ဓားယူဆောင်သွားလာပါက

ဓားယူဆောင်သွားလာပါက

 

လူများသည် သွားလာရာတွင် လက်နက်ကိုင်ဆောင်၍ သွားလာမည်ဆိုပါက အများပြည်သူကို ထိတ်လန့်မှုဖြစ်စေကာ အန္တာရာယ်ဖြစ်စေနိုင်ပါသည်။ သို့သော်လည်းအချို့သွားလူသူများသည် တမင်တကာ လက်နက်ကိုင်ဆောင် သွားလာခြင်းမျိုးမဟုတ်ဘဲ အခြားကိစ္စရပ်များကြောင့် သွားလာရာတွင် ဓားပါလာခြင်းနှင့် လက်နက်များအက်ဥပဒေကို မသိနားမလည်ခြင်းတို့ကြောင့် လက်နက်ယူဆောင်သွားလာမိသော်လည်း လက်နက်များအက်ဥပဒေအရ တရားရုံးတွင် ဖြေရှင်းရမည်ဖြစ်ကာ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက ပြစ်ဒဏ်ကျခံရမည်ဖြစ်ပါသည်။

လက်နက်များအက်ဥပဒေပုဒ်မ ၁၉ (င) တွင်
ပုဒ်မ ၁၃ ပါ ပြဌာန်းချက်ကို ဖောက်ဖျက်၍ လက်နက်စွဲကိုင်သွားလာပါက ထောင်ဒဏ် ၃ နှစ်ထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ခြင်း ခံရမည် ဖြစ်ပါသည်။

လက်နက်များအက်ဥပဒေပုဒ်မ ၁၃ တွင်
လိုင်စင်အရ ခွင့်ပြုထားသည့်နည်းလမ်းမှ တစ်ပါးမည်သူမျှ လက်နက်စွဲကိုင်၍ သွားလာခြင်း မပြုရ။
ပုဒ်မ (၁၃) ပါတားမြစ်ချက်ကိုဖောက်ဖျက်ပါက ပုဒ်မ ၁၉ (င) အရ စွဲဆိုအပြစ်ပေးခြင်း ခံရမည်။ အိမ်တွင်သုံး၊ လယ်ယာသုံး၊ စက်မှုသုံး ဖြစ်သော်လည်း လက်နက်စွဲကိုင်သွားလာလျှင် ပုဒ်မ ၁၉ (င) ကို ကျူးလွန်ရာရောက်သည်။ (တရားရုံးများ လက်စွဲအပိုဒ် ၈၁၈)

လက်နက်များအက်ဥပဒေပုဒ်မ (၄) တွင် လက်နက်ဆိုသည်မှာ
(၁) ဓားဦးချွန်၍ ဓားသွား ၃ လက်မထက် ပိုသော မောင်းချဓားများ၊
(၂) အိမ်တွင်းမှု၊ လယ်ယာ သို့မဟုတ် စက်မှုလုပ်ငန်းတွင် သုံးရန် မရည်ရွယ်သည့် လက်ကိုင်အရိုး ခိုင်မြဲစွာ တပ်ထားပြီး အရိုးအသွား ၅ လက်မထက် ပိုရှည်သော ဓားဦးချွန်များ
(၃) နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်သည့် အခြားဓား အမျိုးအစားများ၊
(၄) သေနတ်၊ လှံစွပ်၊ ဓားလွယ်၊ ဓားမြှောင်၊ လှံ ၊ လေးနှင့်မြှား၊ အမြောက်၊ လက်နက် အစိတ်အပိုင်းနှင့် လက်နက်ထုတ်လုပ်သော စက်ပစ္စည်းများ

ထို့ကြောင့် မိမိတို့သွားလာရာတွင် အရိုးအသွား ၅ လက်မထက်ပိုရှည်သော ဓားဦးချွန်များအား ယူဆောင်သွားလာမိပါက အများပြည်သူကို အန္တရာယ်ဖြစ်စေနိုင်၍ လက်နက်များအက်ဥဒေအရ တရားစွဲဆိုခြင်းခံရမည်ဖြစ်ပါသဖြင့် လက်နက်များအက်ဥပဒေကိုသတိပြုသင့်ပါသည်။

ကိုးကား
ဦးကျော်စိန်၊ ပြစ်မှုဆိုင်ရာ အထူးဥပဒေများ အသုံးချလက်စွဲ

စိတ်ပေါ့သွပ်သူ၏ပြုလုပ်မှု

စိတ်ပေါ့သွပ်သူ၏ပြုလုပ်မှု

ရာဇသတ်ကြီး ပုဒ်မ ၈၄ အရ စိတ်ပေါ့သွပ်သူ၏ ပြုလုပ်မှုသည် စိတ်ပေါ့သွပ်ခြင်းကြောင့် ပြုစဉ်အခါက မိမိ၏ ပြုလုပ်မှုသည် မည်သို့ သဘောရှိသည်ကိုသော်၎င်း၊ မတော်မမှန်သည်ကို သော်၎င်း၊ ဥပဒေနှင့်ဆန့်ကျင်သည်ကိုသော်၎င်း မသိနိုင်သော သူ၏ ပြုလုပ်မှုသည် ပြစ်မှု မမြောက်။

စိတ်ပေါ့သွပ်နေသဖြင့် မိမိစိတ်ကို မိမိမသိနိုင်သည့်အတွက် ကျူးလွန်သည့် ပြစ်မှုမှ ကင်းလွတ်ခွင့်ပြုခြင်းဖြစ်သည်။

ဤအမှုမျိုးတွင် အဓိက အကျဆုံးအချက်မှာ တရားခံသည် စွပ်စွဲသော ပြစ်မှုကျူးလွန်စဉ်က မိမိပြုလှုပ်မှုသည် မည်သို့ သဘော ရှိသည်ကိုသော်၎င်း၊ မတော်မမှန်သည်ကိုသော်၎င်း၊ ဥပဒေနှင့် ဆန့်ကျင်သည်ကိုသော်၎င်း မသိနိုင်လောက်အောင် စိတ်ပေါ့သွပ် ခြင်းက ၎င်း၏
အသိတရားများကို ပျက်ပြားစေခြင်း ရှိမရှိဖြစ်သည်။ ( ပထမနှင့် ဦးလှခိုင်၊ ၁၉၅၈၊ မတစ ၁၄၃ – ၁၄၈ လွှတ်တော်)

စိတ်ပေါ့သွပ်ခြင်း၏ စေ့ဆော်ချက်အားလုံးသည် ထိန်းချုပ်၍ မရနိုင်သည်မဟုတ်၊ စိတ်ပေါ့သွပ်သော ပြစ်မှု ကျူးလွန်သူ၌ မိမိပြုလုပ်မှုမှာ မည်သို့ သဘောရှိသည်ကိုသော်၎င်း၊ မတော်မမှန်သည်ကိုသော်၎င်း ဥပဒေနှင့် ဆန့်ကျင်သည်ကိုသော်၎င်း၊ မသိနိုင်လောက်အောင်
ဆိုးဝါးသည့် စိတ်ပေါ့သွပ်မှုမရှိလျှင်၊ ထိုသူအပေါ် ပြစ်ဒဏ်မှ လွတ်ကင်းစေခြင်းမရှိ (မောင်ဘိုးသာ၊ ပီ ဂျေ အယ်လ် ဘီ၊ ၂၄၉)။

ပြစ်မှုကို ကျူးလွန်စဉ်အချိန်၌ ရူးသွပ်နေမှသာ ဤပုဒ်မအရ ကင်းလွတ်ခွင့်ရမည်ဖြစ်သည်။

ပြစ်မှုကို မကျူးလွန်မီနှင့် ကျူးလွန်ပြီး နောက် ရူးသွပ်နေခြင်းသည် ကျူးလွန်စဉ်အချိန်က တရားခံ၏ စိတ်အခြေအနေကို ခန့်မှန်းနိုင်သည့်အထောက်အထားများ ဖြစ်သော်လည်း ထိုအထောက် အထားများကြောင့် တရားခံသည် ပြစ်မှုကျူးလွန်စဉ်အချိန်က ရူးသွပ်နေသည်ဟု တထစ်ချ ယူဆရန် မဟုတ်။

တစ်ချိန်က ရူးသွပ်ဖူးသည့်အကြောင်းကြောင့် ပြစ်မှုကျူးလွန်စဉ်ကလည်း ရူးသွပ်နေမည်ဟု မဆိုနိုင်ပေ။ အလားတူပင် ပြစ်မှုကျူးလွန်ပြီးနောက် ရူးသွပ်သွားသောကြောင့် ပြစ်မှုကျူးလွန်စဉ် ကကလည်း ရူးသွပ်နေခြင်းဖြစ်ရမည်ဟု တထစ်ချမဆိုသာ။ တရားရုံးအနေဖြင့် ပြစ်မှုကျူးလွန်စဉ် အချိန်က တရားခံ၏ စိတ်အချေအနေမှာ မည်သို့ရှိသည်ဟုသာ ဆုံးဖြစ်ရမည်ဖြစ်သည်။

ရူးသွပ်သူကို ရုံးတွင်စစ်ဆေးသည့်အခါ မည်သို့မည်ပုံဆောင်ရွက်ရမည်ဟု ရာဇဝတ်ကျင့်ထုံးဥပဒေ အခန်း ၃၄ တွင် ဖော်ပြထားပါသည်။

ရာဇဝတ်တရားသူကြီးသည် မိမိရှေ့၌ထွက်ဆိုသော ထွက်ဆိုချက်များအရ တရားခံသည်ပြစ်မှုကျူးလွန်သည့်အချိန်က စိတ်ပေါ့သွပ်သည့်အကြောင်းကြောင့် မိမိပြုလုပ်သည့်သဘောကို သိနိုင်စွမ်းမရှိကြောင်း၊ သို့မဟုတ် အမှားအယွင်း ပြုလုပ်နေသည်ကိုဖြစ်စေ။ ဥပဒေနှင့်ဆန့်ကျင်နေသည်ကိုဖြစ်စေ သိနိုင်စွမ်းမရှိကြောင်း ကျေနပ်လျှင် တရားခံကို အပြီးအပြတ်လွှတ်ရမည်ဟု ပြစ်မှုဆိုင်ရာကျင့်ထုံးပုဒ်မ ၄၆၉ ကို ၄၇၀ နှင့်တွဲ၍ ပြဌာန်းထားသည်။ ပြစ်မှုကျူးလွန်ချိန်၌ တရားခံသည် စိတ်ပေါ့သွပ်နေကြောင်း ဆေးဘက်ဆိုင်ရာ သက်သေခံချက်တင်ပြရန်မလို။ အမှုစစ်သည့်အချိန်၌ စိတ်ပေါ့သွပ်နေသည့်အကြာင်းကြောင့် အမှုကိုထုချေနိုင်စွမ်းရှိမရှိနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုပြုသည့်အခါ တရားခံကို ဆေးဘက်ဆိုင်ရာ အရာရှှိတစ်ဦးအား စစ်ဆေးခိုင်းရန်လိုသည်ဟု ဥပဒေက ဆိုသည်။ [ ၁၉၄၁ ရန်ကုန်၊ စာ ၅၄၄၊ အစိုးရနှင့်ကုလားညို ]

တရားရုံးသည် ရူးသွပ်သည်ဟု သင်္ကာမကင်းရန်ရှိသော၊ သို့မဟုတ် စွပ်စွဲခံရသောသူကို တရားခံအဖြစ်မိမိရှေ့သို့ ခေါ်ဆောင်လာသည့်အခါ တရားရုံးက စစ်ဆေးစီရင်ခြင်းမပြုလုပ်နိုင်မီပင်လျှင် ဆုံးဖြတ်ရမည်မှာ တရားခံသည် တရားရုံးသို့ လာရောက်သည့်အချိန်တွင် စိတ်ဖောက်ပြန်လာသဖြင့် အမှုကို ထုချေနိုင်စွမ်းရှိမရှိဖြစ်သည်။ တရားခံသည် စိတ်ဖောက်ပြန်မှု ရှိမရှိ အငြင်းထွက်တင်လာသည့်အခါ တရားခံသည် မိမိအမှုကို ထုချေရှင်းလင်းနိုင်စွမ်းမရှိခြင်းသည် စိတ်ဖောက်ပြန်သော အကြောင်းကြောင့် ဟုတ်မဟုတ်သက်သေခံချက်များ မှတ်တမ်းမတင်မီ စုံစမ်းစစ်ဆေးရန် တာဝန်ရှိသည်။

အမှုကိုစစ်ဆေးကြားနာနေစဉ် တရားခံစိတ်ပေါ့သွပ်သည့် လက္ခဏာများ တွေ့ရှိရသဖြင့် အမှုကို ရွှေ့ဆိုင်း၍ ဆရာဝန် ထောက်ခံချက်အရ တရားခံကို စိတ္တဇဆေးရုံ၌ ထိန်းသိမ်းထားသည်။ တစ်နှစ်ခန့်အကြာတွင် ရောဂါပျောက်ကင်းပြီဟု ဆေးရုံမှဆင်းခွင့်ရ၍ အမှုကို
ရပ်ဆိုင်း လိုက်သည့်နေရာမှ ဆက်လက်စစ်ဆေးရာ အမှုစစ်ရာဇဝတ်တရားသူကြီး လိုက်နာသော လုပ်ထုံးလုပ်နည်းမှာ တရားဥပဒေနှင့်မညီချေ။ တရားခံသည် အမှု၌ ထုချေနိုင်စွမ်းမရှိသူဖြစ်ကြောင်း ဆုံဖြတ်ချက်တစ်ရပ် ချမှတ်ပြီး နောက် အမှုကိုအစမှအသစ်ပြန်လည်စစ်ဆေးသင့်သည်။ (၁၉၅၉ မတစ (တရားလွှတ်တော်) စာ ၂၀၅၊ စောရင်ဖေနှင့်ပထစ)

တရားခံသည် စိတ်ပေါ့သွပ်နေကြောင်း တွေ့ရှိရသည့်အခါ တရားရုံးက မေးမြန်းရုံသာမဟုတ်၊ စိတ်ပေါ့သွပ်သည့် ကြောင်းခြင်းရာကို
ဆရာဝန်၊ သို့မဟုတ် ဆေးဘက်ဆိုင်ရာ အရာရှိအား စစ်မေးခြင်းဖြင့် စုံစမ်းစစ်ဆေးရမည်။ 

ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၇၀ တွင် ရူးသွပ်သည့်အကြောင်းကြောင့် အမှုမှ အပြီးအပြတ် လွှတ်သည့်စီရင်ချက်၌

မည်သည့်အခါမဆို တစ်စုံတစ်ယောက်သောသူသည် ပြစ်မှုကျူးလွန်ကြောင်း အဆိုရှိသည့်အချိန်တွင် စိတ်ပေါ့သွပ်ခြင်းကြောင့် ပြစ်မှုမြောက်ကြောင်း အဆိုရှိသည့် ပြုလုပ်မှု၏ သဘောကိုမသိနိုင်ကြောင်း၊ သို့မဟုတ် ၎င်းပြုလုပ်မှုသည် မတော်မမှန် သည်ကိုဖြစ်စေ၊
ဥပဒေနှင့် ဆန့်ကျင်ကြောင်းကိုဖြစ်စေ မသိနိုင်ကြောင်းကိုအခြေပြု၍ ၎င်းတရားခံကို အမှုအပြီးအပြတ် လွှတ်သည့်အခါ ၎င်းတရားခံ သည် ပြုလုပ်မှုကို ပြုလုပ်ကြောင်း၊ သို့မဟုတ် မပြုလုပ်ကြောင်း ဆုံးဖြတ်ချက်တွင် သီးခြား ဖော်ပြရမည်။

တရားသူကြီးသည် တရားခံကို ပဏမစုံမမ်းစစ်ဆေးချိန်၌ ပကတိစိတ်ကောင်းမွန်နေေ ကြာင်း  တွေ့ရှိရသော်လည်း ပြစ်မှုကျူးလွန်ချိန်က
စိတ်ပေါ့သွပ်နေကြောင်း  တွေ့ရှိရလျှင် ၎င်းသည်  ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၇၀ နှင့်အညီ ဆက်လက် ဆောင်ရွက်ရန်သာဖြစ်သည်။ ၎င်းသည် ဆေးဘက်ဆိုင်ရာကို စုံစမ်းစစ်ဆေးရန်၊ သို့မဟုတ် ရူးသွပ်ခြင်းနှင့် ပတ်သက်၍ ငြင်းချက်ကို စစ်ဆေးရန် အမိန့်ချမှတ်ရန် တာဝန်မရှိချေ။ ထို့သို့ပြုလုပ်ရန်မှာ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၆၄ ၊ ၄၆၅ အတွင်း ကျရောက်သည့်အမှုများနှင့်သာ သက်ဆိုင်သည်။ ဆိုလိုသည်မှာ စုံစမ်းစစ်ဆေး၊ သို့မဟုတ် စစ်ဆေးစီရင်ချိန်၌ တရားခံသည် ရူးသွပ်နေလျှင် ပြစ်မှုကို စစ်ဆေးစီရင်မှု မပြုလုပ်မီ ရူးသွပ်ခြင်းဆိုင်ရာ ငြင်းချက်ကို စစ်ဆေးစီရင်ရမည် ဖြစ်ပါသည်။

ပြစ်မှုကျူးလွန်စဉ်က မိမိသည် စိတ်ပေါ့သွပ်နေကြောင်း ထင်ရှားစွာ ပြသနိုင်ရန်မှာ အဓိကအားဖြင့် တရားခံတာဝန်ဖြစ်သည်။ သို့ရာတွင် အမှု၏အဖြစ်အပျက်အကြောင်းအရာတို့က ၎င်းသည် ထိုကဲ့သို့ စိတ်ပေါ့သွပ်နေကြောင်း ထင်ရှားစေလျှင် တရားခံကိုယ်တိုင်က
အမှုစစ်ဆေးစဉ်အခါက ထုချေခြင်းမပြုခဲ့စေကာမူ၊ သို့မဟုတ် ထုချေသော်လည်း မိမိ၏သက်သေများ အားဖြင့် မိမိစိတ်ပေါ့သွပ်နေခဲ့ကြောင်းကို ထင်ရှားပြသနိုင်ခြင်းမရှိခဲ့စေကာမူ စစ်ဆေးသော တရားသူကြီးက အခြားသက်သေ အထောက်အထားများကို ကိုးကား၍ တရားခံအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၈၄ ၏ သက်သာခွင့်ကို ပေးနိုင်သည်။ [ ၁၉၆၂ မတစ ( တရားရုံးချုပ် ) ၊ စာ ၃၃၇၊ မောင်ထွန်းစိန်နှင့် နိုင်ငံတော်အစိုးရ]

ကိုးကားချက်များ
၁။ ရာဇသတ်ကြီး
၂။ ရာဇဝတ်ကျင့်ထုံး ဥပဒေ
၃။ ဦးသက်ဖေ၊ ပြစ်မှုဆိုင်ရာဥပဒေ၏သိကောင်းစရာများ
၄။ ဦးမြ၊ လက်တွေ့ စွယ်စုံ ဥပဒေ
၅။ ဦးချစ်မောင်၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေဋီကာ

ခိုးရာပါပစ္စည်းကို ဝယ်ယူမိပါက

ခိုးရာပါပစ္စည်းကို ဝယ်ယူမိပါက

 

မိမိဝယ်ယူခဲ့သော ပစ္စည်းသည် ခိုးရာပါပစ္စည်းဖြစ်နေပါက ထိုပစ္စည်းကို မိမိဆုံးရှုံးနိုင်သည့် အပြင် ဝယ်ယူစဉ်က ခိုးရာပါပစ္စည်းဖြစ်ကြောင်း ယုံကြည်ရန် အကြောင်းရှိလျက်နှင့် ဝယ်ယူပါက ခိုးရာပါပစ္စည်းကို မရိုးမဖြောင့်သောသဘောနှင့် လက်ခံမှုဖြင့် ပြစ်ဒဏ်ကြခံရမည် ဖြစ်ပါသည်။

ရာဇသတ်ကြီး ပုဒ်မ ၄၁၀ တွင် ခိုးရာပါပစ္စည်းကို

ခိုးယူခြင်းဖြင့်သော်၎င်း၊ ချောက်လှန့်တောင်းယူခြင်းဖြင့်သော်၎င်း၊ လုယက်ခြင်းဖြင့်သော်၎င်း၊ လက်ပြောင်းသွားသော ပစ္စည်းသည်၊ ထို့ပြင်ရာဇဝတ်မကင်းသော အလွဲသုံးစားမှုပြုခြင်းခံရသော၊ သို့တည်းမဟုတ် ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံရေး ဖေါက်ဖျက်မှု ကျူးလွန်ခြင်းခံရသောပစ္စည်းသည်၊ ထိုသို့လက်ပြောင်းခြင်းကို၊ သို့တည်းမဟုတ် အလွဲသုံးစားပြုခြင်းကို၊ သို့တည်းမဟုတ် ယုံကြည်အပ်နှံရေးဖေါက်ဖျက်မှု ကျူးလွန်ခြင်း ကို ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း၌ဖြစ်စေ၊  အပ၌ဖြစ်စေ၊ ခံရသည်ဖြစ်လျှင်၊ ခိုးရာပါပစ္စည်းမည်၏။ သို့ရာတွင် ထိုပစ္စည်းသည် ဥပဒေအရလက်ရှိဖြစ်ထိုက်သူ၏ လက်သို့နောင်ပြန်လည်ရောက်ရှိသည့်အခါ၊ ခိုးရာပါ ပစ္စည်းအဖြစ်မှ ရပ်စဲ၏။

ရာဇသတ်ကြီး ပုဒ်မ ၄၁၁ တွင် ခိုးရာပါပစ္စည်းကို မရိုးမဖြောင့်သောသဘောနှင့် လက်ခံခြင်းကို

မည်သူမဆို၊ ခိုးရာပါပစ္စည်းဖြစ်ကြောင်း သိလျက်နှင့်၊ သို့တည်းမဟုတ် ထိုသို့ယုံကြည်ရန် အကြောင်း ရှိလျက်နှင့် ထိုပစ္စည်းကို မရိုးမဖြောင့်သော သဘောဖြင့် လက်ခံခြင်းသော်၎င်း၊ ဆက်လက်ထားရှိခြင်းသော်၎င်း ပြုလျှင်၊ သုံးနှစ်ထိထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

ခိုးရာပါပစ္စည်းကို ရိုးသားစွာလက်ဝယ်ရရှိပြီးနောက် ခိုးရာပါပစ္စည်းဖြစ်ကြောင်းသိလျက်နှင့် ဆက်လက်ထားရှိလျှင် မရိုးမဖြောင့်သောသဘောဖြင့် ဆက်လက်ထားရှိသည့် ပြစ်မှုကျူးလွန်သည် (ဘီအယ်လ်အာရ် အတွဲ ၅၊ စာ ၁၃၄) ။ 

မိမိထံတွင် တစ်စုံတစ်ယောက်မှ ပစ္စည်းတစ်ခုခုကိုလာရောင်းပါက ပစ္စည်း၏ အနေအထား၊ ပစ္စည်း၏ဈေးနှုန်း၊ လာရောက်ရောင်းချသူ၏ အခြေအနေကို အကဲခတ်ပြီးမှ ပစ္စည်းကို ဝယ်ယူရန်လိုအပ်ပါသည်။ မိမိသည် ခိုးရာပါပစ္စည်းကို ဝယ်ယူမိပါက ထိုပစ္စည်းကို ပိုင်ဆိုင်ခွင့်ရမည်မဟုတ်ဘဲ မူလပိုင်ရှင်၌သာလျှင် ပိုင်ဆိုင်ခွင့်ရှိပါသည်။

အရွယ်မရောက်သေးသူကို အုပ်ထိန်းသူ၏ သဘောတူညီချက်မရှိဘဲ ခေါ်ဆောင်သွားပါက လူခိုးမှုမြောက်ခြင်း

အရွယ်မရောက်သေးသူကို အုပ်ထိန်းသူ၏ သဘောတူညီချက်မရှိဘဲ ခေါ်ဆောင်သွားပါက လူခိုးမှုမြောက်ခြင်း

 

ရာဇသတ်ကြီး ပုဒ်မ ၃၆၁ တွင်
မည်သူမဆို၊ ဥပဒေနှင့်အညီ အုပ်ထိန်းသူ၏ထိန်းသိမ်းခြင်းမှ အသက်ဆယ့်လေးနှစ်အောက် ယောင်္ကျားကလေးကိုဖြစ်စေ၊ အသက်တစ်ဆယ့်ရှစ်နှစ်အောက် မိန်းကလေးကိုဖြစ်စေ၊ စိတ်ပေါ့သွပ်သူကိုဖြစ်စေ ထိုအုပ်ထိန်းသူကသဘောမတူဘဲ ဆောင်ယူလျှင်၊ သို့တည်းမဟုတ် ဖြားယောင်းခြင်းအားဖြင့် ထွက်သွားစေလျှင်၊ ထိုအရွယ်မရောက်သေးသူကို၊ သို့တည်းမဟုတ် ထိုစိတ်ပေါ့သွပ်သူကို ဥပဒေနှင့်အညီ အုပ်ထိန်းသူထံမှ ခိုးယူသည်မည်၏။

ရှင်းလင်းချက် ။ ။ ဤပုဒ်မ၌ “ဥပဒေနှင့်အညီ အုပ်ထိန်းသူ”ဆိုသော စကားများတွင်ဆိုခဲ့သော အရွယ် မရောက်သေးသူကို၊ သို့တည်းမဟုတ် အခြားသူကို ထိန်းသိမ်းစောင့်ရှောက်ရန်ဖြစ်စေ၊ အုပ်ထိန်းရန်ဖြစ်စေ ဥပဒေ နှင့်အညီ အပ်နှံခံရသူလည်းပါဝင်သည်။

ကင်းလွတ်ချက် ။ ။ မိမိသည် တရားမဝင်သောကလေး၏ အဘဖြစ်သည်ဟု သဘောရိုးဖြင့် ယုံကြည်သော သူ၏ ပြုလုပ်မှုသည်၊ သို့တည်းမဟုတ် ထိုကလေးကို ဥပဒေနှင့်အညီ မိမိအုပ်ထိန်းပိုင်ခွင့်ရှိသည်ဟု သဘောရိုးဖြင့် ယုံကြည်သောသူ၏ပြုလုပ်မှုသည် အကျင့်ဖောက်ပြားသောကိစ္စအလို့ငှာဖြစ်စေ၊ ဥပဒေနှင့်ဆန့်ကျင်သော ကိစ္စ အလို့ငှာဖြစ်စေပြုသော ပြုလုပ်မှုမဟုတ်လျှင်၊ ဤပုဒ်မနှင့်မသက်ဆိုင်စေရ။

ရာဇသတ်ကြီးကို ပြင်ဆင်သည့် ဥပဒေ ( ၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၆ ) အရ မိန်းကလေး၏ အသက်ကို အသက် ဆယ့်ခြောက်နှစ်အောက်မှ အသက်တစ်ဆယ့်ရှစ်နှစ်အောက် အဖြစ်ပြောင်းလဲ
သတ်မှတ်ထားပါသည်။

ဤပုဒ်မ၏ ရည်ရွယ်ချက်မှာ အရွယ်မရောက်သေးသူနှင့် စိတ်ပေါ့သွပ်သူများအား အကာအကွယ်ပေးရန် ဖြစ်သကဲ့သို့ ဥပဒေနှင့်အညီ အုပ်ထိန်းသူ၏ အခွင့်အရေးကိုလည်း မဆုံးရှုံးစေရန်ဖြစ်ပါသည်။

ဤပုဒ်မအရ အရွယ်မရောက်သေးသူမှာ ယောင်္ကျာလေးဖြစ်က အသက် ၁၄ နှစ်အောက် ဖြစ်ရမည်ဖြစ်ပြီး မိန်းကလေးဖြစ်က အသက် ၁၈ နှစ် အောက် ဖြစ်ရမည်ဖြစ်ပါသည်။

ဤပုဒ်မတွင် သတ်မှတ်ထားသည့် အသက်အောက်သို့ ရောက်နေကြောင်း အထောက်အထားတင်ပြလာပါက အရွယ်ရောက်ပြီးဖြစ်သည်ဟု သဘောရိုးဖြင့် ယုံကြည်ကာ ခိုးယူခြင်းဖြစ်ကြောင်း တရားခံအနေဖြင့် ထုချေခြင်းမပြုနိုင်ကြောင်း
( ပြည်ထောင်စု မြန်မာနိုင်ငံနှင့် မောင်မိုး (ခေါ်) မောင်သိန်း ၊ ၁၉၆၆ မြန်မာနိုင်ငံစီရင်ထုံး စာ – ၁၂၁၄ ) တွင် ဖော်ပြထားပါသည်။
အရွယ်မရောက်သေးသူက သဘောတူစေကာမူ အုပ်ထိန်းသူ၏ သဘောတူညီချက်မရှိလျှင် ပြစ်မှုမြောက်သည်။

လူခိုးမှုအတွက်ပြစ်ဒဏ်
ရာဇသတ်ကြီး ပုဒ်မ ၃၆၃ တွင်

မည်သူမဆို၊ တဦးတယောက်သောသူအား၊ ပြည်ထောင်စုမြန်မာနိုင်ငံမှအပသို့ဖြစ်စေ၊ ဥပဒေနှင့် အညီ အုပ်ထိန်းသူထံမှဖြစ်စေ ခိုးယူလျှင်၊ ထိုသူကို ခုနစ်နှစ်ထိ ထောင်ဒဏ်တမျိုးမျိုးချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။

အရွယ်မရောက်သေးသော မိန်းကလေးသည် တရားခံအိမ်သို့သွား၍ ၎င်းကို ခိုးပြေးရန် ပြောသည် တရားခံက သဘောမတူခဲ့လျှင် ၎င်း၏ မိဘများထံမှ ထွက်သွားရန် အကြံမရှိ၍ ၎င်းသည် အုပ်ထိန်းသူ၏ အုပ်ထိန်းမှုအောက်တွင် ရှိနေသဖြင့် ၎င်းအား ခေါ်သွားသည့်အတွက် တရားခံသည် လူခိုးမှုကျူးလွန်သည်
( ၁၉၀၇-၀၉ အထက်မြန်မာ အတွဲ ၁၊ ရာဇသတ် ၂၇)။

တရားခံသည် အရွယ်မရောက်သေးသည့် မိန်းကလေးနှင့်ချိန်းတွေ့ပြီး ထွက်ပြေးကြသည်။ မိန်းကလေးသည် အုပ်ထိန်းသူထံပြန်လာရန် ရည်ရွယ်ချက်မရှိသော်လည်း အုပ်ထိန်းသူ၏ ထိန်းသိမ်းမှုအောက်မှ ဆောင်ယူရာတွင် တရားခံ၏ ပယောဂကြောင့် ထင်ရှားနေသဖြင့် ဤပုဒ်မအရ ပြစ်မှုမြောက်သည်။
[ တေလှနှင့် အစိုးရ ၁၉၀၇ – ၀၉၊ အတွဲ ၁ အထက်မြန်မာပြည်စီရင်ထုံး ၁၀ (ပြစ်မှုဆိုင်ရာ) ]

တရားခံ၏ ပယောဂကြောင့် အရွယ်မရောက်သေးသူသည် အုပ်ထိန်းသူ၏ ထိန်းသိမ်းခြင်းမှ ထွက်ခွာစေခြင်း၊ ထွက်ခွာရန် ကူညီခြင်း ဖြစ်လျှင် လူခိုးမှုမြောက်မည်ဖြစ်ပါသည်။

ကိုးကားချက်များ
၁။ ဦးသက်ဖေ၊ ပြစ်မှုဆိုင်ရာဥပဒေ၏သိကောင်းစရာများ
၂။ ဦးမြ၊ လက်တွေ့ စွယ်စုံ ဥပဒေ

ဥပဒေအရ ကာကွယ်ခုခံပိုင်ခွင့်

ဥပဒေအရ ကာကွယ်ခုခံပိုင်ခွင့်

 

မိမိကိုယ်အခြားသူတစ်ယောက်က ရန်ပြုတိုက်ခိုက်လာပါက ၎င်းအချိန်တွင် မိမိဘာပြန်လုပ်မလဲ။ 

မိမိတို့နိုင်ငံ၏ ရာဇသတ်ကြီး အရ မိမိအားတိုက်ခိုက်လာသူကို ပြန်လည်ကာကွယ်ခုခံပိုင်ခွင့်ရှိပါသည်။

ကာကွယ်ခုခံပိုင်ခွင့်သည် မိမိတို့ဘဝ၏ လွပ်လပ်မှုနှင့် မိမိတို့ပိုင်ပစ္စည်းများကို ကာကွယ်နိုင်ရန်အတွက် မရှိမဖြစ်လိုအပ်ပါသည်။ ထိုအခွင့်ရေးသည် လူတို့၏ မွေးရာပါအခွင့်အရေးဖြစ်ပါသည်။  ကာကွယ်ခုခံပိုင်ခွင့်ကို ဘေးအန္တရာယ် ကြီးမားမှုအတိုင်းအတာကို လိုက်၍ ကျင့်သုံးရန် ဥပဒေအရ သတ်မှတ်ထားပါသည်။ ကာကွယ်ခုခံပိုင်ခွင့်ကို အသုံးချရာ၌ လိုအပ်သည်ထက်ပို၍ ဘေးအန္တရာယ်မပြုနိုင်ပါ။ ကာကွယ်ခုခံပိုင်ခွင့်တွင် မိမိကိုယ်နှင့် မိမိပိုင်ပစ္စ္စည်းကိုသော်လည်းကောင်း၊ အခြားသူနှင့် သူတစ်ပါးပိုင်ပစ္စည်းကိုသော်လည်းကောင်း ကာကွယ်ခုခံပိုင်ခွင့်ရှိပါသည်။

သို့သော် သေဘေး သို့မဟုတ် အပြင်းအထန်နာကျင်စေလိမ့်မည်ဟု စိုးရိမ်ဖွယ်အကြောင်းမရှိက ပြည်သူ့ဝန်ထမ်း သို့မဟုတ် ပြည်သူ့ဝန်ထမ်းက ညွန်ကြားသည့်အတိုင်း ဥပဒေအရ သဘောရိုးဖြင့် ပြုလုပ်မှုများတွင် ကာကွယ်ခုခံပိုင်ခွင့်မရှိပါ။ အာဏာပိုင်များထံမှ အကာအကွယ်၊ အစောင့်အရှောက်ရနိုင်ရန် တိုင်တန်းခွင့်အချိန်ရှိသည့် ကိစ္စများတွင် ဦးစွာတိုင်တန်းရပါမည်။ အချိန်ရပါလျှက်နှင့် တိုင်တန်းခြင်းမပြုပါက ကာကွယ်ခုခံပိုင်ခွင့်ရှိမည်မဟုတ်ပါ။

ကာကွယ်ခုခံပိုင်ခွင့်အတွင်း ကျရောက်သည့်ဟု ဆုံးဖြတ်ထားသည့် အမှုစီရင်ထုံးများ

သေဆုံးသွားသောသူသည် လေးလံသော လက်နက်ကိုင်ပြီး အခြားသူအား ရိုက်ရန်ပြေးလာပြီး ရွယ်နေစဉ် တရားခံက လှံဖြင့်ထိုးလိုက်သဖြင့် သေဆုံးသွားသည့်အမှုတွင် တရားခံသည် အပြင်းအထန်နာကျင်စေမည်ဟု မျှော်မှန်းသိရှိရန် အကြောင်းရှိသဖြင့် ကိုယ်ကိုကာကွယ်ရန် အလို့ငှာ သေစေသည်အထိ လှံကို အသုံးပြုခွင့်ရှိသည် ဟု ဆုံးဖြတ်ထားပါသည်။

သေသူသည် ဇနီးနှင့်စကားများကြသည်တွင် ဓါးမကိုဆွဲဲပြီး တရားခံအား ခုတ်ရန်လာသဖြင့် တရားခံသည် အနီးရှိထင်းစဖြင့် ပေါက်လိုက်ရာ သေဆုံးသွားသည့်အမှုတွင် တရာခံ၏ ပြုမှုချက်မှာ အသက်ဘေးအန္တရာယ်ကို  ကာကွယ်ခြင်း ဖြစ်သည်ဟုသာ ယူဆရမည် ဖြစ်သည့်အပြင် မိမိကိုယ်ကို ကာကွယ်ခုခံပိုင်ခွင့်ထက် ပိုမိုပြုလုပ်ခြင်းဖြစ်သည်ဟုလည်း မယူဆနိုင်ကြောင်း ဆုံးဖြတ်ထားပါသည်။
 
ကာကွယ်ခုခံပိုင်ခွင့် ကျော်လွန်သည်ဟု ဆုံးဖြတ်ထားသည့် အမှုစီရင်ထုံးများ

သေသူသည် တရားခံအား အရှည်နှစ်တောင် လုံးပတ်တစ်ကျပ်ခန့်ရှိသာ တုတ်နှင့် စတင်ပြီး တစ်ချက်နှစ်ချက်ရိုက်သောကြောင့် တရားခံသည် ကာကွယ်ခုခံပိုင်ခွင့် ရှိသည်ဆိုခြင်းမှာ မငြင်းနိုင်၊ သို့ရာတွင် တရားခံသည် သေသူအား ဓါးနှင့်အချက်ပေါင်း ၅ ချက်တိတိ ထိုးခဲ့ခြင်းဖြစ်၍ ၊ ၎င်းသည် ကာကွယ်ခုခံပိုင်ခွင့်ကို လိုသည်ထက်ပို၍ အသုံးပြုမိကြောင်း ပေါ်ပေါက်သည်ဟု ဆုံးဖြတ်ထားပါသည်။ မိတ်ဆွေဖြစ်သူအား လက်သီးနှင့်ထိုးသူကို ဓားနှင့်ထိုးသတ်ခြင်းသည် ကာကွယ်ခုခံပိုင်ခွင့်ကို လိုသည်ထက်ပို၍ အသုံးချခြင်းဖြစ်ပါသည်။



ရာဇသတ်ကြီးတွင် ပုဒ်မ ၉၆ မှ ၁၀၆ အထိ မိမိကိုယ်နှင့် ပစ္စည်းကိုကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်းသည့် ပြဌာန်းချက်များအား ဖော်ပြထားပါသည်။ 
 

 ပုဒ်မ ၉၆ ။    ။ ကာကွယ်ခုခံရာတွင်ပြုလုပ်မှု။

 ကာကွယ်ခုခံပိုင်ခွင့်အရပြုသော ပြုလုပ်မှုသည် ပြစ်မှုမမြောက်။

 ပုဒ်မ ၉၇ ။    ။ လူ့ကိုယ်နှင့် ပစ္စည်းများကို ကာကွယ်ခုခံပိုင်ခွင့်။

 ပုဒ်မ ၉၇ တွင် ပုဒ်မ ၉၉ ပါ ကန့်သတ်ချက်များကို မဆန့်ကျင်ဘဲ မည်သူမဆို —-

ပဌမ    ။      ။ လူ့ကိုယ်ကို ထိခိုက် ကျူးလွန်သည့် ပြစ်မှုကို တားဆီးရန် မိမိကိုယ်နှင့် အခြားသူ၏ ကိုယ်ကို ကာကွယ် ခုခံပိုင်ခွင့်ရှိသည်။

ဒုတိယ ။      ။ ခိုးမှု၊ သို့တည်းမဟုတ် လုယက်မှု၊ သို့တည်းမဟုတ် အကျိုးဖျက်ဆီးမှု၊ သို့တည်း မဟုတ် ရာဇဝတ်ပြစ်ဒဏ်ထိုက်သော ကျော်နင်းမှုကိုသော်၎င်း၊ အဆိုပါ ပြစ်မှုမျိုးကို ကျူးလွန်ရန် အားထုတ်ခြင်း ကိုသော်၎င်း၊ တားဆီးရန် မိမိပိုင်ဖြစ်စေ၊ သူတပါးပိုင်ဖြစ်စေ၊ ရွေ့ပြောင်းနိုင်သည့် ပစ္စည်းများကို ၊ သု့ိတည်းမဟုတ် မရွေ့ပြောင်းနိုင်သည့် ပစ္စည်းများကို ကာကွယ်ခုခံပိုင်ခွင့်ရှိသည်။

 ပုဒ်မ ၉၈ ။    ။ စိတ်ပေါ့သွပ်သူ စသည်တို့၏ ပြုလုပ်မှုကို တားဆီးရန်ကာကွယ်ခုခံပိုင်ခွင့်။

 ပြုလုပ်မှုတခုသည် အသက်ငယ်ခြင်း၊ အမြော်အမြင် အဆင်အခြင် မပြည်စုံသေးခြင်း စိတ်ပေါ့သွပ်ခြင်း၊ မှုးယစ်ခြင်း ကြောင်းခြင်းရာ အမှန်မသိခြင်း တခုခုကြောင့်သာ ထိုပြုလုပ်မှုကို ပြုသူအတွက် ပြစ်ဒဏ်မထိုက် သော်လည်း၊ မည်သူမဆို၊ ထိုပြုလုပ်မှုကို တားဆီးရန် ပြစ်မှုမြောက်သော ပြုလုပ်မှု ဖြစ်ဘိသကဲ့သို့ ကာကွယ်ခုခံ ပိုင်ခွင့် ရှိသည်။
 
ပုဒ်မ ၉၉ ။    ။ ကာကွယ်ခုခံပိုင်ခွင့် မရှိသည့်ပြုလုပ်မှုများ။
ကာကွယ်ခုခံပိုင်ခွင့်ကို မည်မျှဆောင်ရွက်နိုင်ခြင်း။

သေဘေးဖြစ်စေရန်သော်၎င်း၊ အပြင်းအထန် နာကျင်စေရန်သော်၎င်း စိုးရိမ်လောက်ဘွယ်ရာ အကြောင်းယုတ္တိမရှိသောပြုလုပ်မှုကို ပြည်သူ့ဝန်ထမ်းက ပြည်သူ့ဝန်ထမ်းအဖြစ်ဖြင့် သဘောရိုးနှှင့် ပြုလုပ်လျှင်၊ သို့တည်းမဟုတ် ပြုလုပ်ရန် အားထုတ်လျှင်၊ ထိုသို့ပြုလုပ်ခြင်း၊ အားထုတ်ခြင်းတခုခုမှာ ဥပဒေအရ ပြုပိုင်ခွင့်အတိ အကျမရှိသော်လည်း ထိုပြုလုပ်မှု၊ အားထုတ်မှုတခုခုကို တားဆီးရန် ကာကွယ်ခုခံပိုင်ခွင့်မရှိ။

 သေဘေးကိုဖြစ်စေရန်သော်၎င်း၊ အပြင်းအထန် နာကျင်စေရန်သော်၎င်း စိုးရိမ်လောက်ဘွယ်ရာ အကြောင်း ယုတ္တိမရှိသော ပြုလုပ်မှုကို ပြည်သူ့ဝန်ထမ်းက ပြည်သူ့ဝန်ထမ်းအဖြစ်ဖြင့် သဘောရိုးနှင့် ညွှန်ကြား သည့်အတိုင်း တဦးတယောက်ကပြုလုပ်လျှင်၊ သို့တည်းမဟုတ်ပြုလုပ်ရန် အားထုတ်လျှင်၊ ထိုညွှန်ကြားချက်မှာ၊ ဥပဒေအရ ပြုပိုင်ခွင့်  အတိအကျမရှိသော်လည်း၊ ထိုပြုလုပ်မှုကို တားဆီးရန် ကာကွယ်ခုခံပိုင်ခွင့်မရှိ။

ပြည်သူ့ဝန်ထမ်း အာဏာပိုင်တို့ထံမှ အကာအကွယ် အစောင့်အရှောက်ရနိုင်ရန် တိုင်တန်းခွင့် အချိန်ရှိ သည့် ကိစ္စများတွင် ကာကွယ်ခုခံပိုင်ခွင့်မရှိ။

ကာကွယ်ခုခံရာတွင် ကာကွယ်ခုခံသော သဘောဖြင့် ဘေးအန္တရာယ်ပြုရန် လိုအပ်သည်ထက် ပို၍ပြု ခွင့်မရှိ။

ရှင်းလင်းချက်
၁ ။    ။ ပြည်သူဝန်ထမ်းအဖြစ်ဖြင့်ပြုသော၊ သို့တည်းမဟုတ်၊ ပြုရန်အားထုတ်သော သူသည် ပြည်သူ့ဝန်ထမ်းဖြစ်သည်ဟု အပြုခံရသူက မသိလျှင်၊ သို့တည်းမဟုတ် ယုံကြည်ရန် အကြောင်းမရှိလျှင်၊ ထိုသူ သည် ထိုပြည်သူ့ဝန်ထမ်း၏ ပြုလုပ်မှုကို၊ သို့တည်းမဟုတ် အားထုတ်မှုကို တားဆီးရန် ကာကွယ်ခုခံပိုင် ခွင့်ရှိသည်။

ရှင်းလင်းချက်
၂ ။    ။ ပြည်သူသည် ပြည်သူ့ဝန်ထမ်းတဦး၏ ညွှန်ကြားချက်အရ ပြုသည်ကိုသော်၎င်း၊ အားထုတ်သည်ကိုသော်၎င်း အပြုခံရသူက မသိလျှင်၊ သို့တည်းမဟုတ် ယုံကြည်ရန်အကြောင်းမရှိလျှင်၊ သို့တည်းမဟုတ် မည်သည့်အာဏာအရ ပြုကြောင်းကို ပြုသူကမပြောမဆိုလျှင်၊ သို့တည်းမဟုတ် အာဏာကိုစာဖြင့် ပေးထားရရှိပါလျက် ထိုစာကိုတောင်းဆိုသည့်အခါ မပြလျှင်၊ အပြုခံရသူသည် အဆိုပါပြည်သူ့ ဝန်ထမ်း၏ ညွှန်းကြားချက်အရ ပြုသည်ကို သို့တည်းမဟုတ် အားထုတ်သည်ကို တားဆီးရန် ကာကွယ်ခုခံပိုင်ခွင့်ရှိသည်။

ပုဒ်မ ၁၀၀ ။    ။ လူ့ကိုယ်ကို ကာကွယ်ခုခံပိုင်ခွင့်သည် မည်သည့်အခါတွင် လူသေစေရန်ပြုနိုင်ခြင်း။

အောက်ဖေါ်ပြပါ ပြစ်မှုများအနက် ပြစ်မှုတခုခုကို အန္တရာယ်ပြုသူက ကျူးလွန်ခဲ့လျှင်၊ တဆက်တည်းဖြစ်သော အထက်ပုဒ်မတွင် ဖေါ်ပြသည့် ကန့်သတ်ချက်များကို အထောက်အကူပြုကာ၊ ထိုအန္တ ရာယ်ပြုသူကို သေစေရန်သော်၎င်း၊ အခြားဘေးအန္တရာယ်တခုခုဖြစ်စေရန်သော်၎င်း၊ မည်သူမဆို၊ မိမိအလိုအလျောက်ပြု၍လူ့ကိုယ်ကို ကာကွယ်ခုခံပိုင်ခွင့်ရှိသည်။

ပဌမ    ။      ။ မကာကွယ်မခုခံလျှင်၊ သေဘေးသို့ရောက်စေခြင်းအတွက် စိုးရိမ်ဘွယ်ရာဖြစ်လောက် အောင် အကြောင်းရှိသည့်လက်ရောက်မှု။

ဒုတိယ    ။      ။ မကာကွယ် မခုခံလျှင် အပြင်းအထန် နာကျင်စေခြင်းအတွက် စိုးရိမ်ဘွယ်ရာဖြစ် လောက်အောင် အကြောင်းရှိသည့် လက်ရောက်မှု။

တတိယ    ။      ။ မုဒိမ်းကျင့်ရန် အကြံအစည်နှင့် ကျူးလွန်သည့်လက်ရောက်မှု။

စတုတ္ထ    ။      ။ ကာမရာဂစိတ်ကို ဓမ္မတာအတိုင်းမဟုတ်ဘဲ ရောင်ရဲအောင်ပြုလုပ်ရန်အကြံနှင့် ကျူးလွန်သည့် လက်ရောက်မှု။

ပဉ္စမ    ။      ။ လူကိုခိုးယူရန်အကြံနှင့်သော်၎င်း၊ သွေးဆောင်ခေါ်ငင်ရန်အကြံနှင့်သော်၎င်း ကျူး လွန်သည့်လက်ရောက်မှု။

ဆဠမ    ။      ။ လွတ်မြောက်ရေးအတွက် ပြည်သူ့ဝန်ထမ်းအာဏာပိုင်တို့ထံ တိုင်တန်းနိုင်ခွင့် မရနိုင် ဟုစိုးရိမ်ဘွယ်ရာဖြစ်လောက်အောင်အကြောင်းကို ဖြစ်စေပြီးလျှင်၊ တဦးတယောက်သာသူအား မတရား ချုပ်နှောင် ထားရန်အကြံနှင့် ကျူးလွန်သည့် လက်ရောက်မှု။

ပုဒ်မ ၁၀၁ ။    ။ လူ့ကိုယ်ကို ကာကွယ်ခုခံပိုင်ခွင့် မည်သည့်အခါတွင် သေစေခြင်းမှ တပါး၊ အခြားဘေးအန္တရာယ် ဖြစ်စေရန်ပြုနိုင်ခြင်း။

တဆက်တည်းဖြစ်သော အထက်ပုဒ်မတွင် ဖေါ်ပြထားသော အန္တရာယ်ပြုသူက ပြစ်မှုများ အနက် တခုခုကို ကျူးလွန်ခဲ့သည် မဟုတ်လျှင်၊ ထိုအန္တရာယ်ပြုသူသေအောင် မည်သူမဆို၊ မိမိအလိုအလျောက် လူ့ကိုယ် ကို ကာကွယ်ခုခံပိုင်ခွင်မရှိ၊ သို့ရာတွင် ပုဒ်မ ၉၉တွင်ဖေါ်ပြသည့် ကန့်သတ်ချက်များကို အထောက် အထားပြုကာ၊ အန္တရာယ်ပြုသူကို သေစေခြင်းမှတပါး အခြားဘေးအန္တရာယ်ဖြစ်စေရန် မည်သူမဆို၊ မိမိအလိုအလျောက်ပြု၍ လူ့ကိုယ်ကို ကာကွယ်ခုခံပိုင်ခွင့်ရှိသည်။

ပုဒ်မ ၁၀၂ ။    ။ လူ့ကိုယ်ကို ကာကွယ်ခုခံပိုင်ခွင့် စတင်ဖြစ်ပေါ်သည့်အခါနှင့် ဆက်လက်တည်ရှိနေမည့် ကာလအပိုင်းအခြား။

ပြစ်မှုကျူးလွန်ခြင်း မရှိသေးသော်လည်း ပြစ်မှုကို ကျူးလွန်ရန် အားထုတ်မှုမှသော်၎င်း၊ ခြိမ်း ချောက်မှုမှသော်၎င်း၊ လူ့ကိုယ်ကိုဘေးအန္တရာယ်ဖြစ်စေမှုအတွက် စိုးရိမ်ဘွယ်ရာအကြောင်းပေါ်ပေါက်လာ သည် နှင့် တပြိုင်နက် လူ့ကိုယ်ကိုခုခံပိုင်ခွင့်သည် စတင်ဖြစ်ပေါ်လာသည်။ ထို့ပြင် အဆိုပါဘေးအန္တရာယ်အတွက် စိုးရိမ် ဘွယ်ရာအကြောင်း ဆက်လက်တည်ရှိနေသမျှကာလပတ်လုံး လူ့ကိုယ်ကိုကာကွယ်ခုခံပိုင်ခွင့်လည်း ဆက်လက် တည်ရှိလျက်နေသည်။

ပုဒ်မ ၁၀၃ ။    ။ ပစ္စည်းကာကွယ် ခုခံပိုင်ခွင့်သည် မည်သည့်အခါတွင် လူကိုသေစေရန် ပြုနိုင်ခြင်း။

အောက်ဖေါ်ပြပါ ပြစ်မှုများအနက် ပြစ်မှုတခုခုကို မတော်မမှန်ပြုသူက  ကျူးလွန်လျှင်၊ သို့တည်းမဟုတ် ကျူးလွန်ရန် အားထုတ်လျှင်၊ ပုဒ်မ ၉၉ တွင် ဖေါ်ပြထားသည့် ကန်သတ်ချက်များကို အထောက် အထားပြုကာ၊ ထိုမတော်မမှန်ပြုသူကို သေစေရန်သော်၎င်း၊ အခြားသောအန္တရာယ်ဖြစ်စေရန်သော်၎င်း၊ မည်သူ မဆို၊ မိမိအလို အလျောက်ပြု၍ ပစ္စည်းကိုကာကွယ်ခုခံပိုင်ခွင့်ရှိသည်။

ပဌမ    ။      ။ လုယက်မှု။

ဒုတိယ ။      ။ ညဉ့်အခါ အိမ်ဖေါက်ထွင်းမှု။

တတိယ။      ။ လူနေရန်ဖြစ်စေ၊ ဥစ္စာပစ္စည်း ထားသိုရန်ဖြစ်စေ အသုံးပြုသည့် တိုက်အိမ်စသည့် အဆောက်အအုံ၊ တဲ၊ ရေယာဉ်တခုခုတွင် ကျူးလွန်သည့် မီးဖြင့်အကျိုးဖျက်ဆီးမှု။

စတုတ္ထ ။      ။ မကာကွယ် မခုခံဘဲနေပါက သေဘေးကို ၊သို့တည်းမဟုတ် အပြင်းအထန် နာကျင် ခြင်းခံရမည်ကို စိုးရိမ်ရန်အကြောင်းရှိအောင် ကျူးလွန်သည့်ခိုးမှု၊ သို့တည်းမဟုတ် အကျိုးဖျက်ဆီးမှု၊ သို့တည်း မဟုတ် အိမ်ကျော်နင်းမှု။
 
ပုဒ်မ ၁၀၄ ။     ။ ပစ္စည်းကာကွယ် ခုခံပိုင်ခွင့်သည် မည်သည့်အခါတွင် သေစေခြင်းမှတပါး၊ အခြားဘေးအန္တရာယ် ဖြစ်စေရန် ပြုနိုင်ခြင်း။

ပြစ်မှုကျူးလွန်ခြင်း မရှိသေးသော်လည်း ပြစ်မှုကို ကျူးလွန်ရန် အားထုတ်မှုမှသော်၎င်း၊ ခြိမ်း ချောက်မှုမှသော်၎င်း၊ လူ့ကိုယ်ကိုဘေးအန္တရာယ်ဖြစ်စေမှုအတွက် စိုးရိမ်ဘွယ်ရာအကြောင်းပေါ်ပေါက်လာ သည် နှင့် တပြိုင်နက် လူ့ကိုယ်ကိုခုခံပိုင်ခွင့်သည် စတင်ဖြစ်ပေါ်လာသည်။ ထို့ပြင် အဆိုပါဘေးအန္တရာယ်အတွက် စိုးရိမ် ဘွယ်ရာအကြောင်း ဆက်လက်တည်ရှိနေသမျှကာလပတ်လုံး လူ့ကိုယ်ကိုကာကွယ်ခုခံပိုင်ခွင့်လည်း ဆက်လက် တည်ရှိလျက်နေသည်။

ပုဒ်မ ၁၀၅ ။     ။ ပစ္စည်းကို ကာကွယ်ခုခံပိုင်ခွင့်စတင်ဖြစ်ပေါ်သည့်အခါနှင့် ဆက်လက်တည်ရှိ နေမည့်ကာလအပိုင်းအခြား။

 ပစ္စည်းကို ကာကွယ်ခုခံပိုင်ခွင့်သည်၊ ပစ္စည်းကို ဘေးအန္တရာယ်ဖြစ်စေမည့် စိုးရိမ်ဘွယ်ရာ အကြောင်း ဖြစ်ပေါ်လာသည့်အခါမှအစပြုသည်။

ခိုးမှုမပစ္စည်းကာကွယ် ခုခံပိုင်ခွင့်သည်၊ ပြစ်မှုကျူးလွန်သူကခိုးရာပါ ပစ္စည်းနှင့်တကွ ထွက်ခွါသွားသည့် တိုင်အောင်၊ သို့တည်းမဟုတ် ပြည်သူ့ဝန်ထမ်းအာဏာပိုင်တို့၏ အကူအညီကိုရ သည်တိုင်အောင်၊ သို့တည်း မဟုတ် ပစ္စည်းကို ပြန်ရသည့်တိုင်အောင် ဆက်လက်တည်နေသည်။

လုယက်မှုမှ ပစ္စည်းကာကွယ်ခုခံပိုင်ခွင့်သည်၊ ပြစ်မှုကျူးလွန်သူက တဦးတယောက်သော သူကို သေအောင်သော်၎င်း၊ နာကျင်အောင်သော်၎င်း၊ မတရားတားဆီးရန်သော်၎င်း ပြုနေသမျှ ကာလပတ်လုံး၊ သို့တည်း မဟုတ်ပြုရန် အားထုတ်နေသမျှ ကာလပတ်လုံး၊ သို့တည်းမဟုတ် တမုဟုတ်ခြင်း သေရမည်ဟုသော်၎င်း၊ တမုဟုတ်ခြင်းနာကျင်ခြင်းခံရမည်ဟုသော်၎င်း၊ တမုဟုတ်ခြင်းကိုယ်တိုင် အချုပ်အနှောင် ခံရမည်ဟုသော်၎င်း၊ ကြောက်ရွံ့ဘွယ်ရာ ဖြစ်အောင်ကျူးလွန်သူက ပြုနေသမျှ ကာလပတ်လုံး ဆက်လက် တည်နေသည်။

ရာဇဝတ်ပြစ်ဒဏ်ထိုက်သော ကျော်နင်းမှုမှ၊ သို့တည်းမဟုတ် အကျိုးဖျက်ဆီးမှုမှ  ပစ္စည်းကာကွယ်ခု ခံပိုင်ခွင့်သည်၊ ပြစ်မှုကျူးလွန်သူက ရာဇဝတ်ပြစ်ဒဏ်ထိုက်သော ကျော်နင်းမှုကို သို့တည်းမဟုတ် အကျိုး ဖျက်ဆီး မှုကို ကျူးလွန်နေသမျှ ကာလပတ်လုံး ဆက်လက်တည်နေသည်။ 

ညဉ့်အခါ အိမ်ဖေါက်ထွင်းမှုမှ ပစ္စည်းကာကွယ် ခုခံပိုင်ခွင့်သည်၊ ပြစ်မှုကျူးလွန်သူက အိမ်ကိုဖေါက်ထွင်းခြင်းဖြင့် အစပြုသော အိမ်ကျော်နင်းမှု ကျူးလွန်နေသမျှ ကာလပတ်လုံးဆက်လက်တည်နေသည်။

ပုဒ်မ ၁၀၆ ။    ။ အပြစ်မရှိသူအား အန္တရာယ်ဖြစ်ကောင်း ဖြစ်နိုင်စေကာမှု၊ သေစေလောက်သော လက်ရောက်မှုမှ ကာကွယ်ခုခံပိုင်ခွင့်။

သေစေရန် စိုးရိမ်ဘွယ်ရာ အကြောင်းရှိသည့် လက်ရောက်မှုမှ ကာကွယ်ခုခံပိုင်ခွင့်ကို ဆောင်ရွက်ရာ တွင် ကာကွယ်ခုခံသူသည် အပြစ်မရှိသူ တဦးတယောက်အား ဘေးအန္တရာယ် မဖြစ်နိုင်စေဘဲ ထိုအခွင့်ကိုဖြစ် မြောက်အောင် မသုံးနိုင်သောအခြေအနေသို့ ရောက်ရှိနေလျှင်၊ ထိုအပြစ်မရှိသူအား ဘေးအန္တရာယ် ဖြစ်နိုင်စေမည့် အကြောင်းရှိသော်လည်း မိမိ၌ ကာကွယ်ခုခံပိုင်ခွင့်ရှိသည်။

ဥပမာ။ လူတစုသည် မောင်ဖြူကို သတ်ရန် အားထုတ်၍ မောင်ဖြူအား အန္တရာယ်ပြု၏။  မောင်ဖြူသည် ထိုလူစု ကို သေနတ်နှင့်မပစ်ခတ်ဘဲ ကာကွယ်ခုခံပိုင်ခွင့်ကိုဖြစ်မြောက်အောင် မသုံးနိုင်သည့် အခြေသို့ ရောက်ရှိ နေသည်။ ပစ်ခတ်ပြန်လျှင်လည်း ထိုလူစုနှင့် ရောနှောလျက်ရှိသည့် ကလေးများကို အန္တရာယ်မဖြစ်နိုင်စေဘဲ မပစ်မခတ် နိုင်သော အခြေသို့ ရောက်ရှိနေပြန်သည်။ ထိုအခြေတွင် သေနတ်ပစ်ခတ်ခြင်းကြောင့် ကလေးတယောက် ယောက်ကို ဘေးအန္တရာယ် ဖြစ်စေခဲ့သော်လည်း ကာကွယ်ခုခံသူ မောင်ဖြူသည် ပြစ်မှု ကျူးလွန်ရာမရောက်။

မိမိကိုယ်တိုင်က မတရားစော်ကားသူ ဖြစ်လျှင်သော်လည်းကောင်း၊ ရန်စသူ ဖြစ်လျှင်သော်လည်းကောင်း ကာကွယ်ခုခံပိုင်ခွင့်မရှိပါ။

ကာကွယ်ခုခံပိုင်ခွင့်အရ ပြန်လှန်ပြုလုပ်မှုသည် လိုအပ်သည်ထက်ပို၍ ဘေးအန္တရာယ်ပြုခွင့်မရှိဟုသော် ကန့်သတ်ချက်မှာ ကာကွယ်ခုခံပိုင်ခွင့်ပေါ်ပေါက်သည့် အမှုအားလုံးလိုလိုမှာပင် အရေးပါသော ဥပဒေသဖြစ်ပါသည်။

ကာကွယ်ခုခံပိုင်ခွင့်သည် မိမိကိုယ်ရန်ပြုသူအား လတ်စားချေခြင်းမဟုတ်ဘဲ လတ်တလော ခြိမ်းခြောက်တိုက်ခိုက်နေသည့်အပေါ် လိုအပ်သလောက်သာ ပြန်လည်ကာကွယ်ခြင်းဖြစ်ပါသည်။