The Evidence Act App (Unicode & Zawgyi Version)

The Evidence Act App (Unicode & Zawgyi Version)

 

 

သက်သေခံအက်ဥပဒေ apk အား Unicode Font ဖြင့် ပြောင်းလဲဖော်ပြထားပါသည်။

သက်သေခံအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေအား ဖြည့်စွက်ဖော်ပြထားပါသည်။

သက်သေခံအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေအား ဦးမောင်မောင်ညွန့် (ဥပဒေသုတေသီ) ထံမှ ကိုးကား ဖော်ပြထားခြင်းဖြစ်ပါသည်။

သက်သေခံအက်ဥပဒေပါ ပုဒ်မများကို အခန်းလိုက်ဖတ်ရှုလေ့လာနိုင်သလို မိမိသိလိုသည့်အကြောင်းအရာများနှင့် ပုဒ်မများကိုလည်း ရှာဖွေနိုင်ပါသည်။

Google Play Store တွင် တင်ထားသည့် နမူနာ ပုံများကို ကြည့်ရှုပြီး Android Phone များတွင် Install ပြုလုပ်နိုင်ပါသည်။

 

Link:  သက်သေခံအက်ဥပဒေ .apk (Unicode Version)

 

 

သက်သေခံအက်ဥပဒေ .apk (Zawgyi Version)

Download Link 1 :  သက်သေခံအက်ဥပဒေ

Download Link 2 : သက်သေခံအက်ဥပဒေ

 

ဓားယူဆောင်သွားလာပါက

ဓားယူဆောင်သွားလာပါက

 

လူများသည် သွားလာရာတွင် လက်နက်ကိုင်ဆောင်၍ သွားလာမည်ဆိုပါက အများပြည်သူကို ထိတ်လန့်မှုဖြစ်စေကာ အန္တာရာယ်ဖြစ်စေနိုင်ပါသည်။ သို့သော်လည်းအချို့သွားလူသူများသည် တမင်တကာ လက်နက်ကိုင်ဆောင် သွားလာခြင်းမျိုးမဟုတ်ဘဲ အခြားကိစ္စရပ်များကြောင့် သွားလာရာတွင် ဓားပါလာခြင်းနှင့် လက်နက်များအက်ဥပဒေကို မသိနားမလည်ခြင်းတို့ကြောင့် လက်နက်ယူဆောင်သွားလာမိသော်လည်း လက်နက်များအက်ဥပဒေအရ တရားရုံးတွင် ဖြေရှင်းရမည်ဖြစ်ကာ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက ပြစ်ဒဏ်ကျခံရမည်ဖြစ်ပါသည်။

လက်နက်များအက်ဥပဒေပုဒ်မ ၁၉ (င) တွင်
ပုဒ်မ ၁၃ ပါ ပြဌာန်းချက်ကို ဖောက်ဖျက်၍ လက်နက်စွဲကိုင်သွားလာပါက ထောင်ဒဏ် ၃ နှစ်ထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ခြင်း ခံရမည် ဖြစ်ပါသည်။

လက်နက်များအက်ဥပဒေပုဒ်မ ၁၃ တွင်
လိုင်စင်အရ ခွင့်ပြုထားသည့်နည်းလမ်းမှ တစ်ပါးမည်သူမျှ လက်နက်စွဲကိုင်၍ သွားလာခြင်း မပြုရ။
ပုဒ်မ (၁၃) ပါတားမြစ်ချက်ကိုဖောက်ဖျက်ပါက ပုဒ်မ ၁၉ (င) အရ စွဲဆိုအပြစ်ပေးခြင်း ခံရမည်။ အိမ်တွင်သုံး၊ လယ်ယာသုံး၊ စက်မှုသုံး ဖြစ်သော်လည်း လက်နက်စွဲကိုင်သွားလာလျှင် ပုဒ်မ ၁၉ (င) ကို ကျူးလွန်ရာရောက်သည်။ (တရားရုံးများ လက်စွဲအပိုဒ် ၈၁၈)

လက်နက်များအက်ဥပဒေပုဒ်မ (၄) တွင် လက်နက်ဆိုသည်မှာ
(၁) ဓားဦးချွန်၍ ဓားသွား ၃ လက်မထက် ပိုသော မောင်းချဓားများ၊
(၂) အိမ်တွင်းမှု၊ လယ်ယာ သို့မဟုတ် စက်မှုလုပ်ငန်းတွင် သုံးရန် မရည်ရွယ်သည့် လက်ကိုင်အရိုး ခိုင်မြဲစွာ တပ်ထားပြီး အရိုးအသွား ၅ လက်မထက် ပိုရှည်သော ဓားဦးချွန်များ
(၃) နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်သည့် အခြားဓား အမျိုးအစားများ၊
(၄) သေနတ်၊ လှံစွပ်၊ ဓားလွယ်၊ ဓားမြှောင်၊ လှံ ၊ လေးနှင့်မြှား၊ အမြောက်၊ လက်နက် အစိတ်အပိုင်းနှင့် လက်နက်ထုတ်လုပ်သော စက်ပစ္စည်းများ

ထို့ကြောင့် မိမိတို့သွားလာရာတွင် အရိုးအသွား ၅ လက်မထက်ပိုရှည်သော ဓားဦးချွန်များအား ယူဆောင်သွားလာမိပါက အများပြည်သူကို အန္တရာယ်ဖြစ်စေနိုင်၍ လက်နက်များအက်ဥဒေအရ တရားစွဲဆိုခြင်းခံရမည်ဖြစ်ပါသဖြင့် လက်နက်များအက်ဥပဒေကိုသတိပြုသင့်ပါသည်။

ကိုးကား
ဦးကျော်စိန်၊ ပြစ်မှုဆိုင်ရာ အထူးဥပဒေများ အသုံးချလက်စွဲ

မော်တော်ကား ငှားရမ်းမည်ဆိုပါက သတိထားသင့်သည့်ကိစ္စရပ်များ

မော်တော်ကား ငှားရမ်းမည်ဆိုပါက သတိထားသင့်သည့်ကိစ္စရပ်များ

မိမိတို့၏မော်တော်ကားများကို အခြားသူများသို့ ငှားရမ်းရာတွင် လပေးစနစ်ဖြင့်လည်းကောင်း နှစ်ချုပ် စာချုပ်များပြုလုပ်၍လည်းကောင်း ငှားရမ်းကြသည်ကို တွေ့ရပါသည်။ ၎င်းကားငှား စာချုပ်များတွင် ငှားရမ်းလိုက်သည့်ကားများအား ဥပဒေနှင့်မညီသည့် အရာများကို မပြုလုပ်ရ၊ မသယ်ဆောင်ရ၊ ထပ်ဆင့်လွှဲပြောင်းငှားရမ်းခြင်း မပြုရဟု ပါလေ့ရှိကြပါသည်။

မိမိတို့ကားအား ကုမ္ပဏီများသို့လည်းကောင်း၊ အဖွဲ့အစည်းများသို့လည်းကောင်း၊ ပုဂ္ဂိုလ်တစ်ဦးဦးထံသို့လည်းကောင်း ငှားရမ်းကြသည်ကို တွေ့ရပါသည်။ မိမိတို့ကားကို ငှားရမ်းရာတွင် ငှားရမ်းမည့်သူ၏ အခြေအနေ အကြောင်းအရာများ ကိုလေ့လာကာ ငှားရမ်းသင့်ပါသည်။
 
မိမိကားကိုငှားရမ်းသူသည် မော်တော်ယာဉ်ကို မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားရာတွင် အသုံးပြုခြင်း၊ မူးယစ်ဆေးဝါးများကို သယ်ဆောင်ခြင်းတို့ပြုလုပ်ခြင်း၊ ခွင့်ပြုမိန့်မရရှိဘဲ ကျွန်းနှင့် တားမြစ်သစ်ပင်မှ ထွက်ရှိသော သစ်ကိုသယ်ယူခြင်း၊ သစ်တောထွက် ပစ္စည်းများကို သယ်ဆောင်ရာတွင် အသုံးပြုခြင်း၊ ကန့်သတ်တားမြစ် ပိတ်ပင်ထားသော ကုန်ပစ္စည်းများ၊  ခွင့်ပြုချက်ရယူရန် သတ်မှတ်ထားသော ကုန်ပစ္စည်းများကို ခွင့်ပြုချက်ရယူခြင်းမရှိသော ပစ္စည်းများကို သယ်ဆောင်ခြင်းတို့ကို ပြုလုပ်မည်ဆိုပါက ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် ယာဉ်အဖြစ်သော်လည်းကောင်း၊ ပြစ်မှုနှင့်သက်ဆိုင်သည့် ယာဉ်အဖြစ်သော် လည်းကောင်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်း ခံရမည် ဖြစ်ပါသည်။

မော်တော်ယာဉ် သို့မဟုတ် အခြားယာဉ်တစ်မျိုးမျိုးဖြင့် သယ်ယူပို့ဆောင်ရေး ပြုလုပ်ကြသူတိုင်းသည် တရားမဝင်သော ပစ္စည်းများကို တင်ဆောင်ခွင့်မရှိကြောင်း သိရှိကြပြီး ဖြစ်သည်။ ယာဉ်ကို စီးလုံးငှားသူထံသို့ သို့မဟုတ် ယာဉ်မောင်းထံသို့ လွှဲအပ်လိုက်သဖြင့် ယာဉ်ပေါ်တွင် မည်သည့် ပစ္စည်းတင်ဆောင်သွားသည်ကို ယာဉ်ပိုင်ရှင်မသိနိုင်ဟု ထုချေတင်ပြခြင်း ဖြစ်သည်။ ယာဉ်ကိုငှားယူသူ သို့မဟုတ် မောင်းနှင်သူနှင့် ယာဉ်ပိုင်ရှင်တို့အကြားတွင် တည်ရှိနေသော အခွင့်အရေးနှင့် တာဝန်များကို စိစီရန်လိုသည်။ ယာဉ်ကိုငှားယူသုံးစွဲသူ သို့မဟုတ် ယာဉ်မောင်းသူတို့သည် မော်တော်ယာဉ်ကို လက်ရှိထား သုံးစွဲသူဖြစ်သဖြင့် ယာဉ်နှင့်စပ်လျဉ်း၍ ဖြစ်ပေါ်လာမည့် ကောင်းကျိုး ဆိုးပြစ် အားလုံးကို တာဝန်ယူရမည်ဖြစ်သည်။ တရားမဝင်ပစ္စည်းကို တင်ဆောင်သဖြင့် ယာဉ်အား ဘဏ္ဍာ သိမ်းဆည်းခြင်းခံရပါက ပိုင်ရှင်တွင်ဖြစ်ပေါ်လာသော စီးပွားရေး ဆိုင်ရာ နစ်နာမှုကို ယာဉ်မောင်းသူများသာ တာဝန်ယူရမည်ဖြစ်သည်။ ယာဉ်ပိုင်ရှင်၏နစ်နာမှုမှာ တရားမကြောင်းနှင့်သာ သက်ဆိုင်သည်။ ပြစ်မှုကြောင်းအရ တရားစွဲဆိုမှုတွင် ဖြေရှင်း ပေးနိုင်မည် မဟုတ်ပေ။ သက်သေခံမော်တော်ယာဉ်ကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းရာတွင် မော်တော်ယာဉ်မှာ အမှုနှင့်သက်ဆိုင်ခြင်း ရှိမရှိဆိုသည့် အချက်ကိုသာ အဓိကစိစစ်ခြင်းဖြစ်သည်။ ယာဉ်ကို မည်သို့သုံးစွဲခဲ့သည်ဆိုသော အချက်အား ယာဉ်ပိုင်ရှင်က သိခဲ့ခြင်းရှိ မရှိဆိုသည့် အချက်ကို အဓိကစိစစ်ခြင်းမဟုတ်ပေ။ [ ဦးကျော်ကျော်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ ၂၀၀၃ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး စာမျက်နှာ – ၄၀ ]


ထို့ကြောင့် ယာဉ်ပိုင်ရှင်များသည် မိမိတို့ငှားရမ်းထားသူများအား  ဥပဒေနှင့်ငြိစွန်းသော ကုန်ပစ္စည်းများကို မသယ်မိစေရန် ကြီးကြပ်ကွပ်ကဲရန်လိုအပ်ပါသည်။ မိမိမသိရပါဟူသော အကြောင်းပြချက်နှင့် မော်တော်ယာဉ်အား ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းမှ ကင်းလွတ်ခွင့်ရမည် မဟုတ်ပါ။


မိမိကားကို ငှားရမ်းသူသည် အခြားသူထံသို့ ကားအား တစ်ဆင့်ပြန်လည် ငှားရမ်းခြင်း၊ ပေါင်နှံခြင်းများကိုပြုလုပ်ခဲ့ပါကလည်း မိမိကားကို ပြန်လည်ရယူရန် အခက်အခဲများနှင့် ဆုံးရှုံးမှုများ ဖြစ်နိုင်သည်ကိုလည်းတွေ့ရပါသည်။


သို့ဖြစ်ပါ၍ မိမိ၏မော်တော်ယာဉ်အား အခြားသူထံသို့ ငှားရမ်းတော့မည်ဟုဆုံးဖြတ်ပါက ငှားရမ်းခအဖြစ်ရရှိမည့် ငွေပမာဏကိုသာ ကြည့်ရှု၍ ငှားရမ်းခြင်းမျိုးမပြုလုပ်ဘဲ ငှားရမ်းမည့်သူသည် စိတ်ချယုံကြည်ရမှု ရှိ မရှိနှင့် ငှားရမ်းမည့်သူက တာဝန်ခံ၊ တာဝန်ယူနိုင်မှု ရှိမရှိတို့ကိုပါ ထည့်သွင်းစဉ်းစားပြီးမှ ငှားရမ်းခြင်းအားဖြစ် မမျှော်လင့်နိုင်သည့် ဆုံးရှုံးမှုအန္တာရယ်များကို ကာကွယ်နိုင်မည် ဖြစ်ပါသည်။

 

စိတ်ပေါ့သွပ်သူ၏ပြုလုပ်မှု

စိတ်ပေါ့သွပ်သူ၏ပြုလုပ်မှု

ရာဇသတ်ကြီး ပုဒ်မ ၈၄ အရ စိတ်ပေါ့သွပ်သူ၏ ပြုလုပ်မှုသည် စိတ်ပေါ့သွပ်ခြင်းကြောင့် ပြုစဉ်အခါက မိမိ၏ ပြုလုပ်မှုသည် မည်သို့ သဘောရှိသည်ကိုသော်၎င်း၊ မတော်မမှန်သည်ကို သော်၎င်း၊ ဥပဒေနှင့်ဆန့်ကျင်သည်ကိုသော်၎င်း မသိနိုင်သော သူ၏ ပြုလုပ်မှုသည် ပြစ်မှု မမြောက်။

စိတ်ပေါ့သွပ်နေသဖြင့် မိမိစိတ်ကို မိမိမသိနိုင်သည့်အတွက် ကျူးလွန်သည့် ပြစ်မှုမှ ကင်းလွတ်ခွင့်ပြုခြင်းဖြစ်သည်။

ဤအမှုမျိုးတွင် အဓိက အကျဆုံးအချက်မှာ တရားခံသည် စွပ်စွဲသော ပြစ်မှုကျူးလွန်စဉ်က မိမိပြုလှုပ်မှုသည် မည်သို့ သဘော ရှိသည်ကိုသော်၎င်း၊ မတော်မမှန်သည်ကိုသော်၎င်း၊ ဥပဒေနှင့် ဆန့်ကျင်သည်ကိုသော်၎င်း မသိနိုင်လောက်အောင် စိတ်ပေါ့သွပ် ခြင်းက ၎င်း၏
အသိတရားများကို ပျက်ပြားစေခြင်း ရှိမရှိဖြစ်သည်။ ( ပထမနှင့် ဦးလှခိုင်၊ ၁၉၅၈၊ မတစ ၁၄၃ – ၁၄၈ လွှတ်တော်)

စိတ်ပေါ့သွပ်ခြင်း၏ စေ့ဆော်ချက်အားလုံးသည် ထိန်းချုပ်၍ မရနိုင်သည်မဟုတ်၊ စိတ်ပေါ့သွပ်သော ပြစ်မှု ကျူးလွန်သူ၌ မိမိပြုလုပ်မှုမှာ မည်သို့ သဘောရှိသည်ကိုသော်၎င်း၊ မတော်မမှန်သည်ကိုသော်၎င်း ဥပဒေနှင့် ဆန့်ကျင်သည်ကိုသော်၎င်း၊ မသိနိုင်လောက်အောင်
ဆိုးဝါးသည့် စိတ်ပေါ့သွပ်မှုမရှိလျှင်၊ ထိုသူအပေါ် ပြစ်ဒဏ်မှ လွတ်ကင်းစေခြင်းမရှိ (မောင်ဘိုးသာ၊ ပီ ဂျေ အယ်လ် ဘီ၊ ၂၄၉)။

ပြစ်မှုကို ကျူးလွန်စဉ်အချိန်၌ ရူးသွပ်နေမှသာ ဤပုဒ်မအရ ကင်းလွတ်ခွင့်ရမည်ဖြစ်သည်။

ပြစ်မှုကို မကျူးလွန်မီနှင့် ကျူးလွန်ပြီး နောက် ရူးသွပ်နေခြင်းသည် ကျူးလွန်စဉ်အချိန်က တရားခံ၏ စိတ်အခြေအနေကို ခန့်မှန်းနိုင်သည့်အထောက်အထားများ ဖြစ်သော်လည်း ထိုအထောက် အထားများကြောင့် တရားခံသည် ပြစ်မှုကျူးလွန်စဉ်အချိန်က ရူးသွပ်နေသည်ဟု တထစ်ချ ယူဆရန် မဟုတ်။

တစ်ချိန်က ရူးသွပ်ဖူးသည့်အကြောင်းကြောင့် ပြစ်မှုကျူးလွန်စဉ်ကလည်း ရူးသွပ်နေမည်ဟု မဆိုနိုင်ပေ။ အလားတူပင် ပြစ်မှုကျူးလွန်ပြီးနောက် ရူးသွပ်သွားသောကြောင့် ပြစ်မှုကျူးလွန်စဉ် ကကလည်း ရူးသွပ်နေခြင်းဖြစ်ရမည်ဟု တထစ်ချမဆိုသာ။ တရားရုံးအနေဖြင့် ပြစ်မှုကျူးလွန်စဉ် အချိန်က တရားခံ၏ စိတ်အချေအနေမှာ မည်သို့ရှိသည်ဟုသာ ဆုံးဖြစ်ရမည်ဖြစ်သည်။

ရူးသွပ်သူကို ရုံးတွင်စစ်ဆေးသည့်အခါ မည်သို့မည်ပုံဆောင်ရွက်ရမည်ဟု ရာဇဝတ်ကျင့်ထုံးဥပဒေ အခန်း ၃၄ တွင် ဖော်ပြထားပါသည်။

ရာဇဝတ်တရားသူကြီးသည် မိမိရှေ့၌ထွက်ဆိုသော ထွက်ဆိုချက်များအရ တရားခံသည်ပြစ်မှုကျူးလွန်သည့်အချိန်က စိတ်ပေါ့သွပ်သည့်အကြောင်းကြောင့် မိမိပြုလုပ်သည့်သဘောကို သိနိုင်စွမ်းမရှိကြောင်း၊ သို့မဟုတ် အမှားအယွင်း ပြုလုပ်နေသည်ကိုဖြစ်စေ။ ဥပဒေနှင့်ဆန့်ကျင်နေသည်ကိုဖြစ်စေ သိနိုင်စွမ်းမရှိကြောင်း ကျေနပ်လျှင် တရားခံကို အပြီးအပြတ်လွှတ်ရမည်ဟု ပြစ်မှုဆိုင်ရာကျင့်ထုံးပုဒ်မ ၄၆၉ ကို ၄၇၀ နှင့်တွဲ၍ ပြဌာန်းထားသည်။ ပြစ်မှုကျူးလွန်ချိန်၌ တရားခံသည် စိတ်ပေါ့သွပ်နေကြောင်း ဆေးဘက်ဆိုင်ရာ သက်သေခံချက်တင်ပြရန်မလို။ အမှုစစ်သည့်အချိန်၌ စိတ်ပေါ့သွပ်နေသည့်အကြာင်းကြောင့် အမှုကိုထုချေနိုင်စွမ်းရှိမရှိနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုပြုသည့်အခါ တရားခံကို ဆေးဘက်ဆိုင်ရာ အရာရှှိတစ်ဦးအား စစ်ဆေးခိုင်းရန်လိုသည်ဟု ဥပဒေက ဆိုသည်။ [ ၁၉၄၁ ရန်ကုန်၊ စာ ၅၄၄၊ အစိုးရနှင့်ကုလားညို ]

တရားရုံးသည် ရူးသွပ်သည်ဟု သင်္ကာမကင်းရန်ရှိသော၊ သို့မဟုတ် စွပ်စွဲခံရသောသူကို တရားခံအဖြစ်မိမိရှေ့သို့ ခေါ်ဆောင်လာသည့်အခါ တရားရုံးက စစ်ဆေးစီရင်ခြင်းမပြုလုပ်နိုင်မီပင်လျှင် ဆုံးဖြတ်ရမည်မှာ တရားခံသည် တရားရုံးသို့ လာရောက်သည့်အချိန်တွင် စိတ်ဖောက်ပြန်လာသဖြင့် အမှုကို ထုချေနိုင်စွမ်းရှိမရှိဖြစ်သည်။ တရားခံသည် စိတ်ဖောက်ပြန်မှု ရှိမရှိ အငြင်းထွက်တင်လာသည့်အခါ တရားခံသည် မိမိအမှုကို ထုချေရှင်းလင်းနိုင်စွမ်းမရှိခြင်းသည် စိတ်ဖောက်ပြန်သော အကြောင်းကြောင့် ဟုတ်မဟုတ်သက်သေခံချက်များ မှတ်တမ်းမတင်မီ စုံစမ်းစစ်ဆေးရန် တာဝန်ရှိသည်။

အမှုကိုစစ်ဆေးကြားနာနေစဉ် တရားခံစိတ်ပေါ့သွပ်သည့် လက္ခဏာများ တွေ့ရှိရသဖြင့် အမှုကို ရွှေ့ဆိုင်း၍ ဆရာဝန် ထောက်ခံချက်အရ တရားခံကို စိတ္တဇဆေးရုံ၌ ထိန်းသိမ်းထားသည်။ တစ်နှစ်ခန့်အကြာတွင် ရောဂါပျောက်ကင်းပြီဟု ဆေးရုံမှဆင်းခွင့်ရ၍ အမှုကို
ရပ်ဆိုင်း လိုက်သည့်နေရာမှ ဆက်လက်စစ်ဆေးရာ အမှုစစ်ရာဇဝတ်တရားသူကြီး လိုက်နာသော လုပ်ထုံးလုပ်နည်းမှာ တရားဥပဒေနှင့်မညီချေ။ တရားခံသည် အမှု၌ ထုချေနိုင်စွမ်းမရှိသူဖြစ်ကြောင်း ဆုံဖြတ်ချက်တစ်ရပ် ချမှတ်ပြီး နောက် အမှုကိုအစမှအသစ်ပြန်လည်စစ်ဆေးသင့်သည်။ (၁၉၅၉ မတစ (တရားလွှတ်တော်) စာ ၂၀၅၊ စောရင်ဖေနှင့်ပထစ)

တရားခံသည် စိတ်ပေါ့သွပ်နေကြောင်း တွေ့ရှိရသည့်အခါ တရားရုံးက မေးမြန်းရုံသာမဟုတ်၊ စိတ်ပေါ့သွပ်သည့် ကြောင်းခြင်းရာကို
ဆရာဝန်၊ သို့မဟုတ် ဆေးဘက်ဆိုင်ရာ အရာရှိအား စစ်မေးခြင်းဖြင့် စုံစမ်းစစ်ဆေးရမည်။ 

ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၇၀ တွင် ရူးသွပ်သည့်အကြောင်းကြောင့် အမှုမှ အပြီးအပြတ် လွှတ်သည့်စီရင်ချက်၌

မည်သည့်အခါမဆို တစ်စုံတစ်ယောက်သောသူသည် ပြစ်မှုကျူးလွန်ကြောင်း အဆိုရှိသည့်အချိန်တွင် စိတ်ပေါ့သွပ်ခြင်းကြောင့် ပြစ်မှုမြောက်ကြောင်း အဆိုရှိသည့် ပြုလုပ်မှု၏ သဘောကိုမသိနိုင်ကြောင်း၊ သို့မဟုတ် ၎င်းပြုလုပ်မှုသည် မတော်မမှန် သည်ကိုဖြစ်စေ၊
ဥပဒေနှင့် ဆန့်ကျင်ကြောင်းကိုဖြစ်စေ မသိနိုင်ကြောင်းကိုအခြေပြု၍ ၎င်းတရားခံကို အမှုအပြီးအပြတ် လွှတ်သည့်အခါ ၎င်းတရားခံ သည် ပြုလုပ်မှုကို ပြုလုပ်ကြောင်း၊ သို့မဟုတ် မပြုလုပ်ကြောင်း ဆုံးဖြတ်ချက်တွင် သီးခြား ဖော်ပြရမည်။

တရားသူကြီးသည် တရားခံကို ပဏမစုံမမ်းစစ်ဆေးချိန်၌ ပကတိစိတ်ကောင်းမွန်နေေ ကြာင်း  တွေ့ရှိရသော်လည်း ပြစ်မှုကျူးလွန်ချိန်က
စိတ်ပေါ့သွပ်နေကြောင်း  တွေ့ရှိရလျှင် ၎င်းသည်  ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၇၀ နှင့်အညီ ဆက်လက် ဆောင်ရွက်ရန်သာဖြစ်သည်။ ၎င်းသည် ဆေးဘက်ဆိုင်ရာကို စုံစမ်းစစ်ဆေးရန်၊ သို့မဟုတ် ရူးသွပ်ခြင်းနှင့် ပတ်သက်၍ ငြင်းချက်ကို စစ်ဆေးရန် အမိန့်ချမှတ်ရန် တာဝန်မရှိချေ။ ထို့သို့ပြုလုပ်ရန်မှာ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၆၄ ၊ ၄၆၅ အတွင်း ကျရောက်သည့်အမှုများနှင့်သာ သက်ဆိုင်သည်။ ဆိုလိုသည်မှာ စုံစမ်းစစ်ဆေး၊ သို့မဟုတ် စစ်ဆေးစီရင်ချိန်၌ တရားခံသည် ရူးသွပ်နေလျှင် ပြစ်မှုကို စစ်ဆေးစီရင်မှု မပြုလုပ်မီ ရူးသွပ်ခြင်းဆိုင်ရာ ငြင်းချက်ကို စစ်ဆေးစီရင်ရမည် ဖြစ်ပါသည်။

ပြစ်မှုကျူးလွန်စဉ်က မိမိသည် စိတ်ပေါ့သွပ်နေကြောင်း ထင်ရှားစွာ ပြသနိုင်ရန်မှာ အဓိကအားဖြင့် တရားခံတာဝန်ဖြစ်သည်။ သို့ရာတွင် အမှု၏အဖြစ်အပျက်အကြောင်းအရာတို့က ၎င်းသည် ထိုကဲ့သို့ စိတ်ပေါ့သွပ်နေကြောင်း ထင်ရှားစေလျှင် တရားခံကိုယ်တိုင်က
အမှုစစ်ဆေးစဉ်အခါက ထုချေခြင်းမပြုခဲ့စေကာမူ၊ သို့မဟုတ် ထုချေသော်လည်း မိမိ၏သက်သေများ အားဖြင့် မိမိစိတ်ပေါ့သွပ်နေခဲ့ကြောင်းကို ထင်ရှားပြသနိုင်ခြင်းမရှိခဲ့စေကာမူ စစ်ဆေးသော တရားသူကြီးက အခြားသက်သေ အထောက်အထားများကို ကိုးကား၍ တရားခံအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၈၄ ၏ သက်သာခွင့်ကို ပေးနိုင်သည်။ [ ၁၉၆၂ မတစ ( တရားရုံးချုပ် ) ၊ စာ ၃၃၇၊ မောင်ထွန်းစိန်နှင့် နိုင်ငံတော်အစိုးရ]

ကိုးကားချက်များ
၁။ ရာဇသတ်ကြီး
၂။ ရာဇဝတ်ကျင့်ထုံး ဥပဒေ
၃။ ဦးသက်ဖေ၊ ပြစ်မှုဆိုင်ရာဥပဒေ၏သိကောင်းစရာများ
၄။ ဦးမြ၊ လက်တွေ့ စွယ်စုံ ဥပဒေ
၅။ ဦးချစ်မောင်၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေဋီကာ

ငှားရမ်းခြင်းနှင့် ခွင့်ပြုခြင်း

ငှားရမ်းခြင်းနှင့် ခွင့်ပြုခြင်း

ငှားရမ်းခြင်းဆိုသည်မှာ အဖိုးစားနားရရှိသည့် အတွက် မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းတစ်ရပ်၏ အကျိုးခံစားခွင့်ကို ခံစားစေရန် လွှဲပြောင်းပေးခြင်းဖြစ်သည်။
( ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေ ပုဒ်မ ၁၀၅ )

ခွင့်ပြုခြင်းဆိုသည်မှာ တစ်ဦးတစ်ယောက်၏ မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းကို အခြားသူတစ်ဦးအား အကျိုးခံစားစေရန်ခွင့်ပြုရာ ထိုခွင့်ပြုချက်၌ အဆိုပါ မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းတွင် အကျိုးခံစားခွင့် မပါရှိလျှင် အခြားသူ၏ အကျိုးခံစားခြင်းသည် ဥပဒေနှင့် ဆန့်ကျင်မည်ဖြစ်လျှင် ထိုခွင့်ပြုချက်မျိုးကို License ဟုခေါ်သည်။ တစ်နည်းအားဖြင့်ဆိုလျှင် ပစ္စည်းကို အကျိုးခံစားရန် တစ်ဦးတည်း သီးခြားလက်ရှိ မရလျှင် License မျှသာဖြစ်သည်။

တစ်စုံတစ်ယောက်သည် အငှားယူသူလော သို့မဟုတ် ခွင့်ပြုချက်ရသူလော ဟူသော ပြဿနာတွင် ပစ္စည်းရှင်က ပစ္စည်းရယူသူအား တစ်ဦးတည်း သီးခြား လက်ရှိထားပိုင်ခွင့် ပေးလျှင် ထိုသူသည် ခွင့်ပြုချက်ရသူ ဖြစ်သည်။

အငှားယူသူသည် မိမိငှားထားသည့် ပစ္စည်းပေါ်တွင် အများကို ဆန့်ကျင်၍ရရှိသည့် အခွင့်အရေးရရှိသည့်အတွက် ၎င်းပစ္စည်းကို ကျူးကျော်လာသူအပေါ်တွင် အရေးယူနိုင်သော်လည်း ခွင့်ပြုချက် ရရှိသူသည် မိမိအားခွင့်ပြုထာားသည့် ပစ္စည်းပေါ်တွင် ကျူးကျော်လာသူကို အရေးယူပိုင်ခွင့် မရှိချေ။

အငှားယူသူ၏ အခွင့်အရေးသည် လွှဲပြောင်းနိုင်ခြင်း အမွေဆက်ခံခြင်း ရှိသော်လည်း ခွင့်ပြုချက်ရရှိသူ၏ အခွင့်အရေးမှာ လွှဲပြောင်းခွင့် အမွေဆက်ခံနိုင်ခွင့် မရှိချေ။

ငှားရမ်းခြင်းတွင် အငှားကို နှစ်ဦးသဘောတူနှင့် ပစ္စည်းလွှဲပြောင်းရေး ဥပဒေ ပုဒ်မ ၁၁၁ ပါ ပြဌာန်းချက်များ အရသာ ပြီးဆုံးခြင်းသို့ ရောက်ရှိနိုင်သည်။
ခွင့်ပြုချက်ရရှိသူကိုမူ ခွင့်ပြုသူက ခွင့်ပြုချက်ကို မိမိသဘောအလျောက် အချိန်မရွေး ပြီးဆုံးခြင်းသို့ ရောက်ရှိနိုင်သည်။

ငှားရမ်းခြင်းတွင် အငှားချထားသူနှင့် အငှားယူသူတစ်ဦးဦး သေဆုံးစေကာမူ ငှားရမ်းခြင်းကို မထိခိုက်သော်လည်း ခွင့်ပြုခြင်းတွင်မူ တစ်ဦးဦး သေဆုံးလျှင် ခွင့်ပြုချက် ပြီးဆုံးခြင်းသို့ ရောက်သည်။

အငှားချထားသည့်ကိစ္စတွင် အငှားချထားသည့် ပစ္စည်း၏ အကျိုးခံစားခွင့်ကို ငှားရမ်းသူအား အငှားချထားသူက လွှဲပြောင်းပေးသော်လည်း ခွင့်ပြုချက်ဖြင့် နေထိုင်သူမှာ ပစ္စည်းကို လက်ရှိဖြစ်စေကာမူ ပစ္စည်း၏ အကျိုးခံစားခွင့် အားလုံးကို ရရှိသူမဟုတ်ပေ။

ပစ္စည်းအပေါ် နေထိုင်ခွင့်ပြုသည့် စာချုပ်တွင် သုံးနှုန်းထားသည့် ငှားရမ်းသူ၊ နေထိုင်ခွင့်ပြုသူ ဆိုသည့် စကားရပ်များသည် ငှားရမ်းသူ ဟုတ်မဟုတ် ဆိုသည့် ကိစ္စကို ဆုံးဖြတ်ရာ၌ အရေးကြီးသည့် အချက်မဟုတ်ပေ။ စာချုပ်၌ နှစ်ဦးနှစ်ဖက် ထားရှိခဲ့သော ပဋိညာဉ်၏ အဓိကအချက် အလက်တို့ကို သုံးသပ်ကြည့်ရှုကာ ငှားရမ်းသူဖြစ်သလား၊ နေထိုင်ရန် ခွင့်ပြုထားသူ ဖြစ်သလားဆိုသည့် ပြဿနာကို ဆုံးဖြတ်ရသည်။

ငှားရမ်းသူ ဟုတ်မဟုတ် နေထိုင်ခွင့် ပြုထားသူ ဟုတ်မဟုတ် ဆိုသော ပြဿနာကို ဆုံးဖြတ်ရာ၌ နေထိုင်အသုံးပြုသူသည် ပစ္စည်းကို မိမိတစ်ဦးတည်း နေထိုင်အသုံးပြုခွင့် ရ မ ရ ဆိုသည့် အကြောင်းခြင်းရာမှာ လွန်စွာ အရေးကြီးသောအချက် ဖြစ်ပေသည်။
အငှားချထားသည့် ပစ္စည်းကို မိမိတစ်ဦးတည်း နေထိုင်အသုံးပြုခွင့် ရသူမှာ ငှားရမ်းသူဖြစ်ပြီး နေထိုင်ရန် ခွင့်ပြုထားသူမှာ ငှားရမ်းသူကဲ့သို့ ပစ္စည်းကို မိမိတစ်ဦးတည်း နေထိုင် အသုံးပြုခွင့် မရှိပေ။

အခန်း၏ တစ်စိတ်တစ်ဒေသကို တစ်လလျှင် ကော်မရှင်ကျပ် ၁၀၀ နှုန်းဖြင့် အသုံးပြုရန် ခွင့်ပြုခဲ့ပြီး ထိုတစ်စိတ်တစ်ဒေသ အပေါ်၌ အယူခံ တရားလိုက ဗီရိုများ အခိုင်အမာပြုလုပ်ကာ မိမိတစ်ဦးတည်း အသုံးပြုခဲ့လျှင် အယူခံတရားလိုသည် ငှားရမ်းသူဖြစ်သည်ဟု ယူဆရန်အကြောင်း ပေါ်ပေါက်နေပေသည်။
ဂူဘာချန်ဆင်နှင့် ဖာနန်ဒို ၁၉၅၁ မြန်မာပြည် စီရင်ထုံး ၂၅၅ ( လွှတ်တော်ချုပ် )

သို့ရာတွင် အခန်းထဲ၌ နေထိုင်သူ၏ မိသားစုနေထိုင်ခွင့် မရှိသည့်အပြင် ထမင်းဟင်းလျာ ချက်မစားရဟု ပိတ်ပင်ထားသည် သာမက သတ်မှတ်ထားသည့် အချိန်ကျော်လွန်က ဝင်ခွင့်မရသည့် နေထိုင်သူသည် အခန်း၏ အကျိုးခံစားခွင့် အားလုံးကို ရရှိသူမဟုတ်သည့် အလျောက် အိမ်ငှားမဖြစ်နိုင်ပေ။ နေထိုင်ခွင့်ပြုထားသူသာ ဖြစ်ပေသည်။
အဆောင်ရှိအခန်း၌ နေထိုင်ခွင့် ပြုသည့်အတွက် ပေးရငွေမှာ၊ ငှားရမ်းခမဟုတ်ဘဲ အဆောင်တည်းခိုခသာဖြစ်သည်ဟု ကောက်ယူရမည်ဖြစ်သည်။
မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေးအက်ဥပဒေသည်၊ သာမန်အိမ်ငှားနှင့် ကြီးကြပ်ရေးဝန်က ဥပဒေအရ အိမ်ငှားအဖြစ် အသိအမှတ်ပြုထားသူများနှင့်သာ အကျုံးဝင်ပေသည်။
ခွင့်ပြုချက်အရ နေထိုင်သူများနှင့် သက်ဆိုင်ခြင်းမရှိပေ။
(မစ္စတာအာ(ရ်)ကရစ်(ရှ်)နန်း နှင့် ဝိုင်၊အမ်၊စီ၊အေ  ၁၉၇၁ ခုနှစ် မြန်မာနိုင်ငံစီရင်ထုံး စာမျက်နှာ ၃၄)

ကိုးကားချက်များ
၁။ ဒေါ်ကြင်သန်း၊ ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေပါ ခြားနားချက်များ
(၁၉၈၃) ဥပဒေဂျာနယ်
၂။ ဦးသက်ဖေ၊ ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေ၏ သိကောင်းစရာများ

Labour App Update (Zawgyi Version)

Labour App Update (Zawgyi Version)

ယခင် Labour
App တွင် ၂၀၁၆ ခုနှစ်၊ ဆိုင်များနှင့် အလုပ်ဌာနများဥပဒေ၊ ၁၉၅၁ ခုနှစ်၊
အလုပ်ရုံများ အက်ဥပဒေ နှင့် ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်
အက်ဥပဒေ တို့ပါဝင်ကာ ယခု Labour App တွင်  ၂၀၁၆ ခုနှစ်၊ အခကြေးငွေပေးချေရေးဥပဒေ နှင့် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပေဒ တို့ကို ထပ်မံ ထည့်သွင်းထားပါသည်။

၁၉၅၁ ခုနှစ်၊ အလုပ်ရုံများ အက်ဥပဒေ နှင့် ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့်
အလုပ်ပိတ်ရက် အက်ဥပဒေ တို့ကို ပြင်ဆင်သည့် ဥပေဒေများအား ၂၀၁၆ ခုနှစ်၊
ဖေဖော်ဝါရီလအထိ ပြင်ဆင်ဖြည့်စွက် ဖော်ပြထားပါသည်။

File size : 1.08 MB

Download Link : Labour App