လူ့အခွင့်အရေး (Human Rights)

လူ့အခွင့်အရေး (Human Rights)

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေကို ၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ် ၂၁ ဖြင့် ပြဌာန်းခဲ့ပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေ ပုဒ်မ ၂ (ဂ) ၌

လူ့အခွင့်အရေးဆိုရာတွင် အောက်ပါတို့ပါဝင်သည်-

(၁)    ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ အခွင့်အရေးများ၊

(၂)    ကုလသမဂ္ဂက ထုတ်ပြန်ကြေညာသော ကမ္ဘာ့လူ့အခွင့်အရေး  ကြေညာစာတမ်းပါ လူ့အခွင့် အရေးများ၊

(၃)    နိုင်ငံတော်ကလိုက်နာရန်ရှိသော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စာချုပ်များတွင်ပါရှိသည့် လူ့အခွင့်အရေးများ၊

လူ့အခွင့်အရေး၏ ဝိသေသလက္ခဏာများ

လူ့အခွင့်အရေးသည် လူသားအားလုံးနှင့်သက်ဆိုင်သည်။  ( Human rights are universal)

လူအခွင့်အရေးသည် လူတိုင်းအတွက် မွေးရာပါ အခွင့်အရေး ဖြစ်သည်။    ( Human rights are inherent)

လူ့အခွင့်အရေးကို ဖယ်ရှားနှုတ်ပယ်၍မရပါ။ ( Human rights are inalienable)

လူ့အခွင့်အရေးကို ခွဲခြမ်း၍မရပါ။  ( Human rights are indivisible)

လူ့အခွင့်အရေးသည် အပြန်အလှန်အမှီသဟဲပြုနေကြသည်။ (Human rights are interdependent and interrelated )

ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း (အနှစ်ချုပ်)

အပိုဒ် (၁)     လူတိုင်း မွေးကတည်းက တူညီသော ဂုဏ်သိက္ခာနှင့် အခွင့်အရေးရှိသည်။ တစ်ဦးကို တစ်ဦးညီရင်းအစ်ကို စိတ်ဓာတ်ကျင့်သုံးသင့်သည်။

အပိုဒ် (၂)      လူတိုင်း လူမျိုး၊ အသားအရောင်၊ ကျား မ၊ ဘာသာစကား၊ ကိုးကွယ်သည့် ဘာသာ၊ နိုင်ငံရေး၊ ပစ္စည်းဂုဏ်၊ မျိုးရိုးဂုဏ်စသည်တို့ကို အကြောင်းပြု၍ ခွဲခြားမှုမျိုး မပြုလုပ်ရ။

အပိုဒ် (၃)     လူတိုင်း အသက်ရှင်သန်ခွင့်၊ လွတ်လပ်ခွင့်နှင့် လူပုဂ္ဂိုလ် လုံခြုံမှုရခွင့် ရှိသည်။

အပိုဒ် (၄)    မည်သူ့ကိုမျှ ကျွေးကျွန်အဖြစ် သို့မဟုတ် အစေအပါးအဖြစ် မပြုရ။

အပိုဒ် (၅)    မည်သူ့ကိုမျှ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ရက်စက်စွာပြုမှု ဆက်ဆံခြင်း သို့မဟုတ် အပြစ်ဒဏ် ပေးခြင်းမပြုရ။

အပိုဒ် (၆)    လူတိုင်း တရားဥပဒေရှေ့မှောက်တွင် လူသားဆန်ဆန် ဆက်ဆံခံခွင့်ရှိသည်။

အပိုဒ်(၇)    လူတိုင်း ဥပဒေရှေ့မှောက်တွင် တန်းတူဖြစ်သည်။

အပိုဒ်(၈)    လူတိုင်း ဥပဒေအရ ခံစားခွင့်ရှိသည့် မူလအခွင့်အရေးများ ဖောက်ဖျက်ခံရလျှင် ဥပဒေ၏ အကူအညီ ရယူခွင့်ရှိသည်။

အပိုဒ်(၉)    မည်သူ့ကိုမျှ မတရားဖမ်းဆီးချုပ်နှောင်ခြင်း တိုင်းပြည်မှ နှင်ထုတ်ခြင်းမပြုရ။

အပိုဒ်(၁၀)    လွတ်လပ်၍ ဘက်လိုက်မှုမရှိသော တရားရုံးတစ်ရပ်က အများပြည်သူ ရှေ့မှောက်တွင် တရားမျှတစွာ ကြားနားစစ်ဆေးခြင်းကို အညီအမျှ ရခွင့်ရှိသည်။

အပိုဒ်(၁၁)     ပြစ်မှုတစ်ရပ်ဖြင့် စွပ်စွဲခံရသော လူတိုင်း အပြစ်ရှိသည်ဟု တရားရုံးက ထင်ရှားစီရင်မှု မခံရ မချင်း အပြစ်မရှိသူဟု မှတ်ယူခံထိုက်သည်။

အပိုဒ်(၁၂)    လူတိုင်း မိမိ၏ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်နှင့် ဂုဏ်သိက္ခာအား ထိပါးပုတ်ခတ်လာပါက ဥပဒေအရ အကာအကွယ် ရပိုင်ခွင့်ရှိသည်။

အပိုဒ်(၁၃)    လူတိုင်း မိမိတိုင်းပြည်အတွင်း လွတ်လပ်စွာ သွားလာရွှေ့ပြောင်းခွင့်နှင့် နေထိုင်ခွင့်ရှိသည်။

အပိုဒ်(၁၄)    လူတိုင်းသည် မတရားနှိပ်စက်မှုမှ လွတ်ကင်းရန် အခြားနိုင်ငံများ၌ ခိုလှုံခွင့် တောင်းခံနိုင်သည်။

အပိုဒ်(၁၅)     လူတိုင်း နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားအဖြစ် ခံယူခွင့်ရှိသည်။

အပိုဒ်(၁၆)    အရွယ်ရောက်ပြီးသော သတို့သားနှင့် သတို့သမီး နှစ်ဦးဆန္ဒနှင့်အညီ ထိမ်းမြား လက်ထပ်နိုင်သည်။ အိမ်ရာထူထောင်နိုင်သည်။

အပိုဒ်(၁၇)    လူတိုင်း ကိုယ်ပိုင်ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့်ရှိသည်။ မတရားသိမ်းယူခြင်း မခံထိုက်စေရ။

အပိုဒ်(၁၈)    လူတိုင်း မိမိနှစ်သက်ရာ ဘာသာတရားကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိသည်။ မိမိဆန္ဒနှင့် အညီ အခြားဘာသာသို့ ကူးပြောင်းနိုင်သည်။

အပိုဒ်(၁၉)    လူတိုင်း လွတ်လပ်စွာ ထင်မြင်ယူဆခွင့်၊ ထုတ်ဖော်ပြောဆိုခွင့်ရှိသည်။ သတင်း အချက်အလက် များကိုလည်း ရယူခွင့်၊ ဖြန့်ချိခွင့်ရှိသည်။

အပိုဒ်(၂၀)    လူတိုင်းငြိမ်းချမ်းစွာ စုဝေးခွင့်၊ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်ရှိသည်။

အပိုဒ်(၂၁)    လူတိုင်း တန်းတူညီမျှ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်။ အစိုးရအုပ်ချုပ်မှု အာဏာသည် ပြည်သူ ပြည်သားတို့၏ ဆန္ဒအပေါ် အခြေခံရမည်။

အပိုဒ်(၂၂)    လူတိုင်း လူမှုဘဝလုံခြုံရေး ခံစားခွင့်ရှိသည်။

အပိုဒ်(၂၃)     လူတိုင်း အလုပ်လုပ်ခွင့်ရှိသည်။ အလုပ်လက်မဲ့ဖြစ်ခြင်းမှ အကာအကွယ် ရပိုင်ခွင့်ရှိသည်။ အလုပ်သမားသမဂ္ဂများ၌ ပါဝင်ဆောင်ရွက်ခွင့်ရှိသည်။

အပိုဒ်(၂၄)    အလုပ်လုပ်သူတိုင်း အလုပ်အားလပ်ရက်နှင့် အနားယူခွင့်ရှိသည်။

အပိုဒ်(၂၅)    လူတိုင်း လုံလောက်သည့် လူနေမှုအဆင့်အတန်း ရပိုင်ခွင့်ရှိသည်။ ဘဝလုံခြုံမှု ရပိုင်ခွင့် ရှိသည်။ လူမှုကာကွယ်စောင့်ရှောက်မှု ခံစားခွင့်ရှိသည်။

အပိုဒ်(၂၆)    လူတိုင်း ပညာသင်ယူခွင့်ရှိသည်။ အနည်းဆုံးမူလတန်းနှင့် အခြေခံပညာအဆင့်တို့တွင် အခမဲ့ ဖြစ်ရမည်။ မူလတန်းပညာသည် မသင်မနေရ ဖြစ်ရမည်။

အပိုဒ်(၂၇)    လူတိုင်း လူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှုဘဝ၌ လွတ်လပ်စွာ ပါဝင်ဆောင်ရွက်ခွင့်ရှိသည်။ အနုပညာနှင့် သိပ္ပံပညာတိုးတက်မှု အကျိုးရလဒ်များကို မျှဝေခံစားခွင့်ရှိသည်။

အပိုဒ်(၂၈)    လူတိုင်း ဤစာတမ်းပါ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို အပြည့်အဝခံစားနိုင်ရန် အကောင်အထည်ဖော်သည့် လုပ်ငန်းစဉ်များကို ခံစားခွင့်ရှိသည်။

အပိုဒ်(၂၉)    မိမိအခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို ကျင့်သုံးရာတွင် အခြားသူများ၏ အခွင့် အရေးနှင့် လွတ်လပ်ခွင့်များကို အသိအမှတ်ပြု လေးစားရမည်။

အပိုဒ်(၃၀)    ဤကြေညာစာတမ်းပါ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို ပျက်စီးရာပျက်စီးကြောင်း မည်သူမျှ မပြုလုပ်ရ။



မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေ 

ပုဒ်မ ၂၈ တွင် လူ့အခွင့်အရေးဖောက်ဖျက်မှုများ ကျယ်ပြန့်စွာ ဖြစ်ပွားနေသည်ကိုလည်းကောင်း၊ ဖောက်ဖျက်မှုသည် စနစ်တစ်ရပ်အဖြစ် ဦးတည်နေသည်ကိုလည်းကောင်း သိရှိပါက ကော်မရှင်သည် ဦးဆောင်ဦးရွက်ပြု၍ စုံစမ်းစစ်ဆေးခြင်းကို ဆောင်ရွက်နိုင်သည်။

ပုဒ်မ ၂၉ တွင် ကော်မရှင်သည် စုံစမ်းစစ်ဆေးမှုတစ်ရပ်ပြုလုပ်ရာတွင် သဘာဝတရားမျှတမှု သဘောတရားနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။ ထို့ပြင် တရားမကျင့်ထုံး၊ ရာဇဝတ်ကျင့်ထုံးနှင့် သက်သေခံအက်ဥပဒေတို့ပါ သက်ဆိုင်သည့်ပြဌာန်းချက်များကို ဆီလျော်သလို ကျင့်သုံးဆောင်ရွက် နိုင်သည်။

ပုဒ်မ ၃၀ တွင် လူ့အခွင့်အရေးဖောက်ဖျက်မှုရှိသည်ဟု စွပ်စွဲချက်နှင့် စပ်လျဉ်း၍ ပုဂ္ဂိုလ်တစ်ဦးသည် မိမိကိုယ်တိုင်အတွက်သော်လည်းကောင်း၊ အခြားသူတစ်ဦး တစ်ယောက်အတွက်သော်လည်းကောင်း၊ တူညီသောလူတစ်စုကို ကိုယ်စားပြု၍ သော်လည်းကောင်း၊ တိုင်တန်းလိုသည့် အကြောင်းအရင်း ဖော်ပြပြီး ကော်မရှင်သို့ တိုင်ကြားနိုင်သည်။

ပုဒ်မ ၃၇ တွင် ကော်မရှင်သည် အောက်ပါအကြောင်းတစ်ရပ်ရပ်နှင့် ငြိစွှန်းသော တိုင်တန်းချက်ကို စုံစမ်း စစ်ဆေးခြင်း မပြုလုပ်ရ-
(က)    တရားရုံး တစ်ခုခု၏ ရှေ့မှောက်၌ စစ်ဆေး ကြားနာဆဲအမှုများနှင့် တရားရုံးတစ်ခုခု၏ စီရင်ဆုံးဖြတ်ချက်အပေါ် အယူခံမှု သို့မဟုတ် ပြင်ဆင်မှု ဝင်ရောက်ဆဲအမှုများ၊
(ခ)    တရားရုံးတစ်ခုခုက အပြီးသတ်စီရင်ဆုံးဖြတ်ပြီးသောအမှုများ။

ပုဒ်မ ၃၈ တွင် ကော်မရှင်သည် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့်ဖြစ်စေ၊ ယင်းတို့နှင့် ဆက်နွယ်သည့် အဖွဲ့အစည်းများနှင့်ဖြစ်စေ သက်ဆိုင်သော တိုင်တန်းချက်အပေါ် ၎င်းတို့ဆက်လက် ဆောင်ရွက်နိုင်ရေးအတွက် မိမိ၏ စုံစမ်းတွေ့ရှိချက်ကို အကြံပြုတိုက်တွန်းချက်နှင့်အတူ သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းသို့ ပေးပို့ရမည်။ ယင်းဌာန၊ အဖွဲ့အစည်းသည် ကော်မရှင်၏ အကြံပြုတိုက်တွန်းချက်များနှင့် စပ်လျဉ်းသည့်အရေးယူ ဆောင်ရွက်ထားရှိမှု အခြေအနကို ရက်ပေါင်းသုံးဆယ်အတွင်း ကော်မရှင်သို့ ပြန်ကြားရမည်။ ထိုသို့ ပြန်ကြားရာတွင် တိုင်တန်းသူများ လက်တုံ့ပြန်မှု မခံရစေရေးအတွက် သေချာစေမည့် ဆောင်ရွက်ချက်ကိုလည်း ဖော်ပြရမည်။

ပုဒ်မ ၃၉ တွင် စုံစမ်းစစ်ဆေးမှုတစ်ရပ်ပြီးဆုံးသည့်အခါ ကော်မရှင်သည် လိုအပ်ပါက မိမိ၏ စုံစမ်းတွေ့ရှိချက်များနှင့် အကြံပြုချက်များကို နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံတင်ပြပြီး အများပြည်သူသိရှိနိုင်ရန်လည်း ထုတ်ပြန်နိုင်သည်။

ပုဒ်မ ၄၀ တွင် ကော်မရှင်သည် တိုင်တန်းချက်နှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရာတွင် ပုဂ္ဂိုလ်တစ်ဦးချင်း သို့မဟုတ် ပုဂ္ဂိုလ်များ၏ လူ့အခွင့်အရေးကို ဖောက်ဖျက်မှုရှိကြောင်း အထောက်အထား ခိုင်လုံစွာ တွေ့ရှိပါက ပုဒ်မ ၃၈ နှင့် ၃၉ တို့အရ တင်ပြသည့် အစီရင်ခံစာတွင် အောက်ပါတို့အတွက် အကြံပြုတိုက်တွန်းချက်များကို ဖော်ပြရမည်-
(က) လူ့အခွင့်အရေး ဖောက်ဖျက်မှုရှိကြောင်း အတည်ပြုချက်နှင့် ယင်းလူ့အခွင့်အရေး ဖောက်ဖျက်မှုများဆက်လက် မဖြစ်ပေါ်စေရေးနှင့် အလားတူဖောက်ဖျက်မှုများ ထပ်မံမဖြစ်ပွားစေရေး၊
(ခ) လူ့အခွင့်အရေး ဖောက်ဖျက်မှုကို ကုစားရန် ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် အဖွဲ့အစည်း တစ်ခုခုက သင့်လျော်သလို ဆောင်ရွက်ပေးရေး၊
(ဂ) လူ့အခွင့်အရေး ဖောက်ဖျက်မှုကြောင့် ထိခိုက်ဆုံးရှုံးနစ်နာမှုအတွက် လူ့အခွင့်အရေး ဖောက်ဖျက်ခြင်းခံရသူ ရသင့်ရထိုက်သည့် နစ်နာကြေးရရှိနိုင်ရေး၊
(ဃ) သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း၊ လုပ်ငန်း၊ ပုဂ္ဂိုလ် သို့မဟုတ် အာဏာပိုင်အဖွဲ့အစည်းက အရေးယူဆောင်ရွက်ရေးနှင့် ယင်းအကြံပြု တိုက်တွန်းချက်များအပေါ် ၎င်းတို့၏ အရေးယူဆောင်ရွက်ချက်များကို ကော်မရှင်သို့ သင့်လျော်သောအချိန်ကာလအတွင်း ပြန်ကြားရေး။
တို့ဖြစ်ပါသည်။

ကိုးကားချက်များ
၁။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေ
၂။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ လက်ကမ်းစာစောင်များ

အင်ကိုတမ်း ( Incoterms )

အင်ကိုတမ်း ( Incoterms )



အင်ကိုတမ်း ( Incoterms ) ဆိုသည်မှာ နိုင်ငံတကာ ကုန်စည် ကူသန်းရောင်းဝယ်မှု အသုံးအနှုန်းများ၊ စည်းမျဉ်းစည်းကမ်းများ ( International Commercial terms ) ၏ အတိုကောက်ဖြစ်ပါသည်။ ၎င်းအသုံးအနှုန်းများသည် ကမ္ဘာတစ်ဝှမ်းလုံးတွင်အသုံးပြုနေသော ကုန်ရောင်းစာချုပ်များနှင့် ဆက်စပ်နေပါသည်။


အင်ကိုတမ်းများကို အပြည်ပြည်ဆိုင်ရာကုန်သည်ကြီးများအသင်းမှ ထုတ်ဝေခဲ့ပါသည်။ ၁၉၂၃ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ကူသန်းရောင်းဝယ်မှု အသုံးအနှုန်းများ၊ စည်းမျဉ်းစည်းကမ်းများအား အပြည်ပြည်ဆိုင်ရာ ကုန်သည်ကြီးများအသင်းမှ ထုတ်ဝေခဲ့ပြီး ပထမအကြိမ်အဖြစ် အင်ကိုတမ်းဟုခေါ်ဆိုက  ၁၉၃၆ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့ပါသည်။ ထုတ်ဝေခဲ့သည့် အင်ကိုတမ်းများကို ၁၉၅၃ ခုနှစ်၊ ၁၉၆၇ ခုနှစ်၊ ၁၉၇၆ ခုနှစ်၊ ၁၉၈၀ ခုနှစ်၊ ၁၉၉၀ ခုနှစ်၊ ၂၀၀၀ ခုနှစ်တို့တွင် အသီးသီးပြင်ဆင်ခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် ရှစ်ကြိမ်မြောက် အဖြစ်ပြင်ဆင်ထုင်ဝေခဲ့ပြီးနောက် ယခုအချိန်အထိ ကျင့်သုံးလျက်ရှိပါသည်။


ကုန်သေတ္တာများသည် ခရီးဆုံးမရောက်မီ ရက်ပိုင်းများစွာသွားလာကြရသဖြင့် ၎င်းနေရက်များတွင် လုံခြုံဘေးကင်းရန်လိုအပ်ပါသည်။ ထို့ကြောင့် ကုန်ရောင်းသူများနှင့် ကုန်ဝယ်သူများသည် ကုန်ပစ္စည်းများကို ပို့ဆောင်ရာတွင် ရောင်းသူ၏ တာဝန်နှင့် ဝယ်သူတို့၏ တာဝန်တို့ကို ကြိုတင် သတ်မှတ်ထားရန် လိုအပ်ပါသည်။ အင်ကိုတမ်းများသည် ကုန်ပစ္စည်းများကို ဖြန့်ဖြူးရာတွင် ပေါ်ပေါက်လာနိုင်သော ရောင်းသူနှင့်ဝယ်ယူတို့၏ တာဝန်ယူမှုနှင့် တာဝန်ရှိမှုတို့အား ဖော်ပြထားခြင်း ဖြစ်ပါသည်။


အဆိုပါတာဝန်ယူမှုနှင့် တာဝန်ရှိမှုတို့မှာ


၁။ ကုန်ပစ္စည်းလွှဲအပ်သည့်နေရာ


          အင်ကိုတမ်းသည် ကုန်ရောင်းသူနှင့် ကုန်ဝယ်သူတို့၏ ကုန်ပစ္စည်းလွှဲအပ်သည့်နေရာတို့တွင် ကုန်ပစ္စည်းများ ပျောက်ဆုံး၊ ပျက်စီးမှုအန္တရယ်နှင့် တာဝန်ရှိမှုတို့ကိုဖော်ပြထားပါသည်။


၂။ သယ်ယူပို့ဆောင်စရိတ်


          အင်ကိုတမ်းတွင် မည့်သည့်ဘက်မှ သယ်ယူပို့ဆောင်စရိတ်အား ကျခံရမည့်ကို ဖော်ပြထားပါသည်။


၃။ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ


          အင်ကိုတမ်းတွင် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများကို မည့်သည့်ဘက်က ဆောင်ရွက်ရမည်ကို ဖော်ပြထားပါသည်။


၄။ အာမခံစရိတ်


          အာမခံစရိတ်အား မည့်သည့်ဘက်က ကျခံရမည်ကို ဖော်ပြထားပါသည်။




EXW, FCA, FAS, FOB, CFR, CIF, CPT, CIP, DAT, DAP နှင့် DDP တို့သည် အင်ကိုတမ်း ၂၀၁၀ ပါ အတိုကောက် အခေါ်အဝေါ်များ ဖြစ်ပါသည်။





EXW – Ex Works (named place of delivery)

 

Ex Works သည် ကုန်ရောင်းသူအတွက် တာဝန်ရှိမှု အနည်းဆုံး အင်ကိုတမ်းဖြစ်ပြီး ကုန်ဝယ်သူအတွက် တာဝန်ရှိမှု အများဆုံးဖြစ်ပါသည်။ ကုန်ဝယ်သူသည် ကုန်ပစ္စည်းကို ကုန်ရောင်းသူ၏ လုပ်ငန်းဌာနဝန်းကျင် စက်ရုံ၊ သိုလှောင်ရုံတို့မှ လွှဲပြောင်းရယူရသည့်အတွက်ဖြစ်ပါသည်။ ကုန်ဝယ်သူသည် သယ်ယူပို့ဆောင်မှု အားလုံးကို တာဝန်ယူစီမံရပြီး အာမခံကြေးကိုလည်း ပေးရပါသည်။




FCA – Free Carrier (named place of delivery)



 ကုန်ရောင်းသူသည် ကုန်ပစ္စည်းများကို သတ်မှတ်ထားသည့် နေရာ၌ ကုန်ဝယ်သူက စေလွှတ်သည့် ကုန်သယ်ယာဉ်သို့လွဲပေးရန်ဖြစ်ပါသည်။ သဘောတူထားသည့်နေရာသည် ရောင်းသူ၏ အဆောက်အအုံ ဥပစာအတွင်းဆိုလျှင် ကုန်တင်ယာဉ်ပေါ်သို့ကုန်ပစ္စည်းတင်ခကို ရောင်းသူမှ တာဝန်ယူရမည်ဖြစ်ပြီး ပြင်ပတွင်ဖြစ်ပါက ကုန်တင်ခကို ဝယ်သူက ကျခံရမည်ဖြစ်ပါသည်။




FAS – Free Alongside Ship (named port of shipment)


ကုန်ပစ္စည်းများကို သတ်မှတ်ထားသည့် ကုန်တင်ဆိပ်ကမ်းရှိ ကုန်တင်သဘောၤဘေးအရောက် ပို့ဆောင်ပြီးသည့် အချိန်မှစ၍ ကုန်ရောင်းသူ၏ ကုန်ပစ္စည်း လွှဲအပ်မှုတာဝန်ပြီးဆုံးပါသည်။ ထိုသို့ဘေးချင်းယှဉ်ထားသည့်နေရာမှ သဘောၤပေါ်သို့ တင်ရာတွင် ကုန်ကျသော စရိတ်စကကိုလည်းကောင်း၊ အာမခံကြေးကိုလည်းကောင်း၊ သဘောၤသယ်ဆာင်ခ ကိုလည်းကောင်း ကုန်ဝယ်သူက ပေးချေရမည်ဖြစ်ပါသည်။ ပင်လယ်ရေကြောင်း သို့မဟုတ် ပြည်တွင်းရေကြောင်းဖြင့် ပို့ဆောင်ခြင်းအတွက်သာ အသုံးပြုရန်ဖြစ်ပါသည်။




FOB – Free on Board (named port of shipment)



ကုန်ရောင်းသူသည် ကုန်ဝယ်သူက သတ်မှတ်ထားသည့် သဘောၤပေါ်သို့ ကုန်ပစ္စည်းများကို တင်ဆောင်ပေးရခြင်းဖြစ်ပါသည်။ ကုန်ပစ္စည်းများ သဘောၤပေါ်သို့ ရောက်ပြီးလျှင် ပစ္စည်းပျောက်ဆုံး သို့မဟုတ် ပျက်စီးခြင်းတို့တွင် ရောင်းသူတွင် တာဝန်မရှိတော့ဘဲ ဝယ်ယူသူသည် ကုန်ကျစရိတ် အားလုံးကို ကျခံရမည်ဖြစ်ပါသည်။




CFR – Cost and Freight (named port of destination)




ကုန်ရောင်းသူသည် တင်ပို့ရမည့် ပစ္စည်းများကို သဘာၤကြီးပေါ်အရောက်တင်ပို့ပေးပြီး သဘောၤခကုန်ကျစရိတ်ကိုပါ တာဝန်ယူရမည်ဖြစ်ပါသည်။ သို့သော် ကုန်ပစ္စည်းများ ပျောက်ဆုံး၊ ပျက်စီးမှုအန္တရယ်ကို ဝယ်ယူသူက တာဝန်ယူရမည်ဖြစ်ပါသည်။




CIF – Cost, Insurance & Freight (named port of destination)



ကုန်ရောင်းသူသည် တင်ပို့ရမည့် ပစ္စည်းများကို သဘာၤကြီးပေါ်အရောက်တင်ပို့ပေးပြီး သဘောၤခ ကုန်ကျစရိတ်အပါအဝင် ကုန်ပစ္စည်းများအတွက် အာမခံစရိတ်ကိုပါ တာဝန်ယူရမည်ဖြစ်ပါသည်။




DAP – Delivered At Place (named place of destination)



ကုန်ရောင်းသူသည် ကုန်ပစ္စည်းများကို ပန်းတိုင်ကုန်ချနေရာတွင် ကုန်ဝယ်သူအတွက် ကုန်ချယူနိုင်အောင် အသင့်ထားပေးရန်ဖြစ်ပြီး ထိုနေရာတွင် အသင့်ထားရှိပြီးသည်အထိ ကုန်ကျစရိတ်နှင့် ကုန်ပစ္စည်း ပျောက်ဆုံးမှုကို ကျခံတာဝန်ယူရန်ဖြစ်ပါသည်။ ကုန်ဝယ်သူသည်  သွင်းကုန်အတွက် ကျသည့်စရိတ်များနှင့် ကုန်ပစ္စည်းချခများကို တာဝန်ယူရမည်ဖြစ်ပါသည်။




DAT – Delivered At Terminal (named terminal at port or place of destination)




ရောင်းသူနှင့်ဝယ်ယူတို့ သဘောတူထားသည့် ပန်းတိုင်ကုန်ချဆိပ်ကမ်း၊ ကုန်ချစခန်းနေရာထိ ရောင်းသူက ကုန်ပစ္စည်း ပျောက်ဆုံးမှုနှင့် ပျက်စီးမှုအတွက် တာဝန်ယူရမည်ဖြစ်ပါသည်။ ကုန်ပစ္စည်းချပြီးနောက် ကုန်ဝယ်သူသည် သွင်းကုန်ဆိုင်ရာ အကောက်ခွန်လုပ်ငန်းများနှင့် သယ်ဆောင်ခများကို တာဝန်ယူရမည်ဖြစ်ပါသည်။



DDP – Delivered Duty Paid (named place of destination)



ကုန်ရောင်းသူအနေဖြင့် ကုန်ပစ္စည်းအတွက် တာဝန်ယူရမှုအများဆုံးဖြစ်ပါသည်။ ကုန်ရောင်းသူသည် ကုန်ဝယ်သူနှင့်သဘောတူထားသည့် ကုန်ဝယ်သူ၏ ကုန်လှောင်ရုံ သို့မဟုတ် ကုန်ဝယ်သူ သတ်မှတ်သည့်နေရာသို့ ပို့ဆောင်ပေးရန်ဖြစ်ပါသည်။ ရောင်းသူသည် ပို့ကုန် ရှင်းလင်းရေး အတွက်သာမက သွင်းကုန် ရှင်းလင်းရေးအတွက်ပါတာဝန်ရှိပါသည်။



Incoterms များဖြစ်သော EXW, FCA, CPT, CIP, DAT, DAP နှင့် DDP တို့အား မည်သည့် သယ်ယူပို့ဆောင်မှု နည်းလမ်းတွင်မဆိုအသုံးပြုပြီး FAS, FOB, CFR နှင့် CIF တို့အား ပင်လယ်ရေကြောင်း သို့မဟုတ် ပြည်တွင်းရေကြောင်းဖြင့် ပို့ဆောင်ခြင်းအတွက်သာ အသုံးပြုနိုင်ပါသည်။

ကိုးကားချက်များ


၁။ အင်ကိုတမ်း ၂၀၁၀၊ သိန်းလွင် (ပြည်ပပို့ကုန်)
၂။ ပြည်ပပို့ကုန် သွင်းကုန်စာချုပ်များ၊ သိန်းလွင် (ပြည်ပပို့ကုန်)
၃။ Capt Rajeev Jassal (https://www.myseatime.com)
၄။ https://en.wikipedia.org/wiki/Incoterms

စာချွန်တော်

စာချွန်တော်



၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၉၆ အရ စာချွန်တော်အမိန့်များ ထုတ်ပိုင်ခွင့် အာဏာကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အပ်နှင်းထားပါသည်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့သာ စာချွန်တော်အမိန့်ထုတ်ဆင့်ပေးနိုင်ရန်အတွက် လျှောက်ထားနိုင်ပါသည်။


၂၀၁၄ ခုနှစ်၊ စာချွန်တော်အမိန့်လျှောက်ထားမှုဆိုင်ရာဥပဒေ ပုဒ်မ ၂ (ခ) အရ စာချွန်တော်အမိန့် ဆိုသည်မှာ ရှေ့တော်သွင်းစာချွန်တော်အမိန့်၊ အာဏာပေးစာချွန်တော်အမိန့်၊ တားမြစ်စေစာချွန်တော်အမိန့်၊ အာဏာပိုင်မေးစာချွန်တော်အမိန့်နှင့် အမှုခေါ်စာချွန်တော်အမိန့်တို့ကိုဆိုပါသည်။


ရှေ့တော်သွင်းစာချွန်တော်အမိန့် ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတရားရုံး တစ်ရုံးရုံး သို့မဟုတ် အခွင့်အာဏာရှိသော အဖွဲ့အစည်းတစ်ခုခုက ဖြစ်စေ၊ ထိန်းသိမ်းချုပ်နှောင်ထားသူကို စာချွန်တော်ရုံးသို့ ခေါ်ဆောင်စေပြီး ဥပဒေနှင့်အညီ ချုပ်နှောင်ထားခြင်း ရှိ မရှိ စိစစ် ကြားနာ၍ ဥပေဒနှင့် ညီညွတ်ခြင်း ရှိ မရှိ ရေးသားထုတ်ပြန်သည့် အမိန့်စာကိုဆိုသည်။


အာဏာပေးစာချွန်တော်အမိန့် ဆိုသည်မှာ တရားဝင်အခွင့်အာဏာရှိသူ တစ်ဦးဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုက ဖြစ်စေ၊ အစိုးရဌာနတစ်ခုခုက ဖြစ်စေ အပ်နှင်းထားသော လုပ်ပိုင်ခွင့်နှင့်အညီ လိုက်နာဆောင်ရွက်ရန် ပျက်ကွက်မှုအား ဥပေဒနှင့်အညီ လိုက်နာဆောင်ရွက်စေရန် ရေးသားထုတ်ပြန်သည့် အမိန့်စာကိုဆိုသည်။


အာဏာပေးစာချွန်တော်အမိန့်သည် ပြည်သူ့တာဝန်ဝတ္တရားနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ မည်သည့်လူပုဂ္ဂိုလ် (သို့မဟုတ်) ဌာနအဖွဲ့အစည်း (သို့မဟုတ်) လက်အောက်ခံတရားရုံးတို့ကိုမဆို ယင်းတို့၏ ဆောင်ရွက်ရန်လိုအပ်သော ဌာနဆိုင်ရာ သီးခြားကိစ္စရပ်တချို့အား လုပ်ဆောင်စေရေးအတွက် တိုက်ရိုက်အာဏာပေးညွှန်ကြားသည့် ပုံသဏ္ဍန်တစ်ရပ်ဖြစ်ကြောင်း ဥပဒေပညာရှင် Prem ၏ “Law of Habeas Corpus, Certiorari, Mandamus and Emergency Legislation” ဥပဒေကျမ်း စာမျက်နှာ ၃၅၄ တွင် ဖွင့်ဆိုထားပါသည်။


ထို့ပြင် နမ္မတူအလုပ်သမားများသမဂ္ဂနှင့် မြန်မာ့စက်မှုလုပ်ငန်းဆိုင်ရာ အနုညာတခုံရုံး ပါ၂ ဦး အမှုတွင် အာဏာပေးစာချွန်တော်အမိန့်သည် အာဏာပိုင်အဖွဲ့အစည်းက ဥပဒေနှင့်အညီ ထမ်းဆောင်ရန်ပျက်ကွက်သည့်  ၎င်း၏ ပြည်သူ့တာဝန်ဝတ္တရားဆိုင်ရာ ပျက်ကွက်မှုကို ဖြည့်ဆည်းဆောင်ရွက်စေရေးအတွက် တရားလွှတ်တော်ချုပ်က တိုက်ရိုက်ညွှန်ကြားနိုင်သည့် စာချွန်တော်အမိန့်တစ်ရပ်ဖြစ်ကြောင်း လမ်းညွှန်ထုံးဖွဲ့ထားပါသည်။


တားမြစ်စေစာချွန်တော်အမိန့် ဆိုသည်မှာ တရားရုံးတစ်ရုံးရုံး သို့မဟုတ် တရားစီရင်မှု သဘောသက်ဝင်သည့် ကိစ္စရပ်တစ်ခုခု၏ စီရင်ဆောင်ရွက်မှုတွင် စီရင်ခွင့်အာဏာ ကျော်လွန်၍ဖြစ်စေ၊ တရားမျှတမှုကို ဆန့်ကျင်၍ ဆောင်ရွက်ခြင်းမပြုရန် ရေးသားထုတ်ပြန်သည့် အမိန့်စာကိုဆိုသည်။


စီမံခန့်ခွဲမှုကိစ္စဆိုင်ရာ အကြောင်းကြားစာသည် တားမြစ်စေ စာချွန်တော်အမိန့် ထုတ်ဆင့်ပေးနိုင်သည့် ကိစ္စရမ်မျိုးမဟုတ်ဟု ၂၀၁၅ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ- ၈၇ တွင် ဖော်ပြထားပါသည်။


အာဏာပိုင်မေးစာချွန်တော်အမိန့် ဆိုသည်မှာ အစိုးရဌာနတစ်ခုခု သို့မဟုတ် အခွင့်အာဏာ အပ်နှင်းထားသည့် အဖွဲ့အစည်းတစ်ခုခုသည် တစ်ဦးတစ်ယောက် သို့မဟုတ် အများအပေါ်တွင် ထုတ်ပြန်ထားသည့် ဥပေဒ၊ နည်းဥပေဒ၊ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထား ခြင်း ရှိ မရှိ စိစစ် ကြားနာ၍ ဥပေဒနှင့်ညီညွတ် ခြင်း ရှိမရှိ ရေးသားထုတ်ပြန်သည့် အမိန့်စာကိုဆိုသည်။


အမှုခေါ်စာချွန်တော်အမိန့် ဆိုသည်မှာ တရားရုံးတစ်ရုံးရုံး သို့မဟုတ် တရားစီရင်မှု သဘောသက်ဝင်သည့် ကိစ္စရပ်တစ်ခုခု၏ ဆုံးဖြတ်ဆောင်ရွက်ချက်သည် ဥပေဒနှင့် ညီညွတ်မျှတမှုမရှိကြောင်း စိစစ်တွေ့ရှိရပါက ထိုဆုံးဖြတ်ဆောင်ရွက်ချက်ကို ဥပေဒနှင့်ညီညွတ်စေရန် ရေးသားထုတ်ပြန်သည့် အမိန့်စာကိုဆိုသည်။


အမှုခေါ်စာချွန်တော်အမိန့်လျှောက်တောင်းရာ၌ လျှောက်ထားသူသည် မိမိပယ်ဖျက်စေလိုသော သက်ဆိုင်ရာ အာဏာပိုင်၏ အမိန့်သည် မိမိ၏အခွင့်အရေးကို ထိခိုက်ကြောင်း သို့တည်းမဟုတ် မိမိအား အကျိုးမဲ့စေကြောင်းကို ထင်ရှားစွာ ပြရမည်ဖြစ်ပါသည်။


အကြောင်းခြင်းရာနှင့် သက်ဆိုင်သော ဆုံးဖြတ်ချက်မျိုးကို အမှုခေါ်စာချွန်တော်ဖြင့်ဝင်ရောက် စွက်ဖက်မည်မဟုတ်။ ၁၉၅၂ ခုနှစ်၊ မြန်မာနိုင်ငံ စီရင်ထုံးများ (တရားလွှတ်တော်ချုပ်) စာ-၁၉၄ ကိုရည်ညွှန်းပါသည်။


ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် မိမိလက်အောက် တရားရုံးတစ်ရုံးရုံးက ချမှတ်သည့် စီရင်ချက် သို့မဟုတ် အမိန့်တစ်ရပ်ရပ်သည် မိမိအား အပ်နှင်ထားခြင်းမရှိသည့် စီရင်ပိုင်ခွင့်အာဏာကို ကျင့်သုံးဆောင်ရွက်ထားကြောင်း တွေ့ရှိလျှင်ဖြစ်စေ၊ မိမိအား အပ်နှင်းထားသည့် စီရင်ပိုင်ခွင့်အာဏာကို ကျင့်သုံးရန်ပျက်ကွက်ကြောင်း တွေ့ရှိရလျှင်ဖြစ်စေ၊ အပေါ်ယံကြောကြည့်ရုံမျှဖြင့် မှားယွင်းသည့် အမိန့်တစ်ရပ်ဖြစ်ကြောင်း ထင်ရှားမြင်သာလျှင်ဖြစ်စေ ယင်းအမိန့်ကို အမှုခေါ်စာချွန်တော်အမိန့် ထုတ်ဆင့်ပယ်ဖျက်ခွင့်ရှိသည်။


လက်အောက်ခံတရားရုံးများ၏ ဆုံးဖြတ်ချက်အပေါ် အယူခံမှုတင်သွင်းခြင်း သို့မဟုတ် ပြင်ဆင်မှုလျှောက်ထား၍ အမြင့်ဆုံး တရားရုံးဖြစ်သော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဆုံးဖြတ်ပြီးဖြစ်ပါက အမြင့်ဆုံးတရားရုံး၏ ဆုံးဖြတ်ချက်အပေါ် အဆင့်တူ အမြင့်ဆုံး တရားရုံးက ကြီးကြပ်ကွပ်ကဲမှုအာဏာ သို့မဟုတ် ကြီးကြပ်မှုအာဏာကို သုံးစွဲ၍ စာချွန်တော်အမိန့်ဖြင့် ဝင်ရောက်စွက်ဖက်နိုင်မည် မဟုတ်ပေ။ (၂၀၁၅ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ- ၁၉၀)


စာချွန်တော်အား
ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ စာချွန်တော်အမိန့်လျှောက်ထားမှုဆိုင်ရာ
နည်းဥပဒေများ နှင့်အညီ တင်သွင်းလျှောက်ထားရပါမည်။
(၁) ထိခိုက်နစ်နာသူက ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ လျှောက်ထားရပါမည်။
(၂) လျှောက်ထားသူအမည်၊ လျှောက်ထားခံရသူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်း သို့မဟုတ် အစိုးရဌာန၏ အမည်ပါရမည်။
(၃) လျှောက်ထားလွှာပါကြောင်းအရာနှင့် ဆီလျော်သည့် စာချွန်တော်အမျိုးအစား ကိုဖော်ပြရမည်။
(၄)
လျှောက်ထားသူက ဥပဒေနှင့်အညီ မိမိရထိုက်ခွင့်ရှိသည့် သက်သာခွင့် သို့မဟုတ်
မိမိရဲ့ထိခိုက်နစ်နာ ဆုံးရှုံးမှုတို့ကို တိကျပြည့်စုံစွာ
ရေးသားဖော်ပြရပါမည်။
(၅) လျှောက်ထားလွှာနှင့်အတူ ကျမ်းကျိန်လွှာပါရမည်။



၂၀၁၄ ခုနှစ်၊ စာချွန်တော်အမိန့်လျှောက်ထားမှုဆိုင်ရာဥပဒေ ပုဒ်မ ၁၆ အရ အမှုခေါ်စာချွန်တော်အမိန့်နှင့် တားမြစ်စေ စာချွန်တော်အမိန့်တို့နှင့်စပ်လျဉ်း၍ လျှောက်ထားလွှာ တင်သွင်းရန် အကြောင်းပေါ်ပေါက်သည့်နေ့မှ နှစ်နှစ်အတွင်း လျှောက်ထားလွှာ တင်သွင်းခြင်း မပြုလျှင် စာချွန်တော်အမိန့် ထုတ်ပြန်ခြင်းမပြုရဟု ပြဌာန်းထားသည်ကို တွေ့ရပါသည်။




ကျမ်းကိုးစာရင်း
၁။ ၂၀၁၄ ခုနှစ်၊ စာချွန်တော်အမိန့်လျှောက်ထားမှုဆိုင်ရာဥပဒေ၊
၂။ ၁၉၆၂ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊
၃။ ၂၀၁၅ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊
၄။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ စာချွန်တော်အကြောင်း သိကောင်းစရာ    လက်ကမ်းစာစောင်

မော်တော်ကား ငှားရမ်းမည်ဆိုပါက သတိထားသင့်သည့်ကိစ္စရပ်များ

မော်တော်ကား ငှားရမ်းမည်ဆိုပါက သတိထားသင့်သည့်ကိစ္စရပ်များ


မိမိတို့၏မော်တော်ကားများကို အခြားသူများသို့ ငှားရမ်းရာတွင် လပေးစနစ်ဖြင့်လည်းကောင်း နှစ်ချုပ် စာချုပ်များပြုလုပ်၍လည်းကောင်း ငှားရမ်းကြသည်ကို တွေ့ရပါသည်။ ၎င်းကားငှား စာချုပ်များတွင် ငှားရမ်းလိုက်သည့်ကားများအား ဥပဒေနှင့်မညီသည့် အရာများကို မပြုလုပ်ရ၊ မသယ်ဆောင်ရ၊ ထပ်ဆင့်လွှဲပြောင်းငှားရမ်းခြင်း မပြုရဟု ပါလေ့ရှိကြပါသည်။


မိမိတို့ကားအား ကုမ္ပဏီများသို့လည်းကောင်း၊ အဖွဲ့အစည်းများသို့လည်းကောင်း၊ ပုဂ္ဂိုလ်တစ်ဦးဦးထံသို့လည်းကောင်း ငှားရမ်းကြသည်ကို တွေ့ရပါသည်။ မိမိတို့ကားကို ငှားရမ်းရာတွင် ငှားရမ်းမည့်သူ၏ အခြေအနေ အကြောင်းအရာများ ကိုလေ့လာကာ ငှားရမ်းသင့်ပါသည်။

 
မိမိကားကိုငှားရမ်းသူသည် မော်တော်ယာဉ်ကို မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားရာတွင် အသုံးပြုခြင်း၊ မူးယစ်ဆေးဝါးများကို သယ်ဆောင်ခြင်းတို့ပြုလုပ်ခြင်း၊ ခွင့်ပြုမိန့်မရရှိဘဲ ကျွန်းနှင့် တားမြစ်သစ်ပင်မှ ထွက်ရှိသော သစ်ကိုသယ်ယူခြင်း၊ သစ်တောထွက် ပစ္စည်းများကို သယ်ဆောင်ရာတွင် အသုံးပြုခြင်း၊ ကန့်သတ်တားမြစ် ပိတ်ပင်ထားသော ကုန်ပစ္စည်းများ၊  ခွင့်ပြုချက်ရယူရန် သတ်မှတ်ထားသော ကုန်ပစ္စည်းများကို ခွင့်ပြုချက်ရယူခြင်းမရှိသော ပစ္စည်းများကို သယ်ဆောင်ခြင်းတို့ကို ပြုလုပ်မည်ဆိုပါက ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် ယာဉ်အဖြစ်သော်လည်းကောင်း၊ ပြစ်မှုနှင့်သက်ဆိုင်သည့် ယာဉ်အဖြစ်သော် လည်းကောင်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်း ခံရမည် ဖြစ်ပါသည်။


မော်တော်ယာဉ် သို့မဟုတ် အခြားယာဉ်တစ်မျိုးမျိုးဖြင့် သယ်ယူပို့ဆောင်ရေး ပြုလုပ်ကြသူတိုင်းသည် တရားမဝင်သော ပစ္စည်းများကို တင်ဆောင်ခွင့်မရှိကြောင်း သိရှိကြပြီး ဖြစ်သည်။ ယာဉ်ကို စီးလုံးငှားသူထံသို့ သို့မဟုတ် ယာဉ်မောင်းထံသို့ လွှဲအပ်လိုက်သဖြင့် ယာဉ်ပေါ်တွင် မည်သည့် ပစ္စည်းတင်ဆောင်သွားသည်ကို ယာဉ်ပိုင်ရှင်မသိနိုင်ဟု ထုချေတင်ပြခြင်း ဖြစ်သည်။ ယာဉ်ကိုငှားယူသူ သို့မဟုတ် မောင်းနှင်သူနှင့် ယာဉ်ပိုင်ရှင်တို့အကြားတွင် တည်ရှိနေသော အခွင့်အရေးနှင့် တာဝန်များကို စိစီရန်လိုသည်။ ယာဉ်ကိုငှားယူသုံးစွဲသူ သို့မဟုတ် ယာဉ်မောင်းသူတို့သည် မော်တော်ယာဉ်ကို လက်ရှိထား သုံးစွဲသူဖြစ်သဖြင့် ယာဉ်နှင့်စပ်လျဉ်း၍ ဖြစ်ပေါ်လာမည့် ကောင်းကျိုး ဆိုးပြစ် အားလုံးကို တာဝန်ယူရမည်ဖြစ်သည်။ တရားမဝင်ပစ္စည်းကို တင်ဆောင်သဖြင့် ယာဉ်အား ဘဏ္ဍာ သိမ်းဆည်းခြင်းခံရပါက ပိုင်ရှင်တွင်ဖြစ်ပေါ်လာသော စီးပွားရေး ဆိုင်ရာ နစ်နာမှုကို ယာဉ်မောင်းသူများသာ တာဝန်ယူရမည်ဖြစ်သည်။ ယာဉ်ပိုင်ရှင်၏နစ်နာမှုမှာ တရားမကြောင်းနှင့်သာ သက်ဆိုင်သည်။ ပြစ်မှုကြောင်းအရ တရားစွဲဆိုမှုတွင် ဖြေရှင်း ပေးနိုင်မည် မဟုတ်ပေ။
သက်သေခံမော်တော်ယာဉ်ကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းရာတွင် မော်တော်ယာဉ်မှာ အမှုနှင့်သက်ဆိုင်ခြင်း ရှိမရှိဆိုသည့် အချက်ကိုသာ အဓိကစိစစ်ခြင်းဖြစ်သည်။ ယာဉ်ကို မည်သို့သုံးစွဲခဲ့သည်ဆိုသော အချက်အား ယာဉ်ပိုင်ရှင်က သိခဲ့ခြင်းရှိ မရှိဆိုသည့် အချက်ကို အဓိကစိစစ်ခြင်းမဟုတ်ပေ။ [ ဦးကျော်ကျော်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ ၂၀၀၃ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး စာမျက်နှာ – ၄၀ ]


ထို့ကြောင့် ယာဉ်ပိုင်ရှင်များသည် မိမိတို့ငှားရမ်းထားသူများအား  ဥပဒေနှင့်ငြိစွန်းသော ကုန်ပစ္စည်းများကို မသယ်မိစေရန် ကြီးကြပ်ကွပ်ကဲရန်လိုအပ်ပါသည်။ မိမိမသိရပါဟူသော အကြောင်းပြချက်နှင့် မော်တော်ယာဉ်အား ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းမှ ကင်းလွတ်ခွင့်ရမည် မဟုတ်ပါ။


မိမိကားကို ငှားရမ်းသူသည် အခြားသူထံသို့
ကားအား တစ်ဆင့်ပြန်လည် ငှားရမ်းခြင်း၊ ပေါင်နှံခြင်းများကိုပြုလုပ်ခဲ့ပါကလည်း မိမိကားကို ပြန်လည်ရယူရန် အခက်အခဲများနှင့် ဆုံးရှုံးမှုများ ဖြစ်နိုင်သည်ကိုလည်းတွေ့ရပါသည်။


သို့ဖြစ်ပါ၍ မိမိ၏မော်တော်ယာဉ်အား အခြားသူထံသို့ ငှားရမ်းတော့မည်ဟုဆုံးဖြတ်ပါက ငှားရမ်းခအဖြစ်ရရှိမည့် ငွေပမာဏကိုသာ ကြည့်ရှု၍ ငှားရမ်းခြင်းမျိုးမပြုလုပ်ဘဲ ငှားရမ်းမည့်သူသည် စိတ်ချယုံကြည်ရမှု ရှိ မရှိနှင့် ငှားရမ်းမည့်သူက တာဝန်ခံ၊ တာဝန်ယူနိုင်မှု ရှိမရှိတို့ကိုပါ ထည့်သွင်းစဉ်းစားပြီးမှ ငှားရမ်းခြင်းအားဖြစ် မမျှော်လင့်နိုင်သည့် ဆုံးရှုံးမှုအန္တာရယ်များကို ကာကွယ်နိုင်မည် ဖြစ်ပါသည်။