တရားမ နစ်နာမှုဥပဒေ (The Law of Torts)

တရားမ နစ်နာမှုဥပဒေ (The Law of Torts)

တရားမ နစ်နာမှု Torts သည် လက်တင်စကား Tortum မှ ဆင်းသက်လာပါသည်။ အင်္ဂလိပ်စကား Wrong နစ်နာခြင်းအဓိပ္ပါယ်ကိုဆောင်ပါသည်။

တရားမ နစ်နာမှုသည် ဥပဒေက သတ်မှတ်ထားသော တာဝန်ကိုဆောင်ရွက်ရန် ပျက်ကွက်မှုမှ ဖြစ်ပေါ်သည်။ အဆိုပါတာဝန်သည် လူအများအတွက် ဆောင်ရွက်ရမည်။ ဆောင်ရွက်ရန် ပျက်ကွက်လျှင် လျော်ကြေး တောင်းဆိုပိုင်ခွင့် ရှိစေရမည်ဟု Dr.Winfield က အဓိပ္ပာယ် ရှင်းလင်းဖော်ပြခဲ့ပါသည်။

တရားမ နစ်နာမှုဥပဒေကို မြန်မာနိုင်ငံတွင် တရားဝင်ပြဌာန်းထားခြင်းမရှိပါ။ သို့ရာတွင် လျော်ကြေး / နစ်နာကြေး ကိစ္စရပ်များသည် တရားမ နစ်နာမှု ဥပဒေ သဘောတရားများအပေါ်များစွာ အခြေခံပြီး မြန်မာနိုင်ငံ တရားဥပဒေများဆိုင်ရာ အက်ဥပဒေ ပုဒ်မ ၁၃ (၃) ပြဌာန်းချက်ပါ (တရားမျှတမှု) (သာနာညီမျှမှု) နှင့် (ကောင်းမြတ်သော အသိစိတ်ရှိမှု) တို့ကို အခြေခံ ဆုံးဖြတ်ပေးပါသည်။

တစ်ဦးတစ်ယောက်၏ ပြုလုပ်မှုတစ်ခုသည် ပြစ်မှုတစ်မှုအပြင် တရားမနစ်နာမှုလည်း ဖြစ်နိုင်ပါသည်။

တရားမနစ်နာမှုနှင့် ရာဇဝတ်ပြစ်မှု ခြားနားခြင်း

(၁) တရားမနစ်နာမှုတွင် တစ်ဦးတစ်ယောက်၏ အခွင့်အရေးကို ကျူးကျော်ခြင်း၊ ထိပါးခြင်း ဖြစ်ပါသည်။ ရာဇဝတ်မှုတွင် အများပြည်သူတို့၏ အခွင့်အရေးကို ကျူးကျော်ခြင်း ဖြစ်သည်။ အများပြည်သူတို့ကို ထိခိုက်သည်။

(၂) တရားမနစ်နာမှုတွင် တစ်ဦးတစ်ယောက်၏ အခွင့်အရေးကို ကျူးကျော်သဖြင့် ကျူးကျော်နစ်နာခြင်းခံရသူ ဆုံးရှုံးနစ်နာမှုအတွက် ကျူးကျော်သူက နစ်နာသူအား လျော်ကြေးပေးရသည်။ ရာဇဝတ်မှုတွင် နောင်ဤပြစ်မှုကို မကျူးလွန်ရန် တားမြစ်သည့် အနေဖြင့် ကျူးကျော်သူအား ပြစ်ဒဏ်ပေးသည်။

(၃) တရားမနစ်နာမှုတွင် နစ်နာသူ (သို့မဟုတ်) အခွင့်အရေးဆုံးရှုံးသူက တရားလိုအဖြစ် တရားစွဲဆိုသည်။ ရာဇဝတ်မှုတွင် အများပြည်သူနှင့်အစိုးရအား ထိခိုက်နစ်နာသည်ဟု ယူဆသဖြင့် အစိုးရက တရားလိုအဖြစ် အရေးယူသည်။

တရားမနစ်နာမှုနှင့် ပဋိညာဉ်ဖေါက်ဖျက်မှုတို့ ခြားနားခြင်း

(၁) တရားမနစ်နာမှုတွင် အများနှင့်သက်ဆိုင်သော အခွင့်အရေးကို ကျူးလွန်သည်။ ဥပမာ – မောင်မောင်သည် ငြိမ်းချမ်းစွာ ၎င်း၏မြေပေါ်တွင် နေထိုင်ခွင့်ရှိသည်။ မည်သူမျှ ၎င်းအား လာ၍ မစော်ကားနိုင်။ ဤအခွင့်အရေးကို (Right in Rem) ဟု ဆိုပါသည်။

ပဋိညာဉ်ဖေါက်ဖျက်ခြင်းတွင် တစ်ဦးတစ်ယောက်က အခြားသူတစ်ဦးတစ်ယောက်၏ ပုဂ္ဂိလက အခွင့်အရေး (Right in Personam) ကို ကျူးကျော်သည်။

ဥပမာ – မောင်ဖြူသည် မောင်မဲ၏နွားကိုဝယ်ပြီး နွားဖိုးမပေးလျှင်၊ မောင်မဲသည် မောင်ဖြူအပေါ် နွားဖိုးရလိုကြောင်း တရားစွဲဆိုပိုင်ခွင့်ရရှိသည်။ ဤကိစ္စမျိုး၌ မောင်မဲ၏ အခွင့်အရေးသည် မောင်ဖြူတစ်ဦးတည်းအပေါ်ရရှိသော (Right in Person) အခွင့်အရေးဖြစ်သည်။

(၂) တရားမနစ်နာမှုတွင် တာဝန်ဝတ္တရားကို ဥပဒေက ပြဌာန်းသည်။ ထိုတာဝန်သည် အများပြသည်သူနှင့် ဆိုင်ရမည်။

ပဋိညာဉ်ဖေါက်ဖျက်မှုတွင် တာဝန်ကို ပဋိညာဉ်ပြုသူတို့က သတ်မှတ်သည်။ ဂတိပြုသူက ပဋိညာဉ်ပါ တာဝန်များကို ဂတိရသူအတွက် ဆောင်ရွက်ရမည်။

(၃) တရားမနစ်နာမှုတွင် သဘောတူညီချက်မရှိ၊ ပဋိညာဉ်ဖေါက်ဖျက်မှုတွင် ပဋိညာဉ်ရှိရမည်။ ပဋိညာဉ်သည် သဘောတူညီချက်ကို အခြေခံပြီး ပြုလုပ်သည်ဖြစ်၍ သဘောတူညီချက်မရှိဘဲ ပဋိညာဉ်မရှိနိုင်။

(၄) တရားမနစ်နာမှုတွင် လျော်ကြေးကို ဥပဒေက သတ်မှတ်ထားခြင်းမရှိ၊ အမှု၏အကြောင်းခြင်းရာများကို အထောက်အထားပြုပြီး တရားရုံးက သင့်လျော်မည်ထင်သော လျော်ကြေးကို ပေးသည်။

ပဋိညာဉ်ဖေါက်ဖျက်မှုတွင် ပဋိညာဉ်ပြုသူက သတ်မှတ်ထားသော လျော်ကြေး ကိုသော်လည်းကောင်း၊ ဥပဒေပြဌာန်း သတ်မှတ်ထားသော လျော်ကြေးကိုသော်လည်းကောင်း  ပေးပါသည်။

(၅) တရားမနစ်နာမှုတွင် ကျူးလွန်သူ၏ ရည်ရွယ်ချက်ကို ထည့်သွင်းစဉ်းစားသော်လည်း ပဋိညာဉ်ဖေါက်ဖျက်မှုတွင် ပဋိညာဉ်တွင် ပါဝင်သူတို့၏ ရည်ရွယ်ချက်နှင့် မသက်ဆိုင်။



တရားမနစ်နာမှု ၂ မျိုး ၂ စားရှိပါသည်။

(၁) နစ်နာဆုံးရှုံးမှုမရှိဘဲ တရားမနစ်နာမှုမြောက်သော တရားမနစ်နာမှု

ဥပမာ- တစ်ဦးတစ်ယောက်၏ မြေပေါ်ကျူးကျော်လျှင် မြေရှင်မှာ နစ်နာဆုံးရှုံးခြင်းမရှိသော်လည်း တရားမ နစ်နာမှုမြောက်သည်။

(၂) နစ်နာဆုံးရှုံးမှုကို သက်သေထင်ရှားပြနိုင်မှ တရားမနစ်နာမှုမြောက်သော တရားမနစ်နာမှု။

ဥပမာ – နှုတ်ဖြင့် အသရေပျက်မှုတွင် နစ်နာဆုံးရှုံးကြောင်း သက်သေထင်ရှားပြနိုင်မှ လျော်ကြေးရနိုင်မည်။

တရားမနစ်နာမှုအရ လျော်ကြေးတောင်းဆိုရာတွင် အခြေခံသော သဘောတရားများ

၁။       ဥပဒေရေးရာ အခွင့်အရေးရှိလျှင် တရားဥပဒေအရ ကုစားခွင့်ရှိရမည်။

ကိုယ်ကျင့်တရားနှင့်ပတ်သက်၍သော်၎င်း၊ နိုင်ငံရေးအရသော်၎င်း၊ ဘာသာရေးအရသော်၎င်း ဖြစ်ပေါ်သော အခွင့်အရေးနှင့် စပ်လျဉ်း၍ တရားမနစ်နာမှု မစွဲဆိုနိုင်။

ဥပမာ- ဦးဖြူသည် ဦးမဲ၏မြေပေါ် ဖြတ်သန်းသွား၏။ ဦးမဲသည် ဦးဖြူအား မြေပေါ် ကျူးကျော်မှု စွဲဆိုနိုင်သည်။ တရားမနစ်နာမှုဥပဒေအရ လျော်ကြေးတောင်းဆိုပိုင်ခွင့် ရရှိ၏။ ဦးမဲ၏ အခွင့်အရေးသည် ဦးဖြူတစ်ဦးတည်းအပေါ်သာမဟုတ်၊ သူ၏ ခွင့်ပြုချက်မရရှိဘဲ သူ၏ မြေပေါ် ဖြတ်သန်းသူဟူသ၍ အပေါ် ရရှိသည်။ လူအများအပေါ်ရရှိသော အဆိုပါအခွင့်အရေးမျိုးကို ဥပဒေရေးရာ အခွင့်အရေးဟူ၍၎င်း၊ ထိုဥပဒေရေးရာ အခွင့်အရေးကို ကျူးလွန်မှုကို Injuria ဟူ၍၎င်း တရားမနစ်နာမှု ဥပဒေတွင် ခေါ်ဆိုနိုင်ပါသည်။

၂။       ဥပဒေရေးရာ အခွင့်အရေးကို ထိခိုက်ကျူးကျော်ခြင်းမရှိဘဲ နစ်နာခြင်း၊

တရားပြိုင်သည် လက်ရှိစာသင်ကျောင်းနှင့်ကပ်ပြီး စာသင်ကျောင်းသစ်တစ်ကျောင်း ထောင်သည်။ ကျောင်းဟောင်းမှ ကျောင်းသားများ အစုလိုက် ကျောင်းသစ်သို့ ပြောင်းကြသည်။ ကျောင်းဟောင်းမှ နစ်နာဆုံးရှုံးသဖြင့် တရားပြိုင်ထံမှ လျော်ကြေးရရန်တရားစွဲဆိုသည်။ ဥပဒေရေးရာ အခွင့်အရေးကို နှောက်ယှက်ကျူးလွန်ခြင်းမရှိ။ သဘောရိုးဖြင့် ပြိုင်ဆိုင်မှုသာဖြစ်ခြင်းကြောင့် မည်မျှနစ်နာဆုံးရှုံးသော်လည်း လျော်ကြေးရရန်တရားမစွဲဆိုနိုင်။

၃။       နစ်နာဆုံးရှုံးခြင်းမရှိဘဲ ဥပဒေရေးရာ အခွင့်အရေးကို ထိခိုက်ကျူးကျော်ခြင်း။

ဥပဒေရေးရာ အခွင့်အရေးကို ထိခိုက်ကျူးကျော်လျှင် ဥပဒေက နစ်နာဆုံးရှုံးသည်ဟု ယူဆသည်။ လျော်ကြေးတောင်းဆိုနိုင်သည်။ ထို့ကြောင့် နစ်နာဆုံးရှုံးခြင်းမရှိဘဲ၊ ဥပဒေရေးရာ အခွင့်အရေးကို ထိခိုက်ကျူးကျော်လျှင် တရားစွဲဆိုနိုင်သည်။ လျော်ကြေးရနိုင်သည်။

၄။       ကိုယ်ကျင့်တရားပျက်ပြားခြင်းကို အကြောင်းပြု ၍ တရားမစွဲဆိုနိုင်။

တရားမနစ်နာမှုအတွက် လျော်ကြေးပေးရန် တာဝန်ကုန်ဆုံးခြင်း

၁။ တရားပြိုင်သေဆုံးခြင်း။      ။ တရားပြိုင်သေဆုံးသောအခါ-

(က) အသရေပျက်မှု၊ (ခ) ကိုထိလက်ရောက်မှုနှင့်

(ဂ) သေစေခြင်းမှအပ ကိုယ်ကို ထိခိုက်ကျူးလွန်သောအမှုတို့သည် ဆုံးခန်းတိုင်သို့ ရောက်သည်။

၂။ Waiver တရားမစွဲဘဲထားခြင်း။

၃။ Record and satisfaction ကြေအေးရန် သဘောတူပြီး အပြေအလည်ရရှိကြောင်း မှတ်တမ်းတင်ခြင်း။

၄။ Release စွန့်လွှတ်ခြင်း။

၅။ Acquiescence သိလျက်နှင့် အရေးမယူသဖြင့် သဘောတူညီရာရောက်ခြင်း။

၆။ Judgement recovered တောင်းဆိုနိုင်သော သက်သာခွင့်အားလုံးကို တောင်းဆိုရမည်ဖြစ်လျက် ချန်ထားလျှင်ဖြစ်စေ၊ ကျန်နေလျှင်ဖြစ်စေ၊ ၎င်းအတွက် အမှုသစ်တစ်ခု နောက်ထပ် မစွဲဆိုနိုင်ခြင်း၊

၇။ Limitation ကာလစည်းကမ်းသတ် ကျော်လွန်ခြင်း။

လျော်ကြေးအမှုများ

တရားမနစ်နာမှုတစ်ခုကို ကျူးလွန်လျှင် ကျူးလွန်ခြင်းကြောင့် နစ်နာဆုံးရှုံးသမျှကို တစ်မှုထဲတွင် တောင်းဆိုရမည်။ တောင်းဆိုရန် ပျက်ကွက်လျှင်သော်၎င်း၊ ချန်ထားလျှင်သော်၎င်း၊ ၎င်းအတွက် အမှုသစ်တစ်ခု မစွဲဆိုနိုင်၊ သို့ရာတွင် အောက်ပါအမှုမျိုးတွင် အမှုတစ်ခုထက် ပိုမို၍ စွဲဆိုနိုင်သည်။

(၁) တရားမနစ်နာမှုတစ်ခုသည်၊ အခွင့်အရေး ၂ ခု (သို့) ၂ ထက် ပိုမိုကျူးလွန်လျှင်

ဥပမာ – မောင်ဖြူသည် အရိုက်ခံရ၍ (က) လက်ကျိုးသည့်အပြင် (ခ) နာရီလည်း ပျက်စီးလျှင် အမှုတစ်ခုထဲတွင် ဖြစ်စေ၊ ၂ မှုခွဲ၍ ဖြစ်စေ စွဲဆိုနိုင်သည်။

(၂) ဆက်လက်ဖြစ်ပွားသော တရားမနစ်နာမှု။

ဥပမာ – ပုပ်နံသော အမှိုက်များကို တစ်ခြားသူ၏မြေပေါ်၌ စုပုံခြင်းတွင် ၎င်းအမှိုက်ကို မရွှေ့မပြောင်းသမျှ နေ့တိုင်း နေ့တိုင်း တရားစွဲဆိုနိုင်သည်။

(၃) တရားမနစ်နာမှုကို အချိန်အမျိုးမျိုးတွင် ကျူးလွန်လျှင်

ဥပမာ – အသရေဖျက်မှုတစ်ခုကို ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် မော်လမြိုင်မြို့များ၌ အချိန်အမျိုးမျိုးတွင် ကြေညာလျှင် ကြေညာတိုင်း တရားစွဲဆိုနိုင်သည်။

ကျမ်းကိုးစာရင်း

၁။ ဦးအောင်ရှိန်ဝန် ဝတ်လုံတော်ရ၊ အခြေခံ ပဋိညာဉ်အက်ဥပဒေ

၂။ ဦးမြင့်အောင်(ဘဏ်) တရားလွှတ်တော်ရှေ့နေ၊ လျော်ကြေးနှင့် နစ်နာကြေး

ငှားရမ်းခြင်းနှင့် ခွင့်ပြုခြင်း

ငှားရမ်းခြင်းနှင့် ခွင့်ပြုခြင်း

ငှားရမ်းခြင်းဆိုသည်မှာ အဖိုးစားနားရရှိသည့် အတွက် မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းတစ်ရပ်၏ အကျိုးခံစားခွင့်ကို ခံစားစေရန် လွှဲပြောင်းပေးခြင်းဖြစ်သည်။
( ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေ ပုဒ်မ ၁၀၅ )

ခွင့်ပြုခြင်းဆိုသည်မှာ တစ်ဦးတစ်ယောက်၏ မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းကို အခြားသူတစ်ဦးအား အကျိုးခံစားစေရန်ခွင့်ပြုရာ ထိုခွင့်ပြုချက်၌ အဆိုပါ မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းတွင် အကျိုးခံစားခွင့် မပါရှိလျှင် အခြားသူ၏ အကျိုးခံစားခြင်းသည် ဥပဒေနှင့် ဆန့်ကျင်မည်ဖြစ်လျှင် ထိုခွင့်ပြုချက်မျိုးကို License ဟုခေါ်သည်။ တစ်နည်းအားဖြင့်ဆိုလျှင် ပစ္စည်းကို အကျိုးခံစားရန် တစ်ဦးတည်း သီးခြားလက်ရှိ မရလျှင် License မျှသာဖြစ်သည်။

တစ်စုံတစ်ယောက်သည် အငှားယူသူလော သို့မဟုတ် ခွင့်ပြုချက်ရသူလော ဟူသော ပြဿနာတွင် ပစ္စည်းရှင်က ပစ္စည်းရယူသူအား တစ်ဦးတည်း သီးခြား လက်ရှိထားပိုင်ခွင့် ပေးလျှင် ထိုသူသည် ခွင့်ပြုချက်ရသူ ဖြစ်သည်။

အငှားယူသူသည် မိမိငှားထားသည့် ပစ္စည်းပေါ်တွင် အများကို ဆန့်ကျင်၍ရရှိသည့် အခွင့်အရေးရရှိသည့်အတွက် ၎င်းပစ္စည်းကို ကျူးကျော်လာသူအပေါ်တွင် အရေးယူနိုင်သော်လည်း ခွင့်ပြုချက် ရရှိသူသည် မိမိအားခွင့်ပြုထာားသည့် ပစ္စည်းပေါ်တွင် ကျူးကျော်လာသူကို အရေးယူပိုင်ခွင့် မရှိချေ။

အငှားယူသူ၏ အခွင့်အရေးသည် လွှဲပြောင်းနိုင်ခြင်း အမွေဆက်ခံခြင်း ရှိသော်လည်း ခွင့်ပြုချက်ရရှိသူ၏ အခွင့်အရေးမှာ လွှဲပြောင်းခွင့် အမွေဆက်ခံနိုင်ခွင့်
မရှိချေ။

ငှားရမ်းခြင်းတွင် အငှားကို နှစ်ဦးသဘောတူနှင့် ပစ္စည်းလွှဲပြောင်းရေး ဥပဒေ ပုဒ်မ ၁၁၁ ပါ ပြဌာန်းချက်များ အရသာ ပြီးဆုံးခြင်းသို့ ရောက်ရှိနိုင်သည်။
ခွင့်ပြုချက်ရရှိသူကိုမူ ခွင့်ပြုသူက ခွင့်ပြုချက်ကို မိမိသဘောအလျောက် အချိန်မရွေး ပြီးဆုံးခြင်းသို့ ရောက်ရှိနိုင်သည်။

ငှားရမ်းခြင်းတွင် အငှားချထားသူနှင့် အငှားယူသူတစ်ဦးဦး သေဆုံးစေကာမူ ငှားရမ်းခြင်းကို မထိခိုက်သော်လည်း ခွင့်ပြုခြင်းတွင်မူ တစ်ဦးဦး သေဆုံးလျှင် ခွင့်ပြုချက် ပြီးဆုံးခြင်းသို့ ရောက်သည်။

အငှားချထားသည့်ကိစ္စတွင် အငှားချထားသည့် ပစ္စည်း၏ အကျိုးခံစားခွင့်ကို ငှားရမ်းသူအား အငှားချထားသူက လွှဲပြောင်းပေးသော်လည်း ခွင့်ပြုချက်ဖြင့် နေထိုင်သူမှာ ပစ္စည်းကို လက်ရှိဖြစ်စေကာမူ ပစ္စည်း၏ အကျိုးခံစားခွင့် အားလုံးကို ရရှိသူမဟုတ်ပေ။

ပစ္စည်းအပေါ် နေထိုင်ခွင့်ပြုသည့် စာချုပ်တွင် သုံးနှုန်းထားသည့် ငှားရမ်းသူ၊ နေထိုင်ခွင့်ပြုသူ ဆိုသည့် စကားရပ်များသည် ငှားရမ်းသူ ဟုတ်မဟုတ် ဆိုသည့်
ကိစ္စကို ဆုံးဖြတ်ရာ၌ အရေးကြီးသည့် အချက်မဟုတ်ပေ။ စာချုပ်၌ နှစ်ဦးနှစ်ဖက် ထားရှိခဲ့သော ပဋိညာဉ်၏ အဓိကအချက် အလက်တို့ကို သုံးသပ်ကြည့်ရှုကာ
ငှားရမ်းသူဖြစ်သလား၊ နေထိုင်ရန် ခွင့်ပြုထားသူ ဖြစ်သလားဆိုသည့် ပြဿနာကို ဆုံးဖြတ်ရသည်။

ငှားရမ်းသူ ဟုတ်မဟုတ် နေထိုင်ခွင့် ပြုထားသူ ဟုတ်မဟုတ် ဆိုသော ပြဿနာကို ဆုံးဖြတ်ရာ၌ နေထိုင်အသုံးပြုသူသည် ပစ္စည်းကို မိမိတစ်ဦးတည်း နေထိုင်အသုံးပြုခွင့် ရ မ ရ ဆိုသည့် အကြောင်းခြင်းရာမှာ လွန်စွာ အရေးကြီးသောအချက် ဖြစ်ပေသည်။
အငှားချထားသည့် ပစ္စည်းကို မိမိတစ်ဦးတည်း နေထိုင်အသုံးပြုခွင့် ရသူမှာ ငှားရမ်းသူဖြစ်ပြီး နေထိုင်ရန် ခွင့်ပြုထားသူမှာ ငှားရမ်းသူကဲ့သို့ ပစ္စည်းကို မိမိတစ်ဦးတည်း နေထိုင် အသုံးပြုခွင့် မရှိပေ။

အခန်း၏ တစ်စိတ်တစ်ဒေသကို တစ်လလျှင် ကော်မရှင်ကျပ် ၁၀၀ နှုန်းဖြင့် အသုံးပြုရန် ခွင့်ပြုခဲ့ပြီး ထိုတစ်စိတ်တစ်ဒေသ အပေါ်၌ အယူခံ တရားလိုက ဗီရိုများ
အခိုင်အမာပြုလုပ်ကာ မိမိတစ်ဦးတည်း အသုံးပြုခဲ့လျှင် အယူခံတရားလိုသည် ငှားရမ်းသူဖြစ်သည်ဟု ယူဆရန်အကြောင်း ပေါ်ပေါက်နေပေသည်။
ဂူဘာချန်ဆင်နှင့် ဖာနန်ဒို ၁၉၅၁ မြန်မာပြည် စီရင်ထုံး ၂၅၅ ( လွှတ်တော်ချုပ် )

သို့ရာတွင် အခန်းထဲ၌ နေထိုင်သူ၏ မိသားစုနေထိုင်ခွင့် မရှိသည့်အပြင် ထမင်းဟင်းလျာ ချက်မစားရဟု ပိတ်ပင်ထားသည် သာမက သတ်မှတ်ထားသည့် အချိန်ကျော်လွန်က ဝင်ခွင့်မရသည့် နေထိုင်သူသည် အခန်း၏ အကျိုးခံစားခွင့် အားလုံးကို ရရှိသူမဟုတ်သည့် အလျောက် အိမ်ငှားမဖြစ်နိုင်ပေ။ နေထိုင်ခွင့်ပြုထားသူသာ ဖြစ်ပေသည်။
အဆောင်ရှိအခန်း၌ နေထိုင်ခွင့် ပြုသည့်အတွက် ပေးရငွေမှာ၊ ငှားရမ်းခမဟုတ်ဘဲ အဆောင်တည်းခိုခသာဖြစ်သည်ဟု ကောက်ယူရမည်ဖြစ်သည်။
မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေးအက်ဥပဒေသည်၊ သာမန်အိမ်ငှားနှင့် ကြီးကြပ်ရေးဝန်က ဥပဒေအရ အိမ်ငှားအဖြစ် အသိအမှတ်ပြုထားသူများနှင့်သာ အကျုံးဝင်ပေသည်။
ခွင့်ပြုချက်အရ နေထိုင်သူများနှင့် သက်ဆိုင်ခြင်းမရှိပေ။
(မစ္စတာအာ(ရ်)ကရစ်(ရှ်)နန်း နှင့် ဝိုင်၊အမ်၊စီ၊အေ  ၁၉၇၁ ခုနှစ် မြန်မာနိုင်ငံစီရင်ထုံး စာမျက်နှာ ၃၄)

ကိုးကားချက်များ
၁။ ဒေါ်ကြင်သန်း၊ ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေပါ ခြားနားချက်များ
(၁၉၈၃) ဥပဒေဂျာနယ်
၂။ ဦးသက်ဖေ၊ ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေ၏ သိကောင်းစရာများ