်စေ၊ စည်းကမ်းနှင့်မညီဘဲ ဖြစ်စေ ကျွဲနွားသတ်ဖြတ်ခြင်းကို တားမြစ်ခြင်း၊ မလိုက်နာပါက သက်ဆိုင်ရာသို့ အရေးယူရန် အကြောင်းကြားခြင်း၊

(ပ) နိုင်ငံပိုင်မြေ၊ မြို့မြေ၊ ကျေးရွာမြေ၊ လယ်ယာမြေ၊ မြေနုကျွန်း၊ လမ်းမြေ၊ သစ်တောမြေ၊ ကျေးရွာပိုင်  ထင်းစိုက်ခင်းမြေ၊ စားကျက်မြေ၊ ကျေးရွာဘုံမြေ၊ သုသာန်မြေများတွင်ခွင့်ပြုချက်မရှိဘဲ ကျူးကျော်ခြင်း၊ အိမ်စုအသစ်ဆောက်လုပ်ခြင်း၊ ရပ်ကွက်ကျေးရွာအသစ်ဖွဲ့စည်းခြင်း၊ နေအိမ်အဆောက်အအုံဆောက်လုပ် ခြင်းတို့ကို တားမြစ်ခြင်း၊ မလိုက်နာပါက အရေးယူရန် အကြောင်းကြားခြင်း၊

(ဖ) ရပ်ကွက် သို့မဟုတ် ကျေးရွာ အတွင်းရှိဆည်မြောင်း၊ တာတမံများ၊ မြစ်၊ ချောင်းများ၊ တူးမြောင်း များ၊ လမ်းကြားမြောင်းများ၊ ရေဆိုးထုတ်မြောင်းများ၊ ရေတွင်းရေကန်များ၊ စက်ရေတွင်းများ၊ လက် ရိုက်တွင်းတိမ်များ၊ စိမ့်စမ်းရေထွက်များကို ထိန်းသိမ်းခြင်း၊ ကျူးကျော်ဖျက်ဆီးမှုများကို သက်ဆိုင်ရာ သို့အရေးယူရန် အကြောင်းကြားခြင်း၊

(ဗ) ရပ်ကွက် သို့မဟုတ် ကျေးရွာအတွင်းရှိ မြေတိုင်းမှတ်တိုင်များနှင့် ဆက်စပ်သည့် နယ်နိမိတ်မှတ်တိုင် သို့မဟုတ် ကျောက်တိုင်များစစ်ဆေးကြည့်ရှုခြင်း၊ နယ်နိမိတ်တစ်လျောက်တွင်ဖြစ်ပေါ်သည့် ထူးခြားမှု အခြေအနေများကို မြို့နယ်အုပ်ချုပ်ရေးမှူးထံ တင်ပြခြင်း၊

(ဘ) တည်ဆဲဥပဒေတစ်ရပ်ရပ်က အပ်နှင်းထားသော လုပ်ပိုင်ခွင့်အရ လယ်ယာမြေစီမံခန့်ခွဲခြင်း၊

(မ) ရွာမြေများအတွက်နှင့် ရွာမြေများအတွင်း မြေနေရာများကို ချထားပေးမည်ဆိုပါက မြို့နှင့်ကျေးရွာ မြေများ ဥပဒေနှင့်အညီ သက်ဆိုင်ရာသို့တင်ပြဆောင်ရွက်ခြင်း၊

(ယ) မြေခွန်နှင့် အစိုးရချေးငွေများ ကောက်ခံပေးခြင်း၊

(ရ) အင်းအိုင်များ၊ ငါးမွေးကန်များ ထိန်းသိမ်းခြင်း၊ အင်းအိုင်များတွင် ခွင့်ပြုချက်မရှိဘဲ ကျူးကျော်သူများ၊ ငါးပုဇွန်ဖမ်းသူများကို တားမြစ်ခြင်း၊ မလိုက်နာပါက သက်ဆိုင်ရာသို့ အရေးယူရန် အကြောင်းကြားခြင်း၊

(လ) မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေး စသည့် သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်ကျရောက်ပါက ကယ်ဆယ်ရေး ပြန်လည်နေရာချထားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊

(ဝ) အများပြည်သူအကျိုးနှင့် ဒေသခံပြည်သူများ၏အကျိုးကို လတ်တလောထိခိုက်စေမည့် ဘေးအန္တရာယ်များ ကျရောက်သဖြင့် အရေးပေါ်အခြေအနေ ပေါ်ပေါက်သည့်အခါ ဒေသခံပြည်သူတို့အတွက် အရေးကြီးပြီး တိုက်ရိုက်အကျိုးပြုသည့်လုပ်ငန်းကို ချက်ချင်းဆောင်ရွက်ခြင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးထံ အမြန်ဆုံးတင်ပြခြင်း၊

(သ) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအဆင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၏ လုပ်ငန်းတာဝန်များကို ပေါင်းစပ်ညှိနှိုင်းခြင်းနှင့် ပံ့ပိုးကူညီခြင်း၊

(ဟ) သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးက ဥပဒေနှင့်အညီ ပေးအပ်သောလုပ်ငန်းတာဝန်များ ဆောင်ရွက်ခြင်း၊

(ဠ) တည်ဆဲဥပဒေတစ်ရပ်ရပ်က ပေးအပ်သောလုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။

 

ရပ်ကွက်သို့မဟုတ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ အခန်း(၉) တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း နေထိုင်သူ၏ တာဝန်ဝတ္တရားများကို ပြဌာန်းထားပါသည်။

၁၇။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း တစ်လနှင့်အထက်ကျော်လွန်၍ လာရောက်တည်းခို နေထိုင်သူများရှိပါက မှတ်တမ်းထားရှိနိုင်ရန်အတွက် သတ်မှတ်နည်းလမ်းများနှင့်အညီ သက်ဆိုင်ရာတာဝန်ရှိသူထံ အသိပေးအကြောင်းကြားရမည်။

၁၈။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်းနေထိုင်သူသည် အသံချဲ့စက်ဖွင့်လိုပါက သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံမှ ခွင့်ပြုမိန့်ရယူရမည့်အပြင် သတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာရမည်။

၁၉။ ရပ်ကွက် သို့မဟုတ်ကျေးရွာအုပ်စုအတွင်းနေထိုင်သူများသည် –

(က) မှုခင်းများ၊ ဒုစရိုက်မှုများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာသို့ သတင်းပေးပို့ရမည်။

(ခ) တိရစ္ဆာန်များ စနစ်တကျမွေးမြူရန် သတ်မှတ်သည့်ညွှန်ကြားချက်ကို လိုက်နာရမည်။

(ဂ) မွေးဖွားခြင်း၊ သေဆုံးခြင်းနှင့် အိမ်ထောင်စုပြောင်းရွှေ့ ထွက်ခွာခြင်း၊ ပြောင်းရွှေ့ရောက်ရှိခြင်းတို့ကို သတင်းပို့ရမည်။

၂၀။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း နေထိုင်သူသည် အများပြည်သူနှင့်သက်ဆိုင်သည့် ဖျော်ဖြေမှု၊ အပန်းဖြေအနားယူမှုလုပ်ငန်းများ တည်ထောင်လိုပါက သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများထံမှ ခွင့်ပြုချက်ရယူရမည့်အပြင် သတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာရမည်။

၂၁။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း နေထိုင်သူသည် အခမ်းအနားများ၊ အများပြည်သူ ဖျော်ဖြေသည့်ပွဲများ၊ ပြပွဲများ၊ ပြိုင်ပွဲများ၊ ရိုးရာဓလေ့အရ ပြုလုပ်သည့်ပွဲများကို ကျင်းပလိုပါက သက်ဆိုင်ရာတာဝန်ရှိသူထံ အသိပေးတင်ပြရမည့်အပြင် သတ်မှတ်ပေးထားသည့် စည်းကမ်းချက်များကို လိုက်နာရမည်။

၂၂။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း နေထိုင်သူသည် ဒေသခံပြည်သူများ၏ အကျိုးစီးပွားကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ထိခိုက်နစ်နာစေရန် ပြုလုပ်ခြင်းကို ရှောင်ကြဉ်ရမည်။

၂၃။ ဘေးအန္တရာယ်တစ်စုံတစ်ရာကျရောက်ပြီး အရေးပေါ်အခြေအနေပေါ်ပေါက်သည့်အခါ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း နေထိုင်သူသည် အများပြည်သူအကျိုးငှာ တိုက်ရိုက်အကျိုးပြုသည့် လုပ်ငန်းများကို ကူညီဆောင်ရွက်ရမည်။

ရပ်ကွက်သို့မဟုတ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေပုဒ်မ ၂၄ တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်းနေထိုင်သူများသည် အောက်ပါအခွင့်အရေးများကို ခံစားပိုင်ခွင့်ရှိသည်-

(က) နေအိမ်ဥပစာ လုံခြုံမှုနှင့် ပစ္စည်းလုံခြုံမှုအခွင့်အရေး၊

(ခ) ဘာသာ သာသနာဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ခွင့်၊

(ဂ) စာပေ၊ ယဉ်ကျေးမှု၊ အနုပညာနှင့်ဓလေ့ထုံးတမ်းများပြုစုပျိုးထောင်ခွင့်၊

(ဃ) ပညာသင်ကြားရေးဆိုင်ရာအခွင့်အရေး၊

(င) ကျန်းမာရေးဆိုင်ရာ အခွင့်အရေး၊

(စ) လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခွင့်အရေး။

 

ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ အခန်း (၁၁) တွင် ပြစ်မှုနှင့် ပြစ်ဒဏ်များကို ပြဌာန်းထားပါသည်။

၂၅။ မည်သူမဆို ပုဒ်မ ၂၀ ပါတာဝန်ကို ဆောင်ရွက်ရန် ပျက်ကွက်လျှင် ထိုသူကိုတစ်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသောင်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေသက်ဆိုင်ရာ တရားရုံးက ချမှတ်ရမည်။

၂၆။ မည်သူမဆို ပုဒ်မ ၂၁ ပါတာဝန်ကိုဆောင်ရွက်ရန်ပျက်ကွက်လျှင် ထိုသူကိုခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသောင်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ သက်ဆိုင် ရာတရားရုံးက ချမှတ်ရမည်။

၂၇။ မည်သူမဆို ပုဒ်မ ၁၈ နှင့် ပုဒ်မ ၁၉ ပါ တာဝန်ကို ဆောင်ရွက်ရန်ပျက်ကွက်လျှင် ထိုသူကို ကျပ်ငါးထောင်ထက်မပိုသော ငွေဒဏ်ချမှတ်ရမည်။ ငွေဒဏ်ပေးဆောင်ရန် ပျက်ကွက်ပါက ခုနှစ်ရက်ထက်မပိုသော ထောင်ဒဏ်ကျခံစေရန် သက်ဆိုင်ရာတရားရုံးက ချမှတ်ရမည်။

၂၇-က။ မည်သူမဆို ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ထံမှ ထိုသူ၏ဆန္ဒအလျောက် ကမ်းလှမ်းခြင်းမဟုတ်ဘဲ အကျိုးစီးပွားထိခိုက်စေမည်ဟု ခြိမ်းခြောက်ခြင်း သို့မဟုတ် အပြစ်ပေးမည်ဟု ခြိမ်းခြောက်ခြင်းဖြင့် ထိုသူ၏လုပ်အား သို့မဟုတ် ဝန်ဆောင်မှုကို အဓမ္မရယူခိုင်းစေမှုပြုလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ သက်ဆိုင်ရာတရားရုံးက ချမှတ်ရမည်ဟု ပြဌာန်းထားပါသည်။

ပိုးသတ်ဆေးဥပဒေအရ လိုက်နာရမည့်အချက်များ

ပိုးသတ်ဆေးဥပဒေအရ လိုက်နာရမည့်အချက်များ

ပိုးသတ်ဆေးဥပဒေကို ၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၄ ဖြင့် ပြဌာန်းခဲ့ပြီး အခန်း (၁၆) ခန်း နှင့် ပုဒ်မ ၄၈ ခု ပါဝင်ပါသည်။

 

 

 

ပိုးသတ်ဆေးဥပဒေပုဒ်မ ၂ (က) တွင်

 

ပိုးဆိုသည်မှာ သီးနှံ၊ ရိက္ခာ၊ လူ၊ တိရစ္ဆာန်နှင့် အခြားပစ္စည်းများကို နှောင့်ယှက်သော သို့မဟုတ် ဖျက်ဆီးသော ပိုးကောင်များ၊ မွှားကောင်များနှင့် အပင်ရောဂါပိုးများကို ဆိုသည်။ ယင်းစကားရပ်တွင် အပင်များကို နှောင့်ယှက်ဖျက်ဆီးသော ကြွက်၊ ပွေး၊ ခရု၊ ပေါင်းပင် စသည်တို့လည်းပါဝင်သည်။

 

 

 

ပိုးသတ်ဆေးဥပဒေပုဒ်မ ၂ (ခ) တွင်

 

ပိုးသတ်ဆေး ဆိုသည်မှာ ဖျက်ပိုးကို အဝေးသို့ပြေးစေရန်လည်းကောင်း၊ ဖျက်ဆီးရန်လည်းကောင်း၊ ကာကွယ်နှိမ်နှင်းရန်လည်းကောင်း သို့မဟုတ် ဖျက်ပိုးကြီးထွားမှုနှင့် အကျိုးတစ်စုံတစ်ရာအတွက် အပင် ကြီးထွားမှုကို ထိန်းချုပ်ရန်လည်းကောင်း ရည်ရွယ်ထားသော ဓာတုပစ္စည်း သို့မဟုတ် တစ်မျိုးထက်ပိုသော ဓာတုပစ္စည်းအရော သို့မဟုတ် အဏုဇီဝ ပစ္စည်းအရောကို ဆိုသည်။

 

 

ပိုးသတ်ဆေး ဖော်စပ်ရောင်းချခွင့်၊ ပြန်လည်ထုပ်ပိုးရောင်းချခွင့်နှင့်ပိုးသတ်မှိုင်းတိုက်ခြင်း လိုင်စင်ရရှိသူ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ပိုးသတ်ဆေးဥပဒေ ပုဒ်မ ၂၄ တွင် ပြဌာန်းထားပါသည်။

 

၂၄။ ပိုးသတ်ဆေးဖော်စပ်ရောင်းချခွင့်နှင့် ပြန်လည်ထုပ်ပိုးရောင်းချခွင့်လိုင်စင်ရရှိသူသည်-

 

(က) လိုင်စင်ပါသက်တမ်းနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ခွင့်ရှိသည်။

 

(ခ) ပေးဆောင်ရန်ရှိသော လိုင်စင်ခနှင့် ဓာတ်ခွဲစမ်းသပ်ခတို့ကို ပေးဆောင်ပြီးဖြစ်ရမည်။

 

(ဂ) လိုင်စင်လျှောက်ထားစဉ်က တင်ပြခဲ့သည့် အဆိပ်ရှိပစ္စည်း ပါဝင်မှုရာခိုင်နှုန်းအတိုင်း ပြည့်မီအောင် ဖော်စပ်ရမည်။

 

(ဃ) ဖော်စပ်သည့် ပိုးသတ်ဆေးအတွက် သုံးစွဲရန်အညွှန်းစာတွင် ပိုးသတ်ဆေးအမျိုးအမည်၊ ကာကွယ်နှိမ်နင်း နိုင်သောပိုးများ၊ အဆိပ်သင့်နိုင်မှုအဆင့်အတန်း၊ အသုံးပြုရမည့်ဆေးနှုန်းထားတို့အပြင် အဆိပ်သင့်နိုင်မှု အန္တရာယ်မှကင်းရှင်းရန် နည်းလမ်းများကို မြန်မာဘာသာဖြင့် ဖော်ပြရမည်။

 

(င) ပိုးသတ်ဆေးထည့်သွင်းထားသည့်ဘူး၊ ပုလင်း သို့မဟုတ် အထုပ်များပေါ်တွင် လိုင်စင်လျှောက်ထားစဉ်က တင်ပြခဲ့သည့် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့် ရက်စွဲ၊ ကုန်အမှတ်တံဆိပ်နှင့် အညွှန်းတံဆိပ်ကို ကပ်ထားရမည်။

 

(စ) လိုင်စင်တွင် ဖော်ပြပါရှိသော စည်းကမ်းချက်များကို လိုက်နာရမည်။

 

(ဆ) ဦးစီးဌာနက အခါအားလျော်စွာ ထုတ်ပြန်သောအမိန့်၊ ညွှန်ကြားချက်များကို လိုက်နာရမည်။

 

(ဇ) ပိုးသတ်ဆေးဖော်စပ်ထုတ်လုပ်ရောင်းချခွင့် လိုင်စင်ရရှိသူ၊ ပြန်လည်ထုတ်ပိုးရောင်းချခွင့် လိုင်စင်ရရှိသူနှင့် ပိုးသတ်မှိုင်းတိုက်ခြင်းလိုင်စင်ရရှိသူတို့သည် လုပ်ငန်းကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ လူမှုပတ်ဝန်းကျင် ဆိုင်ရာနှင့်ကျန်းမာရေးဆိုင်ရာ ထိခိုက်စေနိုင်ခြင်း ရှိ မရှိ တို့အား စစ်ဆေးခြင်း ခံယူရမည်။

 

(ဈ) လိုင်စင်သက်တမ်းကုန်ဆုံးပြီးနောက် ဆက်လက် လုပ်ကိုင်လိုလျှင် သက်တမ်းမကုန်ဆုံးမီ ရက်ပေါင်း ၃၀ ကြိုတင်၍ ဦးစီးဌာနသို့ သက်တမ်းတိုးမြှင့်ပေးရန် လျှောက်ထားရမည်။

 

 

 

ပိုးသတ်ဆေးလက်လီ လက်ကား ရောင်းချခွင့်လိုင်စင်ရရှိသူ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ပိုးသတ်ဆေးဥပဒေပုဒ်မ ၂၅ တွင် ပြဌာန်းထားပါသည်။

 

၂၅။ ပိုးသတ်ဆေးလက်လီ လက်ကားရောင်းချခွင့် လိုင်စင်ရရှိသူသည်-

 

(က) လိုင်စင်ပါသက်တမ်းနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ခွင့်ရှိသည်။

 

(ခ) သတ်မှတ်သော လိုင်စင်ခကို ပေးဆောင်ပြီးဖြစ်ရမည်။

 

(ဂ) လိုင်စင်ကို ဆိုင်တွင် မြင်သာအောင် ချိတ်ဆွဲထားရမည်။

 

(ဃ) ရောင်းချသည့်ပိုးသတ်ဆေးများ၏ အာနိသင်ပြောင်းလဲစေရန် အခြားအရာဝတ္ထုပစ္စည်း တစ်စုံတစ်ရာ ရောနှောခြင်း၊ ပြုပြင်ခြင်းနှင့် မမှန်မကန် ကြော်ငြာရောင်းချခြင်း မပြုလုပ်ရ။

 

(င) လိုင်စင်တွင် ဖော်ပြပါရှိသော စည်းကမ်းချက်များကို တိကျစွာ လိုက်နာရမည်။

 

(စ) ဦးစီးမှူး သို့မဟုတ် စစ်ဆေးရေးမှူးက အခါအားလျော်စွာ စစ်ဆေးခြင်းကို ခံယူရမည်။

 

(ဆ) မြို့နယ်ဦးစီးမှူးက တောင်းခံလာပါက မိမိလက်ဝယ်ရှိ ပိုးသတ်ဆေး နမူနာများကို ပေးအပ်ရမည်။

 

(ဇ) ပိုးသတ်ဆေး ဝယ်ယူရောင်းချသည့် မှတ်တမ်းများ ထားရှိရမည်။

 

(ဈ) လိုင်စင်သက်တမ်းကုန်ဆုံးပါက ဆက်လက်လုပ်ကိုင်လိုလျှင် သက်တမ်းမကုန်ဆုံးမီ ရက်ပေါင်း ၃၀ ကြိုတင်၍ သက်တမ်း တိုးမြှင့်ပေးရန် သက်ဆိုင်ရာ ခရိုင်ဦးစီးမှူးထံ လျှောက်ထားရမည်။

 

 

 

ပိုးသတ်ဆေးသုံးစွဲသူလိုက်နာရမည့် စည်းကမ်းများကို ပိုးသတ်ဆေးဥပဒေပုဒ်မ ၂၆ တွင် ပြဌာန်းထားပါသည်။

 

၂၆။ ပိုးသတ်ဆေးသုံးစွဲသူသည်-

 

(က) ပိုးသတ်ဆေးအညွှန်းစာပါအတိုင်း လိုက်နာ သုံးစွဲရမည်။

 

(ခ) ဦးစီးဌာနက အခါအားလျော်စွာ ထုတ်ပြန်သော ပိုးသတ်ဆေး အန္တရာယ်ကင်းရှင်းစွာ ကိုင်တွယ်ခြင်း နည်းလမ်းများအတိုင်း လိုက်နာသုံးစွဲရမည်။

 

(ဂ) ပိုးသတ်ဆေးများကို အစားအသောက်များနှင့် နီးကပ်စွာထားရှိခြင်း၊ ကလေးသူငယ်များ အလွယ်တကူ လက်လှမ်းမီသော နေရာတွင် ထားရှိခြင်းမပြုလုပ်ရ။

 

(ဃ) သုံးစွဲပြီးသော ပိုးသတ်ဆေးဘူးအခွံနှင့် ထုပ်ပိုးပစ္စည်းများကို ဦးစီးဌာန၏ ညွှန်ကြားချက်နှင့်အညီ စွန့်ပစ် ဖျက်ဆီးခြင်း နည်းလမ်းများအတိုင်း လိုက်နာဆောင်ရွက်ရမည်။

 

(င) စိုက်ခင်းများတွင်လည်းကောင်း၊ ရိတ်သိမ်းပြီးသီးနှံများကို သိုလှောင်ရာတွင်လည်းကောင်း ပိုးသတ်ဆေး သုံးစွဲခြင်းနှင့် စပ်လျဉ်း၍ ဦးစီးဌာနက အခါအားလျော်စွာ ထုတ်ပြန်သော ပညာပေးလမ်းညွှန်မှုများကို လိုက်နာရမည်။

 

 

 

စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းကို ပိုးသတ်ဆေးဥပဒေပုဒ်မ ၂၇ နှင့် ၂၈ တို့တွင် ပြဌာန်းထားပါသည်။

 

၂၇။ ညွှန်ကြားရေးမှူးချုပ်သည် ပုဒ်မ ၂၄ ပါ ပြဋ္ဌာန်းချက်များနှင့် စပ်လျဉ်း၍ လိုင်စင်ပါ စည်းကမ်းချက် တစ်ရပ်ရပ်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်သော လိုင်စင်ရရှိသူအား အောက်ပါ စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်တစ်ရပ်ရပ်ကိုဖြစ်စေ၊ တစ်ရပ်ထက်ပို၍ဖြစ်စေ ချမှတ်နိုင်သည်-

 

(က) လိုင်စင်ကိုရုပ်သိမ်းခြင်း သို့မဟုတ် ကာလအကန့်အသတ်ဖြင့် ဆိုင်းငံ့ခြင်း၊

 

(ခ) ဒဏ်ကြေးငွေပေးဆောင်စေ၍ လိုအပ်ချက်များကို ပြုပြင်စေပြီး ဆက်လက်လုပ်ကိုင်ခွင့်ပြုခြင်း၊

 

(ဂ) လိုင်စင်ရရှိသူ၏ လက်ဝယ်ရှိ ပိုးသတ်ဆေးလက်ကျန်ကို သိမ်းယူခြင်း၊ ဖျက်ဆီးခြင်း။

 

၂၈။ ခရိုင်ဦးစီးမှူးသည် ပုဒ်မ ၂၅ ပါ လိုင်စင်ပြဋ္ဌာန်းချက်များနှင့် စပ်လျဉ်း၍ စည်းကမ်းချက်တစ်ရပ်ရပ်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်သော လိုင်စင်ရရှိသူအား အောက်ပါစီမံခန့်ခွဲရေးဆိုင်ရာ အမိန့်တစ်ရပ်ရပ်ကို ဖြစ်စေ၊ တစ်ရပ်ထက် ပို၍ဖြစ်စေ ချမှတ်နိုင်သည်-

 

(က) လိုင်စင်ကိုရုပ်သိမ်းခြင်း သို့မဟုတ် ကာလအကန့်အသတ်ဖြင့် ဆိုင်းငံ့ခြင်း၊

 

(ခ) ဒဏ်ကြေးငွေပေးဆောင်စေ၍ လိုအပ်ချက်များကို ပြုပြင်စေပြီး ဆက်လက်လုပ်ကိုင်ခွင့်ပြုခြင်း၊

 

(ဂ) လိုင်စင်ရရှိသူ၏ လက်ဝယ်ရှိ ပိုးသတ်ဆေးလက်ကျန်ကို သိမ်းယူခြင်း၊ ဖျက်ဆီးခြင်း။

 

 

 

အယူခံခြင်းကို ပိုးသတ်ဆေးဥပဒေ ပုဒ်မ ၂၉ နှင့် ၃၀ တို့တွင်ပြဌာန်းထားပါသည်။

 

၂၉။ ပုဒ်မ ၂၈ အရ ခရိုင်ဦးစီးမှူးက ချမှတ်သည့်အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို မကျေနပ်ပါက ယင်းအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ချသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ညွှန်ကြားရေးမှူးချုပ်ထံ အယူခံဝင်နိုင်သည်။

 

၃၀။ (က) ပုဒ်မ ၂၇ အရလည်းကောင်း၊ ပုဒ်မ ၂၉ အရလည်းကောင်း ညွှန်ကြားရေးမှူးချုပ်က ချမှတ်သည့် အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို မကျေနပ်ပါက ယင်းအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ချမှတ်သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ဝန်ကြီးထံ အယူခံဝင်နိုင်သည်။

 

(ခ) ဝန်ကြီး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်စေရမည်။

 

 

 

တားမြစ်ချက်များကို ပိုးသတ်ဆေးဥပဒေပုဒ်မ ၃၁ မှ ၃၈ အထိပြဌာန်းထားပါသည်။

 

၃၁။ မည်သူမျှ မှတ်ပုံတင်အဖွဲ့၏ ခွင့်ပြုချက်မရှိဘဲ ပိုးသတ်ဆေး သို့မဟုတ် အဆိပ်ရှိပစ္စည်းကို ပြည်ပမှ တင်သွင်းခြင်း၊ ပြည်ပသို့တင်ပို့ခြင်း မပြုလုပ်ရ။

 

၃၂။ မည်သူမျှ လိုင်စင်မရှိဘဲ ပြည်ပမှတင်သွင်းလာသော အဆိပ်ရှိပစ္စည်းကို ပိုးသတ်ဆေးအဖြစ် ဖော်စပ်ရောင်းချ သည့် လုပ်ငန်း၊ ပြည်ပမှ ပြည်တွင်းသို့ တင်သွင်းလာသော ပိုးသတ်ဆေးကို ပြန်လည်ထုပ်ပိုးရောင်းချသည့် လုပ်ငန်း၊ ပိုးသတ်ဆေးကို လက်လီလက်ကား ရောင်းချသည့်လုပ်ငန်းနှင့် ပိုးသတ်မှိုင်းတိုက်ခြင်း လုပ်ငန်းများကို မပြုလုပ်ရ။

 

၃၃။ မည်သူမျှ ပိုးသတ်ဆေးကိုဖြစ်စေ၊ အဆိပ်ရှိပစ္စည်းကိုဖြစ်စေ ပိုးကျသည့် အန္တရာယ်ကာကွယ်နှိမ်နင်း သည့်ကိစ္စမှအပ လူအများစားသုံးသည့်သီးနှံ၊ အစားအစာ သို့မဟုတ် အဖျော်ယမကာ စသည်များတွင် ထည့်သွင်း သုံးစွဲခြင်း၊ ပိုးသတ်ဆေး သို့မဟုတ် အဆိပ်ရှိပစ္စည်းကို သုံးစွဲလျက် မည်သည့်သတ္တဝါကိုမျှ ဖမ်းယူခြင်း၊ သတ်ဖြတ်ခြင်း မပြုလုပ်ရ။

 

၃၄။ မည်သူမျှ အသက် ၁၈နှစ် နှင့် ၁၈ နှစ်အောက် ကလေး၊ ကိုယ်ဝန်ဆောင် မိန်းမ သို့မဟုတ် ကလေး နို့တိုက်သောမိန်းမကို ပိုးသတ်ဆေးကိုင်တွယ်ရာတွင်လည်းကောင်း၊ သုံးစွဲရာတွင်လည်းကောင်း စေခိုင်းခြင်း မပြုလုပ်ရ။

 

၃၅။ ပိုးသတ်ဆေးသုံးစွဲသူ မည်သူမဆို ပုဒ်မ ၂၆ ပါ စည်းကမ်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ခြင်းကြောင့် ပတ်ဝန်းကျင်ကိုဖြစ်စေ၊ တစ်စုံတစ်ယောက်ကိုဖြစ်စေ ထိခိုက်နစ်နာခြင်း မရှိစေရ။

 

၃၆။ ပိုးသတ်ဆေးသုံးစွဲသူ မည်သူမဆို ပုဒ်မ ၂၆ ပါ စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ခြင်းကြောင့် တစ်စုံတစ်ယောက်သောသူအား အသက်ဆုံးရှုံးမှုကို ဖြစ်ပေါ်စေပါက ရာဇသတ်ကြီးအရ ပြစ်ဒဏ်ထိုက်သင့်စေရမည်။

 

၃၇။ မည်သူမျှ သီးနှံများကို သိုလှောင်ရာတွင် မှတ်ပုံတင်အဖွဲ့က သတ်မှတ်ထားသည့် ပိုးသတ်ဆေးအမျိုးအစား နှင့် သုံးစွဲနည်းများမှအပ အခြားပိုးသတ်ဆေးအမျိုးအစားနှင့် သုံးစွဲနည်းများကို သုံးစွဲခြင်း မပြုရ။

 

၃၈။ မည်သူမျှ ပိုးသတ်ဆေးကို အစားအစာနှင့် အတူတွဲ၍ရောင်းချခြင်းသော်လည်းကောင်း၊ သယ်ဆောင်ခြင်း သော်လည်းကောင်း မပြုလုပ်ရ။

 

 

 

ပြစ်မှုနှင့် ပြစ်ဒဏ်များကို ပိုးသတ်ဆေးဥပဒေပုဒ်မ ၃၉ မှ ၄၂ အထိ ပြဌာန်းထားပါသည်။

 

၃၉။ မည်သူမဆို ပုဒ်မ ၂၅၊ ပုဒ်မခွဲ (ဃ)၊ပုဒ်မ ၃၁၊ ၃၂၊ ၃၃ နှင့် ၃၄ ပါ ပြဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ်ငါးနှစ်အထိဖြစ်စေ၊ ငွေဒဏ်ကျပ် တစ်ဆယ်သိန်း အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံစေရမည်။ ထို့ပြင် ပြစ်မှုတွင် အကျုံးဝင်သည့် သက်သေခံ ပစ္စည်းများကိုလည်း သိမ်းယူခြင်းခံရမည်။

 

၄၀။ မည်သူမဆို ပုဒ်မ ၃၅ ပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ခြောက်လအထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ကျပ် သုံးသိန်းအထိဖြစ်စေ ကျခံစေရမည်။

 

၄၁။ မည်သူမဆို ပုဒ်မ ၃၆ သို့မဟုတ် ပုဒ်မ ၃၇ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ်တစ်နှစ်အထိဖြစ်စေ၊ ငွေဒဏ်ကျပ် တစ်ဆယ်သိန်းအထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံစေရမည်။ ထို့ပြင် ပြစ်မှုတွင် အကျုံးဝင်သည့် သက်သေခံပစ္စည်းများကိုလည်း သိမ်းယူခြင်းခံရမည်။

 

၄၂။ သက်ဆိုင်ရာ တရားရုံးသည် သိမ်းယူထားသော သက်သေခံပစ္စည်းများကို စီမံခန့်ခွဲရန် ညွှန်ကြားရေးမှူးချုပ်ထံ လွှဲပြောင်းပေးအပ်ရမည်။

စာသုံးသူများ၏ အခွင့်အရေးများ

စာသုံးသူများ၏ အခွင့်အရေးများ

  စားသုံးသူအကာအကွယ်ပေးရေးဥပဒေကို ၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၀ ဖြင့် ပြဌာန်းခဲ့ပါသည်။ စားသုံးသူအကာအကွယ်ပေးရေး ဥပဒေ ပုဒ်မ ၂ (က) တွင် စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှု အတွက် မဟုတ်ဘဲစားသောက်ခြင်း သို့မဟုတ် သုံးစွဲခြင်းပြုသူကို ဆိုသည်။ စားသုံးသူအကာအကွယ်ပေးရေး ဥပဒေ ပုဒ်မ ၂ (ခ) တွင် စားသုံးသူအကာအကွယ်ပေးရေး ဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု နှင့်စပ်လျဉ်း၍ စားသုံးသူအား ဥပဒေဆိုင်ရာအကာအကွယ်ပေးရေး၊ ကျန်းမာရေးနှင့် ဘေးဥပဒ်အန္တရာယ် ကင်းရှင်းရေး ဆိုင်ရာ အာမခံချက်ပေးရေးကို ဆိုသည်။   စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ စားသုံးသူအကာအကွယ်ပေးရေး ဥပဒေ ပုဒ်မ ၆ တွင် ၆။ (က) စားသုံးသူ၏အခွင့်အရေးများမှာ အောက်ပါအတိုင်းဖြစ်သည်- (၁) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဘေးဥပဒ်အန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ခြင်း၊ (၂) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်နိုင်ခြင်းနှင့် ဝန်ခံကတိပြုထားသောတန်ဖိုး၊ စည်းကမ်း ချက်များ၊ အာမခံမှုတို့နှင့်အညီ ရယူခွင့်ရှိခြင်း၊ (၃) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏ အခြေအနေ၊ အာမခံချက်တို့နှင့်စပ်လျဉ်းသည့် သတင်း အချက်အလက်များကို ပြည့်စုံမှန်ကန်စွာရယူခွင့်ရှိခြင်း၊ (၄) စားသုံးသူအသုံးပြုသောကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် အငြင်းပွားမှုအပေါ် ကြားနာဖြေရှင်းပေးရန် အရေးဆိုတိုင်တန်းနိုင်ခြင်း၊ စားသုံးသူအကာအကွယ်ပေးမှုများရရှိနိုင်ခြင်းနှင့် မှန်ကန်သောဖြေရှင်းမှု ရရှိနိုင်ခြင်း၊ (၅) ခွဲခြားဆက်ဆံမှုမရှိသည့် မျှတသောဆက်ဆံမှုနှင့် ဝန်ဆောင်မှုရရှိခြင်း။ (ခ) စားသုံးသူ၏တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်- (၁) ဘေးဥပဒ်အန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်ဖော်ပြထားသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု ဆိုင်ရာ သတင်းအချက်အလက်နှင့် လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ခြင်း၊ (၂) စားသုံးသူအငြင်းပွားမှုများတွင် သင့်လျော်စွာဖြေရှင်းပေးသည့် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေး အဖွဲ့၏ ဆုံးဖြတ်ချက်များကို လိုက်နာခြင်း၊ (၃) စီးပွားရေးလုပ်ငန်းရှင်များအပေါ် ထိခိုက်နစ်နာစေရန် ရည်ရွယ်၍ မဟုတ်မမှန်စွပ်စွဲပြောဆိုမှု ပြုလုပ်ခြင်းတို့ကို ရှောင်ကြဉ်ခြင်း၊ (၄) စားသုံးသူအငြင်းပွားမှုကို သက်ဆိုင်ရာမှဖြေရှင်းနေစဉ် လူထုဆက်သွယ်ရေးနည်းလမ်းများဖြင့် ဖြစ်စေ၊ အခြားနည်းလမ်းဖြင့်ဖြစ်စေ သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန် ပြောဆိုခြင်း၊ ရေးသားခြင်းနှင့် ပြုမူခြင်းတို့ကို ရှောင်ကြဉ်ခြင်း။   စားသုံးသူအကာအကွယ်ပေးရေး ဥပဒေ ပုဒ်မ ၇ တွင် စီးပွားရေးလုပ်ငန်းရှင်၏ အခွင့်အရေးနှင့်တာဝန်များ ကိုပြဌာန်းထားပါသည်။ ၇။ (က) စီးပွားရေးလုပ်ငန်းရှင်၏အခွင့်အရေးများမှာ အောက်ပါအတိုင်းဖြစ်သည်- (၁) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု အရောင်းအဝယ်ပြုလုပ်ရာတွင် သဘောတူညီချက်များ၊ တန်ဖိုး များနှင့်အညီ ငွေပေးချေမှု လက်ခံရယူခြင်း၊ (၂) စားသုံးသူအငြင်းပွားမှုတွင် ဥပဒေအရ ကာကွယ်ခုခံချေပခွင့်ရရှိခြင်း၊ (၃) စားသုံးသူ၏ ဆုံးရှုံးနစ်နာမှုသည် မိမိ၏ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကြောင့် မဟုတ်ပါက နာမည်ကောင်းပြန်လည်ရရှိရေး ဆောင်ရွက်နိုင်ခြင်း၊ (၄) စားသုံးသူ၏ ဆုံးရှုံးနစ်နာမှုသည် ၎င်းဝယ်ယူသောကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကြောင့် မဟုတ်ကြောင်း ဥပဒေနှင့်အညီ သက်သေပြနိုင်ပါက နာမည်ကောင်းကို ပြန်လည်ရရှိနိုင်ခြင်း။ (ခ) စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်- (၁) စီးပွားရေးလုပ်ငန်းကို စီးပွားရေးကျင့်ဝတ်စည်းကမ်းနှင့်အညီ လုပ်ကိုင်ခြင်း၊ (၂) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ် ရှင်းလင်းမှန်ကန်သော သတင်းအချက်အလက်များ ပေးခြင်း၊ (၃) စားသုံးသူများကို ခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊ (၄) ရောင်းဝယ်သော သို့မဟုတ် ထုတ်လုပ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို သတ်မှတ်ထား သော စံချိန်စံညွှန်း၊ အရည်အသွေးများအပေါ် အခြေခံ၍ အာမခံချက်ပေးခြင်း၊ (၅) အရည်အသွေးစမ်းသပ်ရန် လိုအပ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဝယ်ယူခြင်း မပြုမီ စားသုံးသူများအား စမ်းသပ်နိုင်သည့် အခွင့်အရေးပေးခြင်း၊ (၆) အာမခံပေးထားသည့်ကာလအတွင်း ကုန်စည်ကို စားသုံးခြင်း သို့မဟုတ် ဝန်ဆောင်မှုကို သုံးစွဲခြင်း တို့ကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ အာမခံချက်ပေးအပ်ထားသည့်အတိုင်း တာဝန်ယူဆောင် ရွက်ပေးခြင်း၊ (၇) စားသုံးသူက လက်ခံရရှိထားသော သို့မဟုတ် အသုံးပြုထားသောကုန်စည်သည် သဘောတူညီချက် နှင့် ကိုက်ညီမှုမရှိပါက သဘောတူညီထားသည့် စည်းကမ်းအတိုင်း တာဝန်ယူဆောင်ရွက်ပေးခြင်း၊ (၈) ဝန်ဆောင်မှုလုပ်ငန်းလုပ်ဆောင်ရာတွင် သဘောတူညီထားသော သဘောတူညီချက် သို့မဟုတ် စာချုပ်ပါ ဝန်ခံကတိအတိုင်း တိကျစွာလိုက်နာဆောင်ရွက်ခြင်း၊ (၉) စားသုံးသူအငြင်းပွားမှုကို သက်ဆိုင်ရာမှ ဖြေရှင်းနေစဉ် လူထုဆက်သွယ်ရေးနည်းလမ်းများဖြင့် ဖြစ်စေ၊ အခြားနည်းလမ်းဖြင့်ဖြစ်စေ သက်ဆိုင်ရာစားသုံးသူအပေါ် ထိခိုက်နစ်နာစေရန် ပြောဆိုခြင်း၊ ရေးသားခြင်း နှင့် ပြုမူခြင်းတို့ကို ရှောင်ကြဉ်ခြင်း။   စားသုံးသူအကာအကွယ်ပေးရေး ဥပဒေ ပုဒ်မ ၈ မှ ၁၅ အထိ စီးပွားရေးလုပ်ငန်းရှင်အတွက် တားမြစ်ချက်များကို ပြဌာန်းထားပါသည်။ ၈။ စီးပွားရေးလုပ်ငန်းရှင်သည် အောက်ပါတို့ကို ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း၊ ဆောင်ရွက်ခြင်းမပြုရ- (က) သက်ဆိုင်ရာကုန်စည်၏ သတင်းအချက်အလက် သို့မဟုတ် တံဆိပ်အမှတ်အသားပေါ်တွင် ဖော်ပြထားသော အခြေအနေ၊ အာမခံချက်၊ ထူးခြားချက်၊ အကျိုးသက်ရောက်မှု၊ အသားတင်အလေး ချိန်၊ အသားတင်ထုထည်၊ စုစုပေါင်းပမာဏ၊ အရည်အသွေး၊ အဆင့်အတန်း၊ ဖွဲ့စည်းပုံ၊ ပြုလုပ်ပုံနည်းလမ်း၊ ပုံစံတို့နှင့် ကိုက်ညီမှုမရှိသောကုန်စည်၊ (ခ) တံဆိပ်အမှတ်အသားပါအချက်အလက် သို့မဟုတ် ကြော်ငြာနှင့် အရောင်းမြှင့်တင်ရေးတို့တွင် ပါဝင်သော ဖော်ပြချက်တို့နှင့် ကိုက်ညီမှုမရှိသောကုန်စည်၊ (ဂ) အမည်၊ အရွယ်အစား၊ အသားတင်အလေးချိန်၊ ထုထည်၊ ဖွဲ့စည်းပုံ၊ ညွှန်ကြားချက်၊ ထုတ်လုပ်သည့်ရက်စွဲနှင့် ထုတ်လုပ်သည့်အမှတ်စဉ်၊ နောက်ဆုံးသုံးစွဲရမည့် ရက်စွဲ၊ ဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်၊ ထုတ်လုပ်သည့် ကုမ္ပဏီအမည်နှင့်လိပ်စာ၊ ရောင်းချဖြန့်ဖြူးသူအမည်၊ အမှတ်တံဆိပ်၊ သတင်းအချက်အလက်နှင့် ကြိုတင်သတိပေးချက်တို့ မပါရှိသောကုန်စည်၊ (ဃ) သုံးစွဲပုံနှင့်ပတ်သက်သော သတင်း၊ အချက်အလက် သို့မဟုတ် ညွှန်ကြားချက်များကို ဗဟိုကော်မတီက သတ်မှတ်ထားသောနေ့ရက်မှစ၍ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာနှင့်အခြားဘာသာ တွဲလျက်ဖြစ်စေ ဖော်ပြထားခြင်းမရှိသောကုန်စည်၊ (င) မူလထွက်ရှိသည့်နေရာ သို့မဟုတ် ထုတ်လုပ်သည့်နေရာနှင့်စပ်လျဉ်း၍ မမှန်မကန်ဖော်ပြထားသည့် ကုန်စည်၊ (စ)ပြည်တွင်းပြည်ပအသိအမှတ်ပြုဌာန သို့မဟုတ် အဖွဲ့အစည်းတစ်ခုခု၏ ထောက်ခံချက်အရဖြစ်စေ၊ သတ်မှတ်ထားသော စံသတ်မှတ်ချက်များအရဖြစ်စေ ကိုက်ညီမှုမရှိသောကုန်စည်၊ (ဆ) သက်ဆိုင်ရာအဖွဲ့အစည်းက သိပ္ပံနည်းကျသုတေသနပြုဆောင်ရွက်ချက်၊ တွေ့ရှိချက်အထောက်အ ထားများ မရှိဘဲ ကျန်းမာရေးနှင့် အာဟာရဆိုင်ရာအာမခံချက်များ ဖော်ပြထားသည့် ကုန်စည်၊ (ဇ) သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိသောကုန်စည်၊ (ဈ) သက်ဆိုင်ရာဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်တွင် ဖော်ပြထားသောအခြေ အနေ၊ အာမခံချက်၊ ထူးခြားချက်၊ ကာလသတ်မှတ်ချက်၊ အကျိုးသက်ရောက်မှုတို့နှင့်ကိုက်ညီမှုမရှိသော ဝန်ဆောင်မှု၊ (ည) ကြော်ငြာနှင့် အရောင်းမြှင့်တင်ရေးတို့တွင် ပါဝင်သော ဖော်ပြချက်တို့နှင့် ကိုက်ညီမှုမရှိသောဝန် ဆောင်မှု။ ၉။ စီးပွားရေးလုပ်ငန်းရှင်သည် အောက်ပါအခြေအနေများတွင် ဝယ်ယူသူ သို့မဟုတ် အသုံးပြုသူအား ထင်ယောင်ထင်မှားဖြစ်စေရန် ရည်ရွယ်၍ ရောင်းချရန် ကမ်းလှမ်းခြင်းသော်လည်းကောင်း၊ အရောင်း မြှင့်တင်ခြင်းသော်လည်းကောင်း၊ ကြော်ငြာခြင်းသော်လည်းကောင်းမပြုလုပ်ရ- (က) ထုတ်ဖော်ညွှန်းဆိုထားသော အရည်အသွေးစံချိန်စံညွှန်း၊ ပုံစံ သို့မဟုတ် နည်းလမ်း၊ ထူးခြား သောလက္ခဏာ၊ အသုံးပြုမှုတို့နှင့် ကိုက်ညီမှုမရှိသည့် ဈေးနှုန်းလျှော့ပေးထားသောကုန်စည် သို့မဟုတ် အထူးဈေးနှုန်းသတ်မှတ်ထားသောကုန်စည်ဖြစ်ခြင်း၊ (ခ) သစ်လွင်ကောင်းမွန်သော အခြေအနေတွင်မရှိသော ကုန်စည်ဖြစ်ခြင်း၊ (ဂ)  အခြားကုမ္ပဏီတစ်ခုခု၏ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ခိုင်မာသောထောက်ပံ့မှုနှင့် အာမခံမှု ပြုခြင်း၊ (ဃ) အသုံးမပြုနိုင်သော သို့မဟုတ် မရရှိနိုင်သောကုန်စည် သို့မဟုတ် ဝန်ဆောင်မှုဖြစ်ခြင်း၊ (င) အပြစ်အနာအဆာ၊ ချွတ်ယွင်းချက်များကို ဖုံးကွယ်ထားသည့်ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု ဖြစ်ခြင်း၊ (စ) အခြားသောကုန်စည် သို့မဟုတ်  ဝန်ဆောင်မှုကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ ချိုးနှိမ် ဖော်ပြ ခြင်း၊ (ဆ) သတင်းအချက်အလက်အပြည့်အစုံ ခိုင်မာမှုမရှိသော ချဲ့ကားဖော်ပြမှုများကို အသုံးပြုခြင်း၊ (ဇ) မသေချာမရေရာသော ကတိကဝတ်ပြုမှုများဖြင့် ကမ်းလှမ်း၍ ရောင်းချသော သို့မဟုတ် ပေးအပ် သောကုန်စည် သို့မဟုတ် ဝန်ဆောင်မှုဖြစ်ခြင်း။ ၁၀။ စီးပွားရေးလုပ်ငန်းရှင်သည် ရောင်းဝယ်မှုပြုလုပ်ရာတွင် စားသုံးသူအား အောက်ပါအခြေအနေတစ် ခုခုဖြင့် လိမ်လည်လှည့်ဖြားမှုမပြုရ- (က) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုသည် သတ်မှတ်စံချိန်စံညွှန်း၊ အရည်အသွေးတို့နှင့် ကိုက်ညီ သည်ဟု မမှန်မကန်ဖော်ပြခြင်း၊ (ခ) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏ ချွတ်ယွင်းချက်ကို ဖုံးကွယ်ဖော်ပြခြင်း၊ (ဂ) ကမ်းလှမ်းထားသော ကုန်စည်မဟုတ်ဘဲ အခြားကုန်စည်ကို အစားထိုးရောင်းချခြင်း၊ (ဃ) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအား အရောင်းမြှင့်တင်ရောင်းချခြင်းမပြုလုပ်မီ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏ဈေးနှုန်းများကို တိုးမြှင့်ခြင်း၊ (င) နောက်ဆုံးသုံးစွဲရမည့်ရက်စွဲ ကျော်လွန်နေသော ကုန်စည်ကို ပြုပြင်မွမ်းမံ၍ ရောင်းချခြင်း၊ ရောနှော ရောင်းချခြင်း၊ (စ) အမျိုးအစားတူ အရည်အသွေးနိမ့်ကုန်စည်ကို ရောနှောရောင်းချခြင်းနှင့် အမျိုးအစားမတူ စားသုံး ရန် မသင့်သောကုန်စည်ကို ရောနှော ရောင်းချခြင်း။ ၁၁။ စီးပွားရေးလုပ်ငန်းရှင်သည် မူလက ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို သတ်မှတ်ထားသောကာလ အတွင်း ရောင်းချရန် သို့မဟုတ် ကမ်းလှမ်းထားသော၊ အရောင်းမြှင့်တင်ထားသော၊ ကြေညာထားသော ပမာဏ၊ အရေအတွက်အတိုင်း ရောင်းချရန် အစီအစဉ်မရှိဘဲ ယင်းတို့ကို အချိန်ကာလတစ်ခုအတွင်း အထူးဈေးနှုန်းဖြင့် ရောင်းချရန် ကမ်းလှမ်းခြင်း၊ အရောင်းမြှင့်တင်ခြင်း နှင့် ကြေညာခြင်းတို့ မပြုရ။ ၁၂။ စီးပွားရေးလုပ်ငန်းရှင်သည် အခြားကုန်စည်ကို ဆုကြေးအနေဖြင့်ပေးရန် သို့မဟုတ် အခမဲ့ဝန် ဆောင်မှုပေးရန် ကတိပြုထားသော်လည်း အမှန်တကယ်ပေးအပ်နိုင်ခြင်းမရှိပါက ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရောင်းချရန် ကမ်းလှမ်းခြင်း၊ အရောင်းမြှင့်တင်ခြင်း သို့မဟုတ် ကြေညာခြင်း မပြုရ။ ၁၃။ စီးပွားရေးလုပ်ငန်းရှင်သည် စားသုံးသူ၏ ရုပ်ပိုင်းဆိုင်ရာကိုဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာကိုဖြစ်စေ အနှောက်အယှက်ဖြစ်စေမည့် နည်းလမ်းတစ်ခုခုဖြင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအား ရောင်းချရန်ကမ်းလှမ်းခြင်း သို့မဟုတ် ကြေညာခြင်း မပြုရ။ ၁၄။ စီးပွားရေးလုပ်ငန်းရှင်သည်  အောက်ပါကြော်ငြာအမျိုးအစားများကို ကြေငြာခြင်းမပြုလုပ်ရ- (က) ကုန်စည်၏ အရည်အသွေး၊ အရေအတွက်၊ ကုန်စည်တွင် ပါဝင်သောပစ္စည်းများ၊ ကုန်စည်အား အသုံးပြုပုံ၊ ကုန်စည်၏ဈေးနှုန်း၊ ဝန်ဆောင်မှုနှုန်းထားနှင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ပေးအပ် နိုင်သည့်အချိန်တို့နှင့်စပ်လျဉ်း၍ စားသုံးသူများအား လိမ်လည်ထားသောကြော် ငြာများ၊ (ခ) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏ အာမခံပေးထားမှုအပေါ် လိမ်လည်ထားသောကြော်ငြာများ၊ (ဂ) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ မဟုတ်မမှန်သောသတင်းအချက်အလက်များပါဝင် သည့် ကြော်ငြာများ၊ (ဃ) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို အသုံးပြုခြင်းဖြင့် အန္တရာယ်ရှိမှုအား အသိပေးခြင်းမရှိသော ကြော်ငြာများ၊ (င) သက်ဆိုင်သူ၏ ခွင့်ပြုချက်မရရှိဘဲ တစ်စုံတစ်ဦး သို့မဟုတ် အဖြစ်အပျက်တစ်ခုအပေါ် အသုံးပြု ထားသော ကြော်ငြာများ၊ (စ) ဥပဒေပြဋ္ဌာန်းချက်များ၊ လူမှုကျင့်ဝတ်များကို ဖောက်ဖျက်သည့် ကြော်ငြာများ။ ၁၅။ စီးပွားရေးလုပ်ငန်းရှင် သို့မဟုတ် ကြော်ငြာလုပ်ငန်းဆောင်ရွက်သူတို့သည် မိမိတို့ကြော်ငြာ၏ အကျိုးဆက်များကို တာဝန်ယူရမည်။   စားသုံးသူအကာအကွယ်ပေးရေး ဥပဒေ ပုဒ်မ ၂၃ နှင့် ၂၄ တို့တွင် ပြစ်မှုနှင့်ပြစ်ဒဏ်များကို ပြဌာန်းထားပါသည်။ ၂၃။ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ ၉၊ ပုဒ်မ ၁၀၊ ပုဒ်မ ၁၁၊ ပုဒ်မ ၁၂၊ ပုဒ်မ ၁၃ သို့မဟုတ် ပုဒ်မ ၁၄ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်းငါးဆယ်ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးဖြစ်စေ ချမှတ်ခြင်းခံရမည်။ ၂၄။ ပုဒ်မ ၂၃ အရ ပြစ်ဒဏ်ကျခံစေရကာမူ စားသုံးသူသည် မိမိ၏နစ်နာမှုအတွက် တရားမကြောင်း အရလည်း တရားစွဲဆိုနိုင်သည်။   စားသုံးသူအကာအကွယ်ပေးရေးကိစ္စရပ်များတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက်  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက စားသုံးသူကာကွယ်ပေးရေးဥပဒေကို အသစ်ပြန်လည်ရေးဆွဲခဲ့ပြီး စားသုံးသူကာကွယ်ပေးရေးဥပဒေမူကြမ်းကို ၂၀၁၇၊ အောက်တိုဘာလ ၂၇ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာနှင့် ကြေးမုံ သတင်းစာတို့တွင် ဖော်ပြခဲ့ပါသည်။  မကြာမီတွင် စားသုံးသူကာကွယ်ပေးရေးဥပဒေ အသစ် ထွက်ပေါ်လာမည်ဖြစ်ပါသည်။
လယ်ယာမြေ လုပ်ပိုင်ခွင့်

လယ်ယာမြေ လုပ်ပိုင်ခွင့်

လယ်ယာမြေ ဥပဒေကို ၂၀၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၁ ဖြင့် ပြဌာန်းခဲ့ပါသည်။
၂၀၁၂ ခုနှစ် သြဂုတ် ၃၁ ရက် (၁၃၇၄ ခုနှစ်၊ ဝါခေါင်လဆန်း၁၄ ရက်) တွင် လယ်ယာမြေဥပဒေ ပုဒ်မ ၂ အရ စတင်အာဏာတည်သည်ဟု သတ်မှတ်လိုက်ကြောင်း ကြေညာခဲ့ပါသည်။

လယ်ယာမြေ ဥပဒေ ပုဒ်မ ၃ (က) တွင်
လယ်ယာမြေ ဆိုသည်မှာ လယ်မြေ၊ ယာမြေ၊ ကိုင်းကျွန်းမြေ၊ တောင်ယာမြေ၊ နှစ်ရှည်ပင်စိုက်ပျိုးသောမြေ၊ ဓနိမြေ၊ ဥယျာဉ်မြေဟုသော်လည်းကောင်း၊ ဟင်းသီးဟင်းရွက်၊ ပန်းမန်စိုက်ပျိုးသည့်ခြံမြေဟုသော်လည်းကောင်း၊ မြေနုကျွန်းမြေဟုသော်လည်းကောင်း သတ်မှတ်သည့်မြေများကို ဆိုသည်။ ယင်းစကားရပ်တွင် မြို့နယ်နိမိတ်၊ ကျေးရွာနယ်နိမိတ်အတွင်းရှိ လူနေအိမ်ရာများ၊ ဘာသာရေးအဆောက်အအုံနှင့် ပရဝဏ်များ၊ အများပိုင်ဆိုင်၍ စိုက်ပျိုးရေးအတွက် အသုံးမပြုသော မြေများမပါဝင် ဟုပြဌာန်းထားပါသည်။

လယ်ယာမြေ ဥပဒေ ပုဒ်မ ၃ (ခ) တွင်
လယ်မြေဆိုသည်မှာ သဘာဝအရသော်လည်းကောင်း၊ လူတို့ဖန်တီးသော နည်းလမ်းအရ သော်လည်းကောင်း စိုက်ပျိုးရေးရယူပြီး ရေထိန်းသိမ်းနိုင်စေရန် ဆောင်ရွက်ထားသည့် စပါးသီးနှံ အဓိက စိုက်ပျိုးသော မြေကိုဆိုသည်။
လယ်ယာမြေဥပဒေ ပုဒ်မ ၃ (ဂ) တွင်
မြေနုကျွန်းမြေဆိုသည်မှာ ရေအောက်သို့နစ်မြုပ်ခဲ့ပြီး နှစ်စဉ်ရေကြောင်းအနေအထားအရ မြေသားနှင့်ပုံသဏ္ဌာန် ပြောင်းလဲသည့် ခိုင်မြဲမှုမရှိသော မြေကိုဆိုသည် ဟုပြဌာန်းထားပါသည်။

၂၀၁၂ ခုနှစ်၊ လယ်ယာမြေ ဥပဒေအာဏာတည်ပြီးနောက် လယ်ယာမြေကို လက်ဝယ်ထားရှိ စိုက်ပျိုးလုပ်ကိုင်အသုံးချ ခွင့်ရလိုသူသည် လယ်ယာမြေဥပဒေအရထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လယ်ယာမြေလုပ်ပိုင်ခွင့် လျှောက်ထားရမည်ဖြစ်ပါသည်။ လယ်ယာမြေနည်းဥပဒေ ၃ အရ

အောက်ပါအချက်တစ်ရပ်ရပ်တွင်အကျူံးဝင်သည့် အသက် ၁၈ နှစ်ပြည့်ပြီးသော နိုင်ငံသားသည် လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိရန် လယ်ယာမြေလုပ်ပိုင်ခွင့် လျှောက်လွှာ (ပုံစံ-၁) ကို သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးတွင် အခမဲ့ရယူ၍ ပြည့်စုံစွာဖြည့်စွက်ပြီး ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့မှတစ်ဆင့် မြို့နယ်ဦးစီးဌာနရုံးသို့ လျှောက်ထား ရမည်-
(က) လယ်ယာမြေကိုလက်ရှိအသုံးပြုခွင့်ရရှိထားသော တောင်သူလယ်သမား အိမ်ထောင်သားစု သို့မဟုတ် အိမ်ထောင်သားစုဝင်ဖြစ်ခြင်း၊
(ခ) လယ်ယာမြေကိုလက်ရှိအသုံးပြုခွင့်ရရှိထားသော အိမ်ထောင်သားစုအကြီးအကဲ သို့မဟုတ် အိမ်ထောင်သားစုတွင် ပါဝင်သူတစ်ဦး သို့မဟုတ်အုပ်ထိန်းသူဖြစ်ခြင်း၊
(ဂ) တစ်လုံးတစ်စည်းတည်းဖြစ်၍ ပစ္စည်းမခွဲဝေရသေးသော တောင်သူလယ်သမား အိမ်ထောင် မိသားစုတွင်ပါဝင်သူတစ်ဦးဦး၏ အမည်ဖြင့်ထားရှိသော လယ်ယာမြေအားလုံးကို ထိုအိမ်ထောင်သားစုတွင် ပါဝင်သူအားလုံးက ပူးတွဲလက်ရှိ အသုံးပြုခွင့်ရရှိထားပါက ယင်းအကျိုးတူခံစားခွင့်ရှိသော တောင်သူလယ်သမား အိမ်ထောင်သားစုဖြစ်ခြင်း၊
(ဃ) လယ်ယာမြေဥပဒေ အာဏာမတည်မီလယ်ယာမြေ နှင့်သက်ဆိုင်သော တည်ဆဲဥပဒေနှင့်အညီ တရားဝင်လက်ရှိ လက်ငုတ်လုပ်ကိုင်နေသူဖြစ်ခြင်း၊
(င) လယ်ယာမြေဥပဒေ ပြဋ္ဌာန်းပြီးနောက်ယင်းဥပဒေနှင့်အညီဖြစ်စေ၊ ယင်းဥပဒေအရပြုသည့် နည်းဥပဒေများနှင့်အညီဖြစ်စေ တရားဝင်အကျိုးခံစားခွင့်ရှိသူဖြစ်ခြင်း၊
(စ) လျှောက်ထားသည့်လယ်ယာမြေတွင် အမှန်တကယ်လုပ်ကိုင်နေသူဖြစ်ကြောင်း ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် လယ်နီးချင်းသက်သေနှစ်ဦးတို့က ထောက်ခံသူဖြစ်ခြင်း၊
(ဆ) ဦးစီးဌာန၏မှတ်တမ်းများအရ လယ်ယာမြေကိုအသုံးပြုခွင့်ရရှိထားသူဖြစ်ကြောင်းအတည်ပြု ခံရသူဖြစ်ခြင်း၊
(ဇ) လယ်ယာမြေကိုအသုံးပြုခွင့်ရရှိနိုင်ရန် အထောက်အထား တင်ပြနိုင်သူဖြစ်ခြင်း၊

လယ်ယာမြေလုပ်ပိုင်ခွင့်နှင့်စပ်လျဉ်း၍ ယင်းဥပဒေပုဒ်မ ၃ (ဃ) တွင် အဓိပ္ပာယ်ဖွင့်ဆိုထားရာ၌ လယ်ယာမြေလုပ်ပိုင်ခွင့်ဆိုသည်မှာ နိုင်ငံတော်သည် မြေယာအားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်၍ လယ်ယာမြေကို စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရန်အလို့ငှာ ဤဥပဒေ၊ ဤဥပဒေအရထုတ်ပြန်သည့် နည်းဥပဒေ စည်းမျဉ်း စည်းကမ်းများနှင့်အညီ လက်ဝယ်ထားရှိ စိုက်ပျိုးလုပ်ကိုင် အသုံးချခွင့်ပြုခြင်းကို ဆိုလိုသည် ဟု ဖော်ပြထားပါသည်။

လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်ထားလွှာအပေါ် မြို့နယ်ဦးစီးဌာနရုံးသည် လယ်ယာမြေလုပ်ပိုင်ခွင့် လုပ်ငန်းစာတွဲ ဖွင့်လှစ်၍ ၁၅ ရက်အတွင်း ကန့်ကွက်ရန် ရှိ မရှိ လယ်ယာမြေနည်းဥပဒေ ၆ အရ ကြော်ငြာရမည်ဖြစ်ပြီး ကန့်ကွက်ချက်ရှိပါက ၇ ရက်အတွင်း စုံ စမ်းစစ်ဆေးတင်ပြစေရန် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ထံ နည်း ဥပဒေ ၉ အရ အကြောင်းကြားရမည်ဖြစ်သည်။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲ မှုအဖွဲ့၏ စုံစမ်းစစ်ဆေးတွေ့ရှိချက်အပေါ် မြို့နယ်ဦးစီးဌာနရုံးသည် မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ သို့လည်းကောင်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့လည်းကောင်း၊ သဘောထားမှတ်ချက်အဆင့်ဆင့်တင်ပြပြီး ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ခွင့်ပြုကြောင်း အကြောင်းကြားချက်အရ မြို့နယ်ဦးစီးဌာနရုံးတွင် မှတ်ပုံတင်ကြေးပေးသွင်းစေ၍ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ ၇) ထုတ်ပေးရမည်ဖြစ်ကြောင်း လယ်ယာမြေနည်းဥပဒေ ၉ မှ ၁၄ တို့တွင် ဖော်ပြထားပါသည်။

လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်ကို လယ်ယာမြေဥပဒေပုဒ်မ ၆ အရ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က သက်ဆိုင်ရာ ခရိုင် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ သဘောတူညီချက်ဖြင့် မြို့နယ်ဦးစီးဌာနရုံးတွင် သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်ကြေးပေးဆောင်စေ၍ မှတ်ပုံတင်ပြီးမှ ထုတ်ပေးရမည်ဖြစ်သည်။ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကသာ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိမည်ဖြစ်သည်။

လယ်ယာမြေဥပဒေပုဒ်မ ၉ တွင်
လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူသည် အောက်ပါအခွင့်အရေးများကို ရရှိစေရမည်-
(က) လယ်ယာမြေကို လက်ရှိထားပိုင်ခွင့် ၊ လယ်ယာမြေလုပ်ပိုင်ခွင့်၊ ယင်းသို့ လုပ်ပိုင်ခွင့်မှ ပေါ်ထွက်လာသည့် အကျိုးအမြတ်ကို ခံစားပိုင်ခွင့်၊
(ခ) လယ်ယာမြေကို အားလုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ လုပ်ပိုင်ခွင့်အား သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်နှင့် ပေးကမ်းခွင့်၊
(ဂ) လယ်ယာမြေလုပ်ပိုင်ခွင့်ကို အမွေဆက်ခံခြင်းနှင့် စပ်လျဉ်း၍ အငြင်းပွားမှု ပေါ်ပေါက်လာပါက တည်ဆဲ ဥပဒေနှင့်အညီ သက်ဆိုင်ရာ တရားရုံး၏ အဆုံးအဖြတ်ခံယူနိုင်ခွင့်၊
(ဃ) သတ်မှတ်သည့် စည်းကမ်းချက်များကို ဖောက်ဖျက်ခြင်းမရှိသရွေ့လယ်ယာမြေလုပ်ပိုင်ခွင့်၊
(င) လယ်ယာမြေတွင် စိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်သမဝါယမအသင်း၏ ရင်းနှီးမြှုပ်နှံမှုနှင့် လည်းကောင်း၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများနှင့်လည်းကောင်း အကျိုးတူ လုပ်ကိုင်ခွင့်၊
(စ) လယ်ယာမြေတွင် နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသားပါဝင်သောအဖွဲ့အစည်းနှင့် ပူးပေါင်း၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ အကျိုးတူလုပ်ကိုင်ခွင့်။

လယ်ယာမြေဥပဒေပုဒ်မ ၁၂ တွင်
လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိသူသည်-
(က) ဤဥပဒေတွင် ပြဋ္ဌာန်းထားသည့်အတိုင်း လယ်ယာမြေကို လုပ်ကိုင်ရမည်။
(ခ) လယ်ယာမြေနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနက စည်းကြပ်သောမြေခွန်နှင့်အခြား အခွန်အခများကို ပေးဆောင်ရမည်။
(ဂ) လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်းတို့ကို ဆောင်ရွက်သည့်အခါ ဦးစီးဌာနကသတ်မှတ်သည့် တံဆိပ်ခေါင်းခွန်နှင့် စာချုပ် စာတမ်းမှတ်ပုံတင်ခတို့ကို ပေးဆောင်၍ သက်ဆိုင်ရာ မြို့နယ်ဦးစီးဌာနရုံး တွင် မှတ်ပုံတင်ရမည်။
(ဃ) တည်ဆဲဥပဒေနှင့်အညီ အမွေဆက်ခံခြင်းဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရရှိသည့်အခါ သတ်မှတ်ချက်များနှင့်အညီ သက်ဆိုင်ရာမြို့နယ် ဦးစီးဌာနရုံးတွင် မှတ်ပုံတင်ရမည်။
(င) စိုက်ပျိုးထုတ်လုပ်မှု အရင်းအနှီးအတွက်သာ လယ်ယာမြေလုပ်ပိုင်ခွင့်ကိုပေါင်နှံခွင့်ရှိပြီး အစိုးရဘဏ် သို့မဟုတ် အစိုးရက အသိအမှတ်ပြုသောဘဏ်တွင်သာ ပေါင်နှံရမည်။
(စ) သက်ဆိုင်ရာလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က တရားဝင်ချထားခြင်းမရှိဘဲ ကျူးကျော်လုပ်ကိုင်ခြင်း မပြုရ။
(ဆ) လယ်ယာမြေကို ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်းသုံးစွဲခြင်းမပြုရ။
(ဇ) လယ်ယာမြေကို မူလစိုက်ပျိုးလျက်ရှိသော သီးနှံအမျိုးအစားမှ အခြားသီးနှံအမျိုးအစားသို့ ခွင့်ပြုချက်မရှိဘဲ ပြောင်းလဲ စိုက်ပျိုးခြင်းမပြုရ။
(ဈ) ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ လယ်ယာမြေကို လှပ်ထားခြင်းမပြုရ။
(ည) လယ်ယာမြေလုပ်ပိုင်ခွင့်မရမီကာလအတွင်း သို့မဟုတ် လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွားမှု ဖြစ်ပေါ်နေသော ကာလအတွင်းလယ်ယာမြေကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် ပေးကမ်းခြင်းမပြုရ။

လယ်ယာမြေဥပဒေပုဒ်မ ၁၉ တွင်
ဤဥပဒေ ပုဒ်မ ၁၂ ပါ စည်းကမ်းချက်အားလုံးကိုဖြစ်စေ၊ စည်းကမ်းချက်တစ်ခုခုကိုဖြစ်စေ လိုက်နာရန် ပျက်ကွက်လျှင် ဝန်ကြီးဌာနက ဤကိစ္စအလို့ငှာ ခန့်အပ်သည့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် ဤဥပဒေနှင့် ဤဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေများနှင့်အညီ စုံစမ်း စစ်ဆေးပြီးနောက် အောက်ဖော်ပြပါ အမိန့်တစ်ရပ်ကို ဖြစ်စေ၊ တစ်ရပ်ထက်ပို၍ဖြစ်စေချမှတ်နိုင်သည်-
(က) သတ်မှတ်သည့်ဒဏ်ကြေးငွေ ပေးဆောင်စေခြင်း၊
(ခ) သတ်မှတ်သည့်နည်းလမ်းအတိုင်း လယ်ယာမြေကို ဆောင်ရွက်စေခြင်း၊
(ဂ) လယ်ယာမြေပေါ်မှ နှင်ထုတ်ထိုက်သူများကို နှင်ထုတ်ခြင်း၊
(ဃ) လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသောအဆောက်အအုံများကို ဖယ်ရှားခြင်း။

၂၀။ ပုဒ်မ ၁၉ ပါ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် ယင်းပုဒ်မအရ ချမှတ်သောအမိန့်ကို လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိသူက လိုက်နာခြင်းမရှိလျှင် ယင်းအမိန့်ပါ သတ်မှတ်ရက်ကျော်လွန်ပါက သက်ဆိုင်ရာ တရားရုံးသို့ ဦးတိုက်လျှောက်ထား တရားစွဲဆို နိုင်သည်။

၂၁။ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူသည် ဝန်ကြီးဌာနက စည်းကြပ်ကောက်ခံသည့်အခွန်အခများကို ပေးဆောင်ရန်ပျက်ကွက်လျှင် တည်ဆဲဥပဒေများနှင့်အညီ ထိုအခွန်အခများကို မြေခွန်မပြေ ကျန်ငွေဖြစ်ဘိသကဲ့သို့ ကောက်ခံခြင်းခံရမည်။

လယ်ယာမြေဥပဒေ ပုဒ်မ ၁၄ တွင် လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူသည် လယ်ယာမြေလုပ်ပိုင်ခွင့်အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်း ကို ဖြစ်စေနိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်မရရှိဘဲ မည်သည့်နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသား ပါဝင်သည့် အဖွဲ့အစည်းကိုမျှ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် ပေးကမ်းခြင်းမပြုရဟု ပြဌာန်းထားပြီး ပုဒ်မ ၃၇ တွင် မည်သည့်လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူမဆို ပုဒ်မ ၁၄ ပါ တားမြစ်ချက်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး တစ်နှစ်မှ အများဆုံး သုံးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့် အပြင် ကျပ် ဆယ်သိန်းအောက် မနည်းသည့် ငွေဒဏ် ကိုလည်းချမှတ်ရမည်။ ထို့ပြင် ပြစ်မှုနှင့်သက်ဆိုင်သော ငွေနှင့်ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်း ရမည် ဟု ပြဌာန်းထားပါသည်။

လယ်ယာမြေလုပ်ပိုင်ခွင့်အငြင်းပွားမှုဆိုသည်မှာ လယ်ယာမြေဥပဒေပုဒ်မ ၄၊ ၅၊ ၆ နှင့် ၇ အရ မြို့နယ်ဦးစီးဌာနရုံးတွင် သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်ပြီး လယ်ယာမြေလုပ် ပိုင်ခွင့်ပြုလက်မှတ် ထုတ်ပေးပြီးနောက်တွင် ပေါ်ပေါက်လာသည့် အငြင်းပွားမှု အရှုပ်အရှင်းကိုခေါ်သည်။
လယ်ယာမြေလုပ်ပိုင်ခွင့်ကိစ္စ အငြင်းပွားမှုအပေါ် ဖြေရှင်းခြင်း၊ အယူခံခြင်းနှင့်စပ်လျဉ်း၍ ရပ်ကွက်နှင့် ကျေးရွာအုပ်စုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က မူလမှုခင်းဖွင့်လှစ်၍ စုံစမ်းစစ်ဆေးခြင်း၊ ကြားနာခြင်းနှင့် ဆုံးဖြတ်ခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု လယ် ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ဆုံးဖြတ်ချက်ကို ချမှတ်သည့်နေ့မှ ရက် ၃၀ အတွင်း မြို့နယ်လယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့သို့လည်းကောင်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ဆုံးဖြတ်ချက်အပေါ် ရက် ၃၀ အတွင်း ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့လည်းကောင်း ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ဆုံးဖြတ် ချက်အပေါ် ရက် ၆၀ အတွင်း တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့လည်းကောင်း သတ်မှတ်ချက်များနှင့်အညီ အယူခံနိုင်ကြောင်း တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် ဖြစ်စေရမည်ဖြစ်ကြောင်း လယ်ယာမြေဥပဒေ အခန်း (၈) နှင့် လယ်ယာမြေနည်းဥပဒေ များ အခန်း (၇) တို့တွင် ပြဋ္ဌာန်းဖော်ပြထားပါသည်။

လယ်ယာမြေဥပဒေ၊ နည်းဥပဒေများအရ ရပ်ကွက်နှင့် ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ သည် လယ်ယာမြေလုပ်ပိုင်ခွင့်အငြင်းပွားမှုများအပေါ် မူလမှုခင်းဖွင့်လှစ်၍ စစ်ဆေးကြားနာဆုံးဖြတ်ခွင့် ရှိသော်လည်း ထိုသို့စစ်ဆေးကြားနာဆုံးဖြတ်နိုင်ရန်အတွက် လယ်ယာမြေဥပဒေပုဒ်မ ၁၃ အရ မြို့နယ် ဦးစီးဌာနရုံးတွင် သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်ထားရှိရန် လိုအပ်မည်ဖြစ်သည်။

လယ်ယာမြေဥပဒေပုဒ်မ ၉ (ဂ) ပြဋ္ဌာန်းချက်အရ အမွေဆက်ခံခြင်းနှင့်စပ်လျဉ်း၍ အငြင်းပွားမှုကို ဥပဒေနှင့်အညီ တရားရုံး၏ အဆုံးအဖြတ်ခံယူနိင်သည့် အခွင့်အရေးသည် ယင်းဥပဒေ ပုဒ်မ ၉ အရ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိထားပြီး သူများသာ ရရှိသော အခွင့်အရေးဖြစ်သည်။ အဆိုပါ ပြဋ္ဌာန်းချက်အရ တရားရုံးများသည် လယ်ယာမြေလုပ်ပိုင်ခွင့်ကို အမွေဆက်ခံခြင်းနှင့်စပ်လျဉ်းသည့် အငြင်းပွားမှုကိုသာ ဆုံးဖြတ်နိုင်ပြီး လယ်ယာမြေလုပ်ပိုင်ခွင့်ကို တရားရုံးများက အဆုံးအဖြတ် မပေးနိုင်ပေ။ လယ်ယာမြေလုပ်ပိုင်ခွင့်ရပြီးမှ အမွေဆက်ခံခွင့် အငြင်းပွားမှုကိုသာ တရားရုံးက အဆုံးအဖြတ်ပေးနိုင်မည်ဖြစ်ပါသည်။

လယ်ယာမြေ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ၂၀၁၇၊ ဇွန်လ ၁၅ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာနှင့် ကြေးမုံသတင်းစာတို့တွင် ဖော်ပြခဲ့ပြီး ဆွေးနွေးလျက်ရှိကာ မကြာခင်တွင် လယ်ယာမြေ ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ထွက်ပေါ်လာမည်ဖြစ်ပါသည်။

 

 

ကိုးကားချက်များ
၁။ လယ်ယာမြေဥပဒေ
၂။ လယ်ယာမြေနည်းဥပဒေများ
၃။ ဒေါ်ခင်ဆွေမြင့် နှင့် ဦးဝင်းရွှေ (ခ) ဦးဝင်းဆွေ ပါ ၃
၂၀၁၅ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ ၁၇
၎။ ဒေါ်ခင်စန်းလွင်နှင့် ဥက္ကဌ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ မွန်ပြည်နယ်ပါ ၎
၂၀၁၆ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ ၅၅
၅။ ဦးကြည်ရှင် နှင့် ဥက္ကဋ္ဌ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ တနင်္သာရီတိုင်းဒေသကြီး ပါ ၂
၂၀၁၆ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ ၁၇

လူ့အခွင့်အရေး (Human Rights)

လူ့အခွင့်အရေး (Human Rights)

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေကို ၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ် ၂၁ ဖြင့် ပြဌာန်းခဲ့ပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေ ပုဒ်မ ၂ (ဂ) ၌

လူ့အခွင့်အရေးဆိုရာတွင် အောက်ပါတို့ပါဝင်သည်-

(၁)    ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ အခွင့်အရေးများ၊

(၂)    ကုလသမဂ္ဂက ထုတ်ပြန်ကြေညာသော ကမ္ဘာ့လူ့အခွင့်အရေး  ကြေညာစာတမ်းပါ လူ့အခွင့် အရေးများ၊

(၃)    နိုင်ငံတော်ကလိုက်နာရန်ရှိသော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စာချုပ်များတွင်ပါရှိသည့် လူ့အခွင့်အရေးများ၊

လူ့အခွင့်အရေး၏ ဝိသေသလက္ခဏာများ

လူ့အခွင့်အရေးသည် လူသားအားလုံးနှင့်သက်ဆိုင်သည်။  ( Human rights are universal)

လူအခွင့်အရေးသည် လူတိုင်းအတွက် မွေးရာပါ အခွင့်အရေး ဖြစ်သည်။    ( Human rights are inherent)

လူ့အခွင့်အရေးကို ဖယ်ရှားနှုတ်ပယ်၍မရပါ။ ( Human rights are inalienable)

လူ့အခွင့်အရေးကို ခွဲခြမ်း၍မရပါ။  ( Human rights are indivisible)

လူ့အခွင့်အရေးသည် အပြန်အလှန်အမှီသဟဲပြုနေကြသည်။ (Human rights are interdependent and interrelated )

ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း (အနှစ်ချုပ်)

အပိုဒ် (၁)     လူတိုင်း မွေးကတည်းက တူညီသော ဂုဏ်သိက္ခာနှင့် အခွင့်အရေးရှိသည်။ တစ်ဦးကို တစ်ဦးညီရင်းအစ်ကို စိတ်ဓာတ်ကျင့်သုံးသင့်သည်။

အပိုဒ် (၂)      လူတိုင်း လူမျိုး၊ အသားအရောင်၊ ကျား မ၊ ဘာသာစကား၊ ကိုးကွယ်သည့် ဘာသာ၊ နိုင်ငံရေး၊ ပစ္စည်းဂုဏ်၊ မျိုးရိုးဂုဏ်စသည်တို့ကို အကြောင်းပြု၍ ခွဲခြားမှုမျိုး မပြုလုပ်ရ။

အပိုဒ် (၃)     လူတိုင်း အသက်ရှင်သန်ခွင့်၊ လွတ်လပ်ခွင့်နှင့် လူပုဂ္ဂိုလ် လုံခြုံမှုရခွင့် ရှိသည်။

အပိုဒ် (၄)    မည်သူ့ကိုမျှ ကျွေးကျွန်အဖြစ် သို့မဟုတ် အစေအပါးအဖြစ် မပြုရ။

အပိုဒ် (၅)    မည်သူ့ကိုမျှ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ရက်စက်စွာပြုမှု ဆက်ဆံခြင်း သို့မဟုတ် အပြစ်ဒဏ် ပေးခြင်းမပြုရ။

အပိုဒ် (၆)    လူတိုင်း တရားဥပဒေရှေ့မှောက်တွင် လူသားဆန်ဆန် ဆက်ဆံခံခွင့်ရှိသည်။

အပိုဒ်(၇)    လူတိုင်း ဥပဒေရှေ့မှောက်တွင် တန်းတူဖြစ်သည်။

အပိုဒ်(၈)    လူတိုင်း ဥပဒေအရ ခံစားခွင့်ရှိသည့် မူလအခွင့်အရေးများ ဖောက်ဖျက်ခံရလျှင် ဥပဒေ၏ အကူအညီ ရယူခွင့်ရှိသည်။

အပိုဒ်(၉)    မည်သူ့ကိုမျှ မတရားဖမ်းဆီးချုပ်နှောင်ခြင်း တိုင်းပြည်မှ နှင်ထုတ်ခြင်းမပြုရ။

အပိုဒ်(၁၀)    လွတ်လပ်၍ ဘက်လိုက်မှုမရှိသော တရားရုံးတစ်ရပ်က အများပြည်သူ ရှေ့မှောက်တွင် တရားမျှတစွာ ကြားနားစစ်ဆေးခြင်းကို အညီအမျှ ရခွင့်ရှိသည်။

အပိုဒ်(၁၁)     ပြစ်မှုတစ်ရပ်ဖြင့် စွပ်စွဲခံရသော လူတိုင်း အပြစ်ရှိသည်ဟု တရားရုံးက ထင်ရှားစီရင်မှု မခံရ မချင်း အပြစ်မရှိသူဟု မှတ်ယူခံထိုက်သည်။

အပိုဒ်(၁၂)    လူတိုင်း မိမိ၏ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်နှင့် ဂုဏ်သိက္ခာအား ထိပါးပုတ်ခတ်လာပါက ဥပဒေအရ အကာအကွယ် ရပိုင်ခွင့်ရှိသည်။

အပိုဒ်(၁၃)    လူတိုင်း မိမိတိုင်းပြည်အတွင်း လွတ်လပ်စွာ သွားလာရွှေ့ပြောင်းခွင့်နှင့် နေထိုင်ခွင့်ရှိသည်။

အပိုဒ်(၁၄)    လူတိုင်းသည် မတရားနှိပ်စက်မှုမှ လွတ်ကင်းရန် အခြားနိုင်ငံများ၌ ခိုလှုံခွင့် တောင်းခံနိုင်သည်။

အပိုဒ်(၁၅)     လူတိုင်း နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားအဖြစ် ခံယူခွင့်ရှိသည်။

အပိုဒ်(၁၆)    အရွယ်ရောက်ပြီးသော သတို့သားနှင့် သတို့သမီး နှစ်ဦးဆန္ဒနှင့်အညီ ထိမ်းမြား လက်ထပ်နိုင်သည်။ အိမ်ရာထူထောင်နိုင်သည်။

အပိုဒ်(၁၇)    လူတိုင်း ကိုယ်ပိုင်ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့်ရှိသည်။ မတရားသိမ်းယူခြင်း မခံထိုက်စေရ။

အပိုဒ်(၁၈)    လူတိုင်း မိမိနှစ်သက်ရာ ဘာသာတရားကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိသည်။ မိမိဆန္ဒနှင့် အညီ အခြားဘာသာသို့ ကူးပြောင်းနိုင်သည်။

အပိုဒ်(၁၉)    လူတိုင်း လွတ်လပ်စွာ ထင်မြင်ယူဆခွင့်၊ ထုတ်ဖော်ပြောဆိုခွင့်ရှိသည်။ သတင်း အချက်အလက် များကိုလည်း ရယူခွင့်၊ ဖြန့်ချိခွင့်ရှိသည်။

အပိုဒ်(၂၀)    လူတိုင်းငြိမ်းချမ်းစွာ စုဝေးခွင့်၊ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်ရှိသည်။

အပိုဒ်(၂၁)    လူတိုင်း တန်းတူညီမျှ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်။ အစိုးရအုပ်ချုပ်မှု အာဏာသည် ပြည်သူ ပြည်သားတို့၏ ဆန္ဒအပေါ် အခြေခံရမည်။

အပိုဒ်(၂၂)    လူတိုင်း လူမှုဘဝလုံခြုံရေး ခံစားခွင့်ရှိသည်။

အပိုဒ်(၂၃)     လူတိုင်း အလုပ်လုပ်ခွင့်ရှိသည်။ အလုပ်လက်မဲ့ဖြစ်ခြင်းမှ အကာအကွယ် ရပိုင်ခွင့်ရှိသည်။ အလုပ်သမားသမဂ္ဂများ၌ ပါဝင်ဆောင်ရွက်ခွင့်ရှိသည်။

အပိုဒ်(၂၄)    အလုပ်လုပ်သူတိုင်း အလုပ်အားလပ်ရက်နှင့် အနားယူခွင့်ရှိသည်။

အပိုဒ်(၂၅)    လူတိုင်း လုံလောက်သည့် လူနေမှုအဆင့်အတန်း ရပိုင်ခွင့်ရှိသည်။ ဘဝလုံခြုံမှု ရပိုင်ခွင့် ရှိသည်။ လူမှုကာကွယ်စောင့်ရှောက်မှု ခံစားခွင့်ရှိသည်။

အပိုဒ်(၂၆)    လူတိုင်း ပညာသင်ယူခွင့်ရှိသည်။ အနည်းဆုံးမူလတန်းနှင့် အခြေခံပညာအဆင့်တို့တွင် အခမဲ့ ဖြစ်ရမည်။ မူလတန်းပညာသည် မသင်မနေရ ဖြစ်ရမည်။

အပိုဒ်(၂၇)    လူတိုင်း လူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှုဘဝ၌ လွတ်လပ်စွာ ပါဝင်ဆောင်ရွက်ခွင့်ရှိသည်။ အနုပညာနှင့် သိပ္ပံပညာတိုးတက်မှု အကျိုးရလဒ်များကို မျှဝေခံစားခွင့်ရှိသည်။

အပိုဒ်(၂၈)    လူတိုင်း ဤစာတမ်းပါ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို အပြည့်အဝခံစားနိုင်ရန် အကောင်အထည်ဖော်သည့် လုပ်ငန်းစဉ်များကို ခံစားခွင့်ရှိသည်။

အပိုဒ်(၂၉)    မိမိအခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို ကျင့်သုံးရာတွင် အခြားသူများ၏ အခွင့် အရေးနှင့် လွတ်လပ်ခွင့်များကို အသိအမှတ်ပြု လေးစားရမည်။

အပိုဒ်(၃၀)    ဤကြေညာစာတမ်းပါ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို ပျက်စီးရာပျက်စီးကြောင်း မည်သူမျှ မပြုလုပ်ရ။



မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေ 

ပုဒ်မ ၂၈ တွင် လူ့အခွင့်အရေးဖောက်ဖျက်မှုများ ကျယ်ပြန့်စွာ ဖြစ်ပွားနေသည်ကိုလည်းကောင်း၊ ဖောက်ဖျက်မှုသည် စနစ်တစ်ရပ်အဖြစ် ဦးတည်နေသည်ကိုလည်းကောင်း သိရှိပါက ကော်မရှင်သည် ဦးဆောင်ဦးရွက်ပြု၍ စုံစမ်းစစ်ဆေးခြင်းကို ဆောင်ရွက်နိုင်သည်။

ပုဒ်မ ၂၉ တွင် ကော်မရှင်သည် စုံစမ်းစစ်ဆေးမှုတစ်ရပ်ပြုလုပ်ရာတွင် သဘာဝတရားမျှတမှု သဘောတရားနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။ ထို့ပြင် တရားမကျင့်ထုံး၊ ရာဇဝတ်ကျင့်ထုံးနှင့် သက်သေခံအက်ဥပဒေတို့ပါ သက်ဆိုင်သည့်ပြဌာန်းချက်များကို ဆီလျော်သလို ကျင့်သုံးဆောင်ရွက် နိုင်သည်။

ပုဒ်မ ၃၀ တွင် လူ့အခွင့်အရေးဖောက်ဖျက်မှုရှိသည်ဟု စွပ်စွဲချက်နှင့် စပ်လျဉ်း၍ ပုဂ္ဂိုလ်တစ်ဦးသည် မိမိကိုယ်တိုင်အတွက်သော်လည်းကောင်း၊ အခြားသူတစ်ဦး တစ်ယောက်အတွက်သော်လည်းကောင်း၊ တူညီသောလူတစ်စုကို ကိုယ်စားပြု၍ သော်လည်းကောင်း၊ တိုင်တန်းလိုသည့် အကြောင်းအရင်း ဖော်ပြပြီး ကော်မရှင်သို့ တိုင်ကြားနိုင်သည်။

ပုဒ်မ ၃၇ တွင် ကော်မရှင်သည် အောက်ပါအကြောင်းတစ်ရပ်ရပ်နှင့် ငြိစွှန်းသော တိုင်တန်းချက်ကို စုံစမ်း စစ်ဆေးခြင်း မပြုလုပ်ရ-
(က)    တရားရုံး တစ်ခုခု၏ ရှေ့မှောက်၌ စစ်ဆေး ကြားနာဆဲအမှုများနှင့် တရားရုံးတစ်ခုခု၏ စီရင်ဆုံးဖြတ်ချက်အပေါ် အယူခံမှု သို့မဟုတ် ပြင်ဆင်မှု ဝင်ရောက်ဆဲအမှုများ၊
(ခ)    တရားရုံးတစ်ခုခုက အပြီးသတ်စီရင်ဆုံးဖြတ်ပြီးသောအမှုများ။

ပုဒ်မ ၃၈ တွင် ကော်မရှင်သည် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့်ဖြစ်စေ၊ ယင်းတို့နှင့် ဆက်နွယ်သည့် အဖွဲ့အစည်းများနှင့်ဖြစ်စေ သက်ဆိုင်သော တိုင်တန်းချက်အပေါ် ၎င်းတို့ဆက်လက် ဆောင်ရွက်နိုင်ရေးအတွက် မိမိ၏ စုံစမ်းတွေ့ရှိချက်ကို အကြံပြုတိုက်တွန်းချက်နှင့်အတူ သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းသို့ ပေးပို့ရမည်။ ယင်းဌာန၊ အဖွဲ့အစည်းသည် ကော်မရှင်၏ အကြံပြုတိုက်တွန်းချက်များနှင့် စပ်လျဉ်းသည့်အရေးယူ ဆောင်ရွက်ထားရှိမှု အခြေအနကို ရက်ပေါင်းသုံးဆယ်အတွင်း ကော်မရှင်သို့ ပြန်ကြားရမည်။ ထိုသို့ ပြန်ကြားရာတွင် တိုင်တန်းသူများ လက်တုံ့ပြန်မှု မခံရစေရေးအတွက် သေချာစေမည့် ဆောင်ရွက်ချက်ကိုလည်း ဖော်ပြရမည်။

ပုဒ်မ ၃၉ တွင် စုံစမ်းစစ်ဆေးမှုတစ်ရပ်ပြီးဆုံးသည့်အခါ ကော်မရှင်သည် လိုအပ်ပါက မိမိ၏ စုံစမ်းတွေ့ရှိချက်များနှင့် အကြံပြုချက်များကို နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံတင်ပြပြီး အများပြည်သူသိရှိနိုင်ရန်လည်း ထုတ်ပြန်နိုင်သည်။

ပုဒ်မ ၄၀ တွင် ကော်မရှင်သည် တိုင်တန်းချက်နှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရာတွင် ပုဂ္ဂိုလ်တစ်ဦးချင်း သို့မဟုတ် ပုဂ္ဂိုလ်များ၏ လူ့အခွင့်အရေးကို ဖောက်ဖျက်မှုရှိကြောင်း အထောက်အထား ခိုင်လုံစွာ တွေ့ရှိပါက ပုဒ်မ ၃၈ နှင့် ၃၉ တို့အရ တင်ပြသည့် အစီရင်ခံစာတွင် အောက်ပါတို့အတွက် အကြံပြုတိုက်တွန်းချက်များကို ဖော်ပြရမည်-
(က) လူ့အခွင့်အရေး ဖောက်ဖျက်မှုရှိကြောင်း အတည်ပြုချက်နှင့် ယင်းလူ့အခွင့်အရေး ဖောက်ဖျက်မှုများဆက်လက် မဖြစ်ပေါ်စေရေးနှင့် အလားတူဖောက်ဖျက်မှုများ ထပ်မံမဖြစ်ပွားစေရေး၊
(ခ) လူ့အခွင့်အရေး ဖောက်ဖျက်မှုကို ကုစားရန် ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် အဖွဲ့အစည်း တစ်ခုခုက သင့်လျော်သလို ဆောင်ရွက်ပေးရေး၊
(ဂ) လူ့အခွင့်အရေး ဖောက်ဖျက်မှုကြောင့် ထိခိုက်ဆုံးရှုံးနစ်နာမှုအတွက် လူ့အခွင့်အရေး ဖောက်ဖျက်ခြင်းခံရသူ ရသင့်ရထိုက်သည့် နစ်နာကြေးရရှိနိုင်ရေး၊
(ဃ) သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း၊ လုပ်ငန်း၊ ပုဂ္ဂိုလ် သို့မဟုတ် အာဏာပိုင်အဖွဲ့အစည်းက အရေးယူဆောင်ရွက်ရေးနှင့် ယင်းအကြံပြု တိုက်တွန်းချက်များအပေါ် ၎င်းတို့၏ အရေးယူဆောင်ရွက်ချက်များကို ကော်မရှင်သို့ သင့်လျော်သောအချိန်ကာလအတွင်း ပြန်ကြားရေး။
တို့ဖြစ်ပါသည်။

ကိုးကားချက်များ
၁။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေ
၂။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ လက်ကမ်းစာစောင်များ

အင်ကိုတမ်း ( Incoterms )

အင်ကိုတမ်း ( Incoterms )



အင်ကိုတမ်း ( Incoterms ) ဆိုသည်မှာ နိုင်ငံတကာ ကုန်စည် ကူသန်းရောင်းဝယ်မှု အသုံးအနှုန်းများ၊ စည်းမျဉ်းစည်းကမ်းများ ( International Commercial terms ) ၏ အတိုကောက်ဖြစ်ပါသည်။ ၎င်းအသုံးအနှုန်းများသည် ကမ္ဘာတစ်ဝှမ်းလုံးတွင်အသုံးပြုနေသော ကုန်ရောင်းစာချုပ်များနှင့် ဆက်စပ်နေပါသည်။


အင်ကိုတမ်းများကို အပြည်ပြည်ဆိုင်ရာကုန်သည်ကြီးများအသင်းမှ ထုတ်ဝေခဲ့ပါသည်။ ၁၉၂၃ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ကူသန်းရောင်းဝယ်မှု အသုံးအနှုန်းများ၊ စည်းမျဉ်းစည်းကမ်းများအား အပြည်ပြည်ဆိုင်ရာ ကုန်သည်ကြီးများအသင်းမှ ထုတ်ဝေခဲ့ပြီး ပထမအကြိမ်အဖြစ် အင်ကိုတမ်းဟုခေါ်ဆိုက  ၁၉၃၆ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့ပါသည်။ ထုတ်ဝေခဲ့သည့် အင်ကိုတမ်းများကို ၁၉၅၃ ခုနှစ်၊ ၁၉၆၇ ခုနှစ်၊ ၁၉၇၆ ခုနှစ်၊ ၁၉၈၀ ခုနှစ်၊ ၁၉၉၀ ခုနှစ်၊ ၂၀၀၀ ခုနှစ်တို့တွင် အသီးသီးပြင်ဆင်ခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် ရှစ်ကြိမ်မြောက် အဖြစ်ပြင်ဆင်ထုင်ဝေခဲ့ပြီးနောက် ယခုအချိန်အထိ ကျင့်သုံးလျက်ရှိပါသည်။


ကုန်သေတ္တာများသည် ခရီးဆုံးမရောက်မီ ရက်ပိုင်းများစွာသွားလာကြရသဖြင့် ၎င်းနေရက်များတွင် လုံခြုံဘေးကင်းရန်လိုအပ်ပါသည်။ ထို့ကြောင့် ကုန်ရောင်းသူများနှင့် ကုန်ဝယ်သူများသည် ကုန်ပစ္စည်းများကို ပို့ဆောင်ရာတွင် ရောင်းသူ၏ တာဝန်နှင့် ဝယ်သူတို့၏ တာဝန်တို့ကို ကြိုတင် သတ်မှတ်ထားရန် လိုအပ်ပါသည်။ အင်ကိုတမ်းများသည် ကုန်ပစ္စည်းများကို ဖြန့်ဖြူးရာတွင် ပေါ်ပေါက်လာနိုင်သော ရောင်းသူနှင့်ဝယ်ယူတို့၏ တာဝန်ယူမှုနှင့် တာဝန်ရှိမှုတို့အား ဖော်ပြထားခြင်း ဖြစ်ပါသည်။


အဆိုပါတာဝန်ယူမှုနှင့် တာဝန်ရှိမှုတို့မှာ


၁။ ကုန်ပစ္စည်းလွှဲအပ်သည့်နေရာ


          အင်ကိုတမ်းသည် ကုန်ရောင်းသူနှင့် ကုန်ဝယ်သူတို့၏ ကုန်ပစ္စည်းလွှဲအပ်သည့်နေရာတို့တွင် ကုန်ပစ္စည်းများ ပျောက်ဆုံး၊ ပျက်စီးမှုအန္တရယ်နှင့် တာဝန်ရှိမှုတို့ကိုဖော်ပြထားပါသည်။


၂။ သယ်ယူပို့ဆောင်စရိတ်


          အင်ကိုတမ်းတွင် မည့်သည့်ဘက်မှ သယ်ယူပို့ဆောင်စရိတ်အား ကျခံရမည့်ကို ဖော်ပြထားပါသည်။


၃။ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ


          အင်ကိုတမ်းတွင် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများကို မည့်သည့်ဘက်က ဆောင်ရွက်ရမည်ကို ဖော်ပြထားပါသည်။


၎။ အာမခံစရိတ်


          အာမခံစရိတ်အား မည့်သည့်ဘက်က ကျခံရမည်ကို ဖော်ပြထားပါသည်။




EXW, FCA, FAS, FOB, CFR, CIF, CPT, CIP, DAT, DAP နှင့် DDP တို့သည် အင်ကိုတမ်း ၂၀၁၀ ပါ အတိုကောက် အခေါ်အဝေါ်များ ဖြစ်ပါသည်။





EXW – Ex Works (named place of delivery)

 

Ex Works သည် ကုန်ရောင်းသူအတွက် တာဝန်ရှိမှု အနည်းဆုံး အင်ကိုတမ်းဖြစ်ပြီး ကုန်ဝယ်သူအတွက် တာဝန်ရှိမှု အများဆုံးဖြစ်ပါသည်။ ကုန်ဝယ်သူသည် ကုန်ပစ္စည်းကို ကုန်ရောင်းသူ၏ လုပ်ငန်းဌာနဝန်းကျင် စက်ရုံ၊ သိုလှောင်ရုံတို့မှ လွှဲပြောင်းရယူရသည့်အတွက်ဖြစ်ပါသည်။ ကုန်ဝယ်သူသည် သယ်ယူပို့ဆောင်မှု အားလုံးကို တာဝန်ယူစီမံရပြီး အာမခံကြေးကိုလည်း ပေးရပါသည်။




FCA – Free Carrier (named place of delivery)



 ကုန်ရောင်းသူသည် ကုန်ပစ္စည်းများကို သတ်မှတ်ထားသည့် နေရာ၌ ကုန်ဝယ်သူက စေလွှတ်သည့် ကုန်သယ်ယာဉ်သို့လွဲပေးရန်ဖြစ်ပါသည်။ သဘောတူထားသည့်နေရာသည် ရောင်းသူ၏ အဆောက်အအုံ ဥပစာအတွင်းဆိုလျှင် ကုန်တင်ယာဉ်ပေါ်သို့ကုန်ပစ္စည်းတင်ခကို ရောင်းသူမှ တာဝန်ယူရမည်ဖြစ်ပြီး ပြင်ပတွင်ဖြစ်ပါက ကုန်တင်ခကို ဝယ်သူက ကျခံရမည်ဖြစ်ပါသည်။




FAS – Free Alongside Ship (named port of shipment)


ကုန်ပစ္စည်းများကို သတ်မှတ်ထားသည့် ကုန်တင်ဆိပ်ကမ်းရှိ ကုန်တင်သဘောင်္ဘေးအရောက် ပို့ဆောင်ပြီးသည့် အချိန်မှစ၍ ကုန်ရောင်းသူ၏ ကုန်ပစ္စည်း လွှဲအပ်မှုတာဝန်ပြီးဆုံးပါသည်။ ထိုသို့ဘေးချင်းယှဉ်ထားသည့်နေရာမှ သဘောင်္ပေါ်သို့ တင်ရာတွင် ကုန်ကျသော စရိတ်စကကိုလည်းကောင်း၊ အာမခံကြေးကိုလည်းကောင်း၊ သဘောင်္သယ်ဆာင်ခ ကိုလည်းကောင်း ကုန်ဝယ်သူက ပေးချေရမည်ဖြစ်ပါသည်။ ပင်လယ်ရေကြောင်း သို့မဟုတ် ပြည်တွင်းရေကြောင်းဖြင့် ပို့ဆောင်ခြင်းအတွက်သာ အသုံးပြုရန်ဖြစ်ပါသည်။




FOB – Free on Board (named port of shipment)



ကုန်ရောင်းသူသည် ကုန်ဝယ်သူက သတ်မှတ်ထားသည့် သဘောင်္ပေါ်သို့ ကုန်ပစ္စည်းများကို တင်ဆောင်ပေးရခြင်းဖြစ်ပါသည်။ ကုန်ပစ္စည်းများ သဘောင်္ပေါ်သို့ ရောက်ပြီးလျှင် ပစ္စည်းပျောက်ဆုံး သို့မဟုတ် ပျက်စီးခြင်းတို့တွင် ရောင်းသူတွင် တာဝန်မရှိတော့ဘဲ ဝယ်ယူသူသည် ကုန်ကျစရိတ် အားလုံးကို ကျခံရမည်ဖြစ်ပါသည်။




CFR – Cost and Freight (named port of destination)




ကုန်ရောင်းသူသည် တင်ပို့ရမည့် ပစ္စည်းများကို သဘာင်္ကြီးပေါ်အရောက်တင်ပို့ပေးပြီး သဘောင်္ခကုန်ကျစရိတ်ကိုပါ တာဝန်ယူရမည်ဖြစ်ပါသည်။ သို့သော် ကုန်ပစ္စည်းများ ပျောက်ဆုံး၊ ပျက်စီးမှုအန္တရယ်ကို ဝယ်ယူသူက တာဝန်ယူရမည်ဖြစ်ပါသည်။




CIF – Cost, Insurance & Freight (named port of destination)



ကုန်ရောင်းသူသည် တင်ပို့ရမည့် ပစ္စည်းများကို သဘာင်္ကြီးပေါ်အရောက်တင်ပို့ပေးပြီး သဘောင်္ခ ကုန်ကျစရိတ်အပါအဝင် ကုန်ပစ္စည်းများအတွက် အာမခံစရိတ်ကိုပါ တာဝန်ယူရမည်ဖြစ်ပါသည်။




DAP – Delivered At Place (named place of destination)



ကုန်ရောင်းသူသည် ကုန်ပစ္စည်းများကို ပန်းတိုင်ကုန်ချနေရာတွင် ကုန်ဝယ်သူအတွက် ကုန်ချယူနိုင်အောင် အသင့်ထားပေးရန်ဖြစ်ပြီး ထိုနေရာတွင် အသင့်ထားရှိပြီးသည်အထိ ကုန်ကျစရိတ်နှင့် ကုန်ပစ္စည်း ပျောက်ဆုံးမှုကို ကျခံတာဝန်ယူရန်ဖြစ်ပါသည်။ ကုန်ဝယ်သူသည်  သွင်းကုန်အတွက် ကျသည့်စရိတ်များနှင့် ကုန်ပစ္စည်းချခများကို တာဝန်ယူရမည်ဖြစ်ပါသည်။




DAT – Delivered At Terminal (named terminal at port or place of destination)




ရောင်းသူနှင့်ဝယ်ယူတို့ သဘောတူထားသည့် ပန်းတိုင်ကုန်ချဆိပ်ကမ်း၊ ကုန်ချစခန်းနေရာထိ ရောင်းသူက ကုန်ပစ္စည်း ပျောက်ဆုံးမှုနှင့် ပျက်စီးမှုအတွက် တာဝန်ယူရမည်ဖြစ်ပါသည်။ ကုန်ပစ္စည်းချပြီးနောက် ကုန်ဝယ်သူသည် သွင်းကုန်ဆိုင်ရာ အကောက်ခွန်လုပ်ငန်းများနှင့် သယ်ဆောင်ခများကို တာဝန်ယူရမည်ဖြစ်ပါသည်။



DDP – Delivered Duty Paid (named place of destination)



ကုန်ရောင်းသူအနေဖြင့် ကုန်ပစ္စည်းအတွက် တာဝန်ယူရမှုအများဆုံးဖြစ်ပါသည်။ ကုန်ရောင်းသူသည် ကုန်ဝယ်သူနှင့်သဘောတူထားသည့် ကုန်ဝယ်သူ၏ ကုန်လှောင်ရုံ သို့မဟုတ် ကုန်ဝယ်သူ သတ်မှတ်သည့်နေရာသို့ ပို့ဆောင်ပေးရန်ဖြစ်ပါသည်။ ရောင်းသူသည် ပို့ကုန် ရှင်းလင်းရေး အတွက်သာမက သွင်းကုန် ရှင်းလင်းရေးအတွက်ပါတာဝန်ရှိပါသည်။



Incoterms များဖြစ်သော EXW, FCA, CPT, CIP, DAT, DAP နှင့် DDP တို့အား မည်သည့် သယ်ယူပို့ဆောင်မှု နည်းလမ်းတွင်မဆိုအသုံးပြုပြီး FAS, FOB, CFR နှင့် CIF တို့အား ပင်လယ်ရေကြောင်း သို့မဟုတ် ပြည်တွင်းရေကြောင်းဖြင့် ပို့ဆောင်ခြင်းအတွက်သာ အသုံးပြုနိုင်ပါသည်။

ကိုးကားချက်များ


၁။ အင်ကိုတမ်း ၂၀၁၀၊ သိန်းလွင် (ပြည်ပပို့ကုန်)
၂။ ပြည်ပပို့ကုန် သွင်းကုန်စာချုပ်များ၊ သိန်းလွင် (ပြည်ပပို့ကုန်)
၃။ Capt Rajeev Jassal (https://www.myseatime.com)
၎။ https://en.wikipedia.org/wiki/Incoterms